- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
တပ်သား အင်အားဖြည့်နေသည့် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၀ ရောက်ရှိ
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေပြီး ယခု ဖေဖော်ဝါရီလတွင် အမှတ်စဉ် (၁၀) အထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
18 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေပြီး ယခု ဖေဖော်ဝါရီလတွင် အမှတ်စဉ် (၁၀) အထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်)၊ နံနက်ပိုင်းက စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၀) ကို ၎င်းတို့ ထိန်းချုပ်ထားသည့် တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် တပ်သားသစ်စုဆောင်းမှုများကို ဆက်တိုက်ပြုလုပ်နေမှုကြောင့် စစ်မှုထမ်းစာရင်းပါသူများမှာ စစ်သင်တန်းမတက်ရောက်လို၍ ငွေကြေးဖြင့် ဖြေရှင်းသူများလည်း ရှိနေသည်။
Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက “ရန်ကုန်မှာ နေ့တိုင်း အဖမ်းအဆီးရှိနေတယ်။ လူပြတ်တဲ့ အချိန် လမ်းမပေါ် လိုက်ဆွဲတာတွေ၊ ညဘက် လမ်းဘေးရှိနေသူတွေကို လိုက်ဆွဲတာ၊ ဧည့်စစ်ပြီး ဖမ်းခေါ် သွားတာတွေ အဲ့လို ပုံစံအမျိုးမျိုးနဲ့ လိုက်ဆွဲနေတယ်။ စစ်မှုထမ်းအတွက် ငွေညှစ်ပြီး ပြန်လွှတ်ပေးတာတွေ ရှိတယ်။ ၁ ရက် ၂ ရက်အတွင်း ငွေနဲ့ ချက်ချင်းမလိုက်လာနိုင်ရင် ဖမ်းထားတဲ့သူကို လူစုတဲ့နေရာဆီ တန်းပို့တယ်” ဟု ပြောသည်။
ယင်းအပြင် ငွေညှစ်ရာတွင်လည်း လူတစ်ယောက်လျှင် ငွေ ၁၀ သိန်းကျပ်မှ ၃၅ သိန်းကျပ်အထိ တောင်းခံနေ ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်းပြီးနောက် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေသဖြင့် ရန်ကုန်ကဲ့သို့ ပြည်မမြို့ကြီးများတွင် နေထိုင်သူများမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရပြီး ပြည်ပထွက်ခွာမှုများလည်း မြင့်တက်လာနေသည်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက “ လမ်းပေါ်မှာ နေ့ခင်းကြောင်တောင် ဆွဲတာတွေတောင် ရှိလာတယ်။ ညဘက်တွေဆို စိတ်ချလက်ချ မအိပ်ရဲတဲ့ အထိပဲ။ ရပ်ကွက်ထဲလည်း မနေရဲလို့ ပြည်ပထွက်ဖို့ လုပ်တဲ့လူတွေ များလာပြီ။ ဒါတောင် တရားဝင်ထွက်တဲ့လူဆို လေဆိပ်တွေမှာ ပြန်လွှတ်တာတွေ ရှိလာတယ်” ဟု ပြောသည်။
Rangoon Scout Network ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရန်ကုန်တွင် အရပ်သား ၄၇၅ ဦး အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီက မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ပဲခူးနှင့် မွန်ပြည်နယ်တို့မှ တက္ကသိုလ် ကျောင်းသား/သူများအား စစ်သင်တန်းပို့ချနေကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်း ဥပဒေအရ အမှတ်စဥ်တစ်ခုတွင် စစ်မှုထမ်းဦးရေ ၅,၀၀၀ စီကို သင်တန်းပေးနေကြောင်း ပြောဆိုထားသည်။