ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေပြီး ယခင်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်သူ ဂျူလီဘစ်ရှော့သည် အကျိုးစီးပွားပဋိပက္ခများ ရှိနေသည်ဟု စွပ်စွဲခံရသည့်အတွက် အကျဉ်းအကျပ်ထဲ ရောက်နေရသည်။

By Admin 27 Mar 2025

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့။ ဓာတ်ပုံ - X
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့။ ဓာတ်ပုံ - X

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေပြီး ယခင်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်သူ ဂျူလီဘစ်ရှော့သည် အကျိုးစီးပွားပဋိပက္ခများ ရှိနေသည်ဟု စွပ်စွဲခံရသည့်အတွက် အကျဉ်းအကျပ်ထဲ ရောက်နေရသည်။

စွပ်စွဲချက်များက သူမတာဝန်ယူထားသည့် မြန်မာပြည်အတွက် လူ့အခွင့်အရေး အကာအကွယ်ပေးရေး မစ်ရှင်၌ ယုံကြည်ထိုက်သူ အဆင့်ကိုလည်း လျော့ကျစေလျက်ရှိသည်။

ဤအရှုပ်တော်ပုံသည် ဘစ်ရှော့နှင့် သူမ၏ အကြံပေးကုမ္ပဏီ ဂျူလီဘစ်ရှော့နှင့် မိတ်ဘက်များ (Julie Bishop & Partners) တို့ကို ဗဟိုပြု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဤကုမ္ပဏီသည် သြစတြေးလျ စွမ်းအင်နှင့် တွင်းထွက်သတ္တုကုမ္ပဏီ (Energy Transition Minerals - ETM) အတွက် ဗျူဟာမြောက် အကြံဉာဏ်များ ပေးရန်၊ အရေးပါသူများ (Stakeholder)နှင့် အစိုးရရုံးဌာနဆိုင်ရာ ဆက်ဆံရေးများ ဆောင်ရွက်ပေးရန် မကြာသေးမီကမှ သဘောတူထားသည်။ ဂရင်းလန်းနှင့် အငြင်းပွားမှုတစ်ရပ်ကြောင့် ရပ်တန့်နေသည့် ယူရေနီယံ သတ္တုတူးဖော်ရေး စီမံကိန်းကြီးတစ်ခု အတွက် ETM ကို ကူညီဆောင်ရွက်ပေးရန် သဘောတူထားခြင်း ဖြစ်သည်။

ETM သည် အဆိုပါသဘောတူညီချက်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပထမဆုံးကြေညာခဲ့သည်။ သြစတြေးလျမှ The Saturday Paper သတင်းစာက ဘစ်ရှော့၏ ပါဝင်ပတ်သက်မှုကို မတ်လ ၈ ရက်နေ့တွင် ပထမဆုံး ဖော်ပြသည်။

နောက်နေ့တွင် Justice for Myanmar (J4M) အဖွဲ့က ETM နှင့် ဘစ်ရှော့အကြား ဆက်စပ်မှုကို တစ်စိတ်တစ်ပိုင်း ကိုယ်ကျိုးစီးပွား ပဋိပက္ခအဖြစ် ထောက်ပြဝေဖန်သည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ETM သည် တရုတ်ကုမ္ပဏီ Shenghe Resources နှင့် လက်တွဲဆောင်ရွက်နေသည့်အတွက် J4M က ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။

Shanghe Resources သည် ယူရေနီယံ တူးဖော်ရေးကို အကြီအကျယ် အားပေးဆောင်ရွက်နေကာ တရုတ်အစိုးရ၏ ဌာနအများအပြားနှင့်လည်း ဆက်စပ်နေသည်ဟု Saturday Paper သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ETM သည် Shenghe Resources နှင့် တရုတ်အစိုးရပိုင် China National Nuclear Corporation (CNNC) ကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်းပြီး တရုတ်သို့ တင်သွင်းသည့် မြေရှားသတ္တုများအတွက် သန့်စင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပူးပေါင်းရင်းနှီးမြှုပ်နှံထားသည်ဟု ၂၀၁၉ ခုနှစ် အစောပိုင်းက ကြေညာခဲ့ကြောင်း Saturday Paper ၏ အဆိုပါ သတင်း၌ပင် ဖော်ပြထားသည်။

ဘေဂျင်းသည် မြန်မာစစ်ကောင်စီကို လက်နက်များ ထောက်ပံ့နေပြီး မြန်မာပြည်တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ် ရှိထားသူ ဖြစ်သည်။ ဘစ်ရှော့၏ အကြံပေးကုမ္ပဏီ၏ အကျိုးစီးပွားဖြစ်သော တရုတ် သတ္တုတူးဖော်ရေး လုပ်ငန်းများလည်း မြန်မာပြည်တွင် ရှိနေသည် ဖြစ်ရာ ဘစ်ရှော့နှင့် တရုတ်စီးပွားရေးကုမ္ပဏီ အကြားမှ မည်သည့် ပတ်သက်မှုမျိုးမဆိုသည် အကျိုးစီးပွား ပဋိပက္ခ ဖြစ်ဖွယ်ရာ ရှိနေသည်။

ကုလသမဂ္ဂ၏ ကျင့်ဝတ်ဆိုင်ရာရုံးကလည်း အကျိုးစီးပွား ပဋိပက္ခကို ကာယကံရှင်၏ အကျိုးစီးပွားသည် ကုလသမဂ္ဂ၏ လုပ်ငန်းတာဝန် ထမ်းရွက်မှုများတွင် ပါဝင်ပတ်သက်မှု၊ စီစဉ်ညွှန်ကြားမှု၊ သို့မဟုတ် ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် မသက်ဆိုင်သည့် အစိုးရ လူပုဂ္ဂိုလ် ကုမ္ပဏီ တစ်ခုခုအတွက် ကိုယ်စားပြု ဆောင်ရွက်ချက်များတွင် ကြားဝင်ပတ်သက်မှုဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ဤဖွင့်ဆိုချက်အရ ဆိုလျှင် ဘစ်ရှော့၏ ကုလအထူးကိုယ်စားလှယ် ရာထူးနှင့် သူမ၏ ကုမ္ပဏီသည် ကိုယ်ကျိုးစီးပွား ပဋိပက္ခအဖြစ် တည်ရှိနေပြီဖြစ်သည်။

မျက်စိကြီးနားကြီးပုဂ္ဂိုလ်များသည် ခေါင်းစဉ်အမျိုးမျိုး အောက်တွင် ရှိနေပြီး ရှေ့နေများဖြင့် အကာအကွယ် အမြဲတမ်း ယူထားကြသည်ဖြစ်ရာ အကျိုးစီးပွားပဋိပက္ခနှင့် ပတ်သက်၍လည်း အမြင်များ အမျိုးမျိုး ကွဲပြားမှု ရှိနိုင်သည်။ ကုလသမဂ္ဂအနေဖြင့် ယခုဖြစ်ရပ်ကို ပွင့်လင်းမှုသာမှု ရှိရှိ စုံစမ်းစစ်ဆေးခြင်းက ပရော်ဖက်ရှင်နယ်ဆန်သည့် ခြေလှမ်းကောင်းတစ်ရပ် ဖြစ်ပါလိမ့်မည်။

ဘစ်ရှော့ဘက်က ချက်ချင်း နုတ်ထွက်လိုက်ခြင်းကလည်း ဂုဏ်သိက္ခာရှိသည့် လုပ်ရပ်တစ်ခု ဖြစ်ပါလိမ့်မည်။ ဘစ်ရှော့အနေဖြင့် အလွန်ပင် အကျိုးအမြတ်အတွက် လှုပ်ရှားဆောင်ရွက်နေခြင်း ဖြစ်ပါက မြန်မာ့အရေး အထူးကိုယ်စားလှယ် ဆိုသော ရာထူးအတွက် လတ်တလောတွင် မကိုက်ညီသေးဟု ဆိုရမည် ထင်သည်။

ဘစ်ရှော့အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်က သူ၏ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။ ဘစ်ရှော့ရှေ့တွင် အဆိုပါရာထူးကို တာဝန်ယူခဲ့သည့် နိုလင်းဟေဇာ အလုပ်ရပ်ဆိုင်းခံရပြီးနောက် ကိုးလကြာ ထိုနေရာ လစ်ဟင်းနေခဲ့ပြီးမှ ဘစ်ရှော့ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဘစ်ရှော့သည် သြစတြေးလျ အမျိုးသား တက္ကသိုလ် ANU တွင်လည်း အဓိပတိအဖြစ် တာဝန်ယူထားသည်ဖြစ်ရာ မြန်မာ့အရေး အထူးကိုယ်စားလှယ် ရာထူးသည် စကတည်းက ဘစ်ရှော့အတွက် အချိန်ပိုင်းအလုပ် တစ်ခုသာ ဖြစ်ခဲ့သည်။

ဘစ်ရှော့ကို ခန့်အပ်ချိန်၌လည်း အငြင်းပွားစရာ မရှိခဲ့သည်တော့ မဟုတ်ပေ။ သူမသည် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ကူညီထောက်ပံ့ရေးဆိုင်ရာ ကန်ထရိုက်တာ Palladium အတွက် ကန်ထရိုက်စာချုပ်များ အမြောက်အများ ပေးအပ်မှု၌ တစိတ်တပိုင်း ပါဝင်ဆက်နွယ်မှု ရှိခဲ့သူ ဖြစ်သည်။ ဝန်ကြီးရာထူး တာဝန်များကုန်ဆုံးပြီး လေးလသာကြာသည့် အချိန်၌ ဘစ်ရှော့သည် Palladium ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

Australian Financial Review သတင်းစာကလည်း ဘစ်ရှော့သည် ANU လုပ်ငန်းကန်ထရိုက်များကို Vinder Consulting ကုမ္ပဏီထံ ပေးခဲ့ရာတွင် သူမ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ရင်ဆိုင်နေရကြောင်း ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။ Vinder Consulting ကုမ္ပဏီသည် ဘစ်ရှော့၏ ယခင် ဝန်ထမ်းကြီးကြပ်ရေးမှူး ဖြစ်ခဲ့သလို Julie Bishop & Partners တွင်လည်း လုပ်ကိုင်နေသူ မူရေးဟန်ဆန်၏ ကုမ္ပဏီဖြစ်သည်။

ဘစ်ရှော့၏ ဇာတိမြို့ ပါ့သ်ရှိ တက္ကသိုလ်အဓိပတိ ရုံးကြီးကို သြစတြေးလျဒေါ်လာ ၈၀၀,၀၀၀ (ကန်ဒေါ်လာ ၅၀၃,၆၆၂) အကုန်ကျခံ ပြုပြင်ခဲ့သည်။ လစဉ်ငှားရမ်းခမှာ သြစတြေးလျဒေါ်လာ ၁၅,၀၀၀ ရှိသည်။ ဤရုံးတွင် ANU ဝန်ထမ်းနှစ်ဦးနှင့်အတူ Julie Bishop & Partners ဝန်ထမ်းများလည်း ရုံးထိုင်သည်။ ANU တက္ကသိုလ်ကြီးမှာ ကင်ဘာရာမြို့တွင်ဖြစ်ပြီး ဤရုံးခန်းနှင့် ကီလိုမီတာ ၃၀၀၀ ကွာဝေးသည်။

ကုလအထူးကိုယ်စားလှယ် ရာထူးနှင့် မအပ်စပ်သည်မှာ ဘစ်ရှော့၏ အရှုပ်တော်ပုံ သက်သက်မျှကြောင့်သာ မဟုတ်ပေ။ ဤအလုပ်သည် သူမ၏ အချိန်ပိုင်းအလုပ်များစွာထဲမှ တစ်ခုသာဖြစ်သည့်အတွက် တိုတောင်းသည့် လုပ်ငန်းချိန်ကြောင့် အလေးထားနိုင်မည့် အနေအထားတွင် မရှိသောကြောင့်လည်း ဖြစ်သည်။ သူမအနေဖြင့် ဂူတားရက်အလွန် ကုလအဖွဲ့အစည်းတွင်း၌ ရာထူးကောင်း တစ်နေရာရာ အတွက် ကြိုလှမ်းထားသည့်သဘောပင် ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

အချိန်ပိုင်းရာထူး ဆိုသော်လည်း ဘစ်ရှော့သည် အချိန်ဖြုန်းနေသည်တော့ မဟုတ်ပေ။ အရေးပါသည့် ဒေသတွင်း မြို့ကြီးများသို့ သွားရောက်ခဲ့သလို သက်ဆိုင်ရာ အင်အားစုများနှင့် အစည်းအဝေးများ ပြုလုပ်နိုင်ရေးအတွက်ပါ လပေါင်းများစွာ ဆက်သွယ်ဆောင်ရွက်ခဲ့သည်။ အဓိက အရေးပါသည်မှာ သူမ၏ လုပ်ဆောင်ချက်များ ထိရောက်သလား ဆိုသည့်အချက် ဖြစ်သည်။

ဤအချက်ကတော့ စစ်ကောင်စီ၏ တုံဏှိဘာဝေ အပြုအမူ၊ ကုလသမဂ္ဂနှင့် ကုလဘက်မှ အာဏာလွှဲအပ်ပေးထားသူများ အားလုံးကို နှစ်ပေါင်း ၃၀ ခန့် လှည့်ပတ်လာခဲ့သည့် လုပ်ရပ်များအရ အလွယ်တကူ မြင်သာမည် မဟုတ်ပေ။

ဘစ်ရှော့၏ အကျိုးစီးပွား ပဋိပက္ခများနှင့် ပတ်သက်၍ အရေးပါသည့် မေးခွန်းနှစ်ရပ် ထွက်ပေါ်လာသည်။ ပထမတစ်ခုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘာလို့ ထားနေသေးတာလဲ ဆိုသည့်အချက် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း အထူးကိုယ်စားလှယ်များ၏ အားထုတ်ကြိုးပမ်းမှုများမှာ ဟိုတစ်ကွက် သည်တစ်ကွက်သာ ဖြစ်ခဲ့သည်။

ဘစ်ရှော့သည် ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ခုနစ်ယောက်မြောက် ကိုယ်စားလှယ်ဖြစ်သည်။ မြန်မာ့အရေးအပေါ် နိုင်ငံတကာ၏ သံတမန် အားထုတ်မှုများကို အကြီးအကျယ် အယုံအကြည် မဲ့နေကြချိန်၌ ဘစ်ရှော့ပေါ်လာခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ကြီး၏ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည် မပေါ်ခြင်းသည် ရုပ်အဆိုးဆုံး ကျရှုံးမှုဖြစ်သည်။ အဆိုပါ ဘုံသဘောတူညီချက်နှင့် အာဆီယံ၏ ဦးဆောင်မှုကို တွန်းအားပေးနေကြသော လုပ်ရပ်များသည်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်လေသည်။

မြန်မာပြည်သူများ ဘဏ္ဍာရေး အကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်၌ ၎င်း၏ အလုပ်ရှင်ကဲ့သို့ ထပ်တူထပ်မျှ ထိရောက်မှုမရှိသည့် အထူးသံတမန်တစ်ဦး ခန့်အပ်ကာ ဒေါ်လာသန်းပေါင်းများစွာ အဘယ်ကြောင့် ဖြုန်းတီးနေဦးမည်နည်း။

ဒုတိယမေးခွန်းမှာ မြန်မာ့အကျပ်အတည်းတွင် ပြင်ပသံခင်းတမန်ခင်းနှင့် အဖြေထုတ်ခြင်း၏ အခန်းကဏ္ဍနှင့် ၎င်းတို့မှ မည်သည့် အောင်မြင်မှုမျိုး ပေါ်ထွက်လာနိုင်သနည်း ဆိုသောအချက် ဖြစ်သည်။

နိုင်ငံတွင်း၌ အကြမ်းဖက်မှုများ ပိုများလာနေသည်ကိုတော့ မြင်နိုင်သည်။ တော်လှန်ရေး မဟာမိတ်အဖွဲ့ အမျိုးမျိုး၊ တရုတ်လက်ခုပ်ထဲမှ EAO များနှင့် အနောက်တိုင်းမှ တိုက်လာမည့်လေပြေကို တမ်းတမ်းစွဲဖြစ်နေသည့် NUG တို့ကြားမှ ရှုပ်ထွေးသည့် စုဖွဲ့မှုများကိုလည်း မြင်ရသည်။

အနောက်တိုင်းမှ အလှူရှင်များ၏ ရန်ပုံငွေများဖြင့် တိုးတိုးတိတ်တိတ် ဆောင်ရွက်ခဲ့သည်များ၊ သံခင်းတမန်ခင်းများ၊ ပဋိပက္ခ ကြားဝင်စေ့စပ်ရေးများသည် အချိန်နှင့် ငွေကြေးကို သဲထဲရေသွန်း ဖြုန်းတီးခဲ့ခြင်းသာ ဖြစ်သည်ဟု စောဒက တက်ရမလိုရှိသည်။

ဘစ်ရှော့အရှုပ်တော်ပုံသည် မြန်မာ့အရပ်ဘက် အဖွဲ့အစည်း၊ NUG နှင့် EAO ခေါင်းဆောင်များ၊ အခြားသော တော်လှန်နေကြသည့် နိုင်ငံရေး အဖွဲ့အစည်းများကို ပြည်ပရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဦးဆောင်ဦးရွက်ပြုသည့် ကြားဝင်ဖျန်ဖြေမှုများကို အပြည့်အဝ စိစစ်ရေး တောင်းဆိုရန် တွန်းအားပေးလျက်ရှိသည်။

အဆိုပါ အဖွဲ့အစည်းပေါင်း ၂၉၀၊ J4M ၊ လွတ်လပ်သော မြန်မာ့မီဒီယာ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေကြသည့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် သူတို့ အမှန်တကယ် ဘာတွေ ရသနည်း၊ လိုအပ်နေသည့် မြန်မာပြည်သူလူထုကို ကူညီပံ့ပိုးနိုင်ရေးအတွက် ဘဏ္ဍာရေးအကူအညီများကို ဘယ်လိုမျိုး ပိုမိုကောင်းမွန်အောင် ညွှန်ကြား ဆောင်ရွက်ကြမည်နည်း ဆိုသည့် အဖြေများကို သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တောင်းဆိုသင့်သည်။

ဤတောင်းဆိုချက်သည်လည်း ဖြောင့်မတ်မှု ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၀-၂၀၂၀ နိုင်ငံရေး အကူးအပြောင်း ကာလအတွင်း လုပ်ငန်းလည်ပတ်ခဲ့သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLG ပါတီကို အကြံဉာဏ် ပေးခဲ့ကြသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထဲမှ အများအပြားသည် ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် NUG အတွက် ဗျူဟာမြောက် အကြံပေးသူများ၊ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကဲ့သို့ အနောက်လိုလားသည့် အဖွဲ့အစည်းများအတွက် အကြံပေးသူများ ဖြစ်နေကြသောကြောင့် ဖြစ်သည်။

မြန်မာပြည်သူလူထုအနေဖြင့် အရည်အချင်းမရှိ၊ မယုံကြည်ထိုက်သည့် လူမသိသူမသိ နိုင်ငံခြား 'ကျွမ်းကျင်သူများ' က ပြည်သူအမည်နာမကို အသုံးပြုပြီး မည်သို့သော အဖြေများ ရှာဖွေနေကြသနည်း ဆိုသည်ကို သိခွင့်ရှိသည်။

အလားတူ လူပုဂ္ဂိုလ်များဖြစ်သည့် မြန်မာပညာရှင်များ၊ အနောက်တိုင်း အကြံအစည်သမားများ၊ NUG ဦးဆောင်သူများနှင့်၊ အနောက်လိုလားသည့် EAO ခေါင်းဆောင်များ သို့မဟုတ် ၎င်းတို့၏ ရှေ့ထွက် လူပုဂ္ဂိုလ်များ လေးနှစ်တာ အားထုတ်ကြံစည်ခဲ့မှုများသည် တစုံတရာ အောင်မြင်မှု မပေါ်လာခဲ့ပေ။

ပြောရလျှင် နှစ်ခါပြန်လွှင့်နေသည့် ခပ်ညံ့ညံ့ရုပ်သံဇာတ်လမ်းတွဲကို မဖြစ်မနေ ထိုင်ကြည့်နေရသည်နှင့် တူသည်။ ခေါင်းဆောင်ပိုင်းက အလုပ်ရုံဆွေးနွေးပွဲများ မည်မျှပင် တက်တက် NUG ၏ သံခင်းတမန်ခင်းသည် ကျရှုံးနေသည်။

ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ လေ့လာရေးစင်တာ CPCS သည်လည်း ကမ္ဘောဒီယားတွင် အလုပ်ရုံဆွေးနွေးပွဲများ ပုန်းလျှိုးကွယ်လျှိုးလုပ်ပါ၏။ အဆိုပါ ဆွေးနွေးမှုများမှ အဓိပ္ပာယ်ရှိသော ရလဒ်များ ရှိသည်ဆိုလျှင်တော့ တော်တော်ကို လျှို့ဝှက်သည့် ရလဒ်များ ဖြစ်ပါလိမ့်မည်။

ဤလုပ်ရပ်များကို ညှာညှာတာတာ အဓိပ္ပာယ် ဖွင့်ဆိုရလျှင်တော့ အချိန်ကုန်ငွေဖြုန်းမှုဟုသာ ဆိုရမည်။ ထိုငွေများသည် ပဋိပက္ခဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် စာနာမှု အကူအညီများ အဖြစ် အရေးပေါ် ရောက်သွားရမည့် ငွေများ ဖြစ်သည်။

ဤအချက်များသည် သဘောထားအမြင် သက်သက်မျှ မဟုတ်တော့ပေ။ USAID ဖြတ်တောက်မှုများနှင့်အတူ တော်လှန်ရေး အစိတ်အပိုင်းများသည်လည်း ရုပ်ပြကောင်းသည့် အဖြေရှာရေး စကားဝိုင်းများ မကျင်းပနိုင်ကြတော့ပေ။

ဗြိတိသျှ ပညာရှင် မိုက်ကယ်မာရက် ခရော့စဘီ သို့မဟုတ် တက်ကြွလှုပ်ရှားသူ အီဂေါဗလာဇီဗစ် တို့ကဲ့သို့ NUG တွင် အလျှံအပယ် ရှိနေသည့် အကြံပေးများသည် စိတ်ရင်းကောင်းဖြင့် ရှိနေကြခြင်း ဖြစ်ပြီး ဘစ်ရှော့နှင့် ယှဉ်ထိုး ပြောဆိုရန် မသင့်ပါပေ။ သို့သော်လည်း မြန်မာ့တော်လှန်ရေး တိုးတက်မှုအပေါ် ထိုသူတို့၏ တကယ်တမ်း သက်ရောက်မှုမှာ ပိုပိုသာသာ တွက်ချက်လျှင်ပင် များများစားစား မရှိလှပေ။

၎င်းတို့အပါအဝင် ကန့်လန့်ကာနောက်ကွယ်မှ လုပ်ကိုင်နေကြသူ အများအပြားသည် လတ်တလော လိုအပ်နေသည့် အရှိန်အဟုန်နှင့် ပြန်လည်ပြုပြင်ရေးတို့အတွက် ခလုတ်ကန်သင်းများသာ ဖြစ်နေကြဟန် ရှိသည်။

မြန်မာ့အရေးကို နောက်ကွယ်မှ ဝင်ကစားနေသည့် နောက်ထပ် ကြိတ်ပုန်းအဖွဲ့များအနက် တစ်ခုဖြစ်သော ဖင်လန်နိုင်ငံမှ CMI (Martti Ahtisaari Peace Foundation) ကတော့ သူ့ဝဘ်ဆိုက်မှ ဆောင်ပုဒ်အတိုင်းပင် မကြာသေးမီ အချိန်အထိ 'သင့်စီးပွားရေးကို ငြိမ်းချမ်းပါစေ' လုပ်နိုင်ခဲ့သည်။

ဘစ်ရှော့သည်လည်း အခြားသူ အများအပြားနည်းတူပင် ဤသတင်းစကားကို ကောင်းကောင်း နားလည်ပြီးသား ဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေးကို လိုလားကြံဆသယောင် ဟန်ဆောင်ခြင်းသည် စီးပွားရေးအတွက် အကျိုးရှိနိုင်ပါ၏။ သို့သော်လည်း မြန်မာပြည်သူလူထုအတွက် အကျိုးမရှိသည်ကတော့ အသေအချာပင် ဖြစ်လေသည်။

ရာဗီချန်ဒရာကူးမား

David Scott Mathieson ၏ Julie Bishop and peace as conflicted business in Myanmar သဘောထားအမြင် ဆောင်းပါးကို ဆီလျော်အောင် ထုတ်နုတ် ဘာသာပြန်ဆိုပါသည်။