- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကောင်စီက ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိတော့သည့် စစ်တွေမြို့သို့ ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
12 Apr 2025

DMG ၊ ဧပြီ ၁၂
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကောင်စီက ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိတော့သည့် စစ်တွေမြို့သို့ ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပုသိမ်မြို့၊ ရွှေမြင်တင် အမှတ် (၆) အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းက အပတ်စဉ် (၉) ဆင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၇၀ ခန့်ကို ဧပြီ ၉ ရက်တွင် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" အပို့ခံရသူတွေက လူငယ်တွေ များတယ်။ စစ်တွေမြို့ ဘယ်တပ်ရင်းကို ပို့ဆောင်တယ်ဆိုတာတော့ မသိရသေးဘူး။ သူတို့က ရေကြောင်းကနေ တစ်ဆင့် ပို့လိုက်တာ" ဟု သူက ပြောသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ဆက်လက်၍ ပြည်သူ့စစ်သင်တန်းများပေးနေကာ ပြည်သူ့စစ်သင်တန်း အပတ်စဉ် (၁၂) အတွက် သင်တန်းသားများ ထပ်မံစုဆောင်းနေကြောင်း သိရသည်။
လက်ရှိ စစ်တွေမြို့နယ်တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
" စစ်တွေဖက်မှာတော့ ငလျင်ကတည်းက အာရက္ခတပ်တော်က အပစ်ရပ်စဲထားပြီး ထိုးစစ်တွေကို တန့်ထားတာ။ စစ်ကောင်စီဖက်ကတော့ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကို နေ့တိုင်းလိုလို လုပ်နေတယ်" စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် စစ်တွေမြို့ကို လအတော်ကြာ ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တိုက်ခိုက်ခဲ့သည်။
စစ်တွေတိုက်ပွဲမှာ အပြင်းအထန် မြေပြင်ထိုးစစ်ဆင်သည့် သဘောမဟုတ်ဘဲ နှစ်ဖက် ဒရုန်း၊ လက်နက်ကြီး တိုက်ပွဲဆင်နွှဲနေခြင်း ဖြစ်သည်။
စစ်တွေမကျရေး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်စစ်အင်အားအလုံးအရင်း ဖြည့်တင်းထားကာ မြို့နယ်အတွင်း မွတ်ဆလင်များနှင့် လူငယ်များကို ALP နှင့် ပူးပေါင်းပြီး စစ်သင်တန်းပေးနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။