အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံ သဘောတူညီချက်များ ရရှိထားပြီဟု NUG ဖွင့်ဟ

အခြေခံသဘောတူညီချက်များထဲတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom- up Federalism Approach)ကို ရှေးရှုသည့် ပုံစံဖြင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားမည်ဟု NUG က ပြောဆိုထားသည်။ 

By Admin 20 Feb 2025

ပုံစာ - NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော် ဖေဖော်ဝါရီ ၁၈ ရက်တွင် အွန်လိုင်းမှတဆင့် မိန့်ခွန်းစကား ပြောနေစဉ်။ 
ပုံစာ - NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော် ဖေဖော်ဝါရီ ၁၈ ရက်တွင် အွန်လိုင်းမှတဆင့် မိန့်ခွန်းစကား ပြောနေစဉ်။ 

DMG ၊ ဖေဖော်ဝါရီ ၂၀ 

နွေဦးတော်လှန်ရေးအောင်မြင်မှုရရှိလာသည်နှင့်အမျှ အသွင်ကူးပြောင်းရေးကာလအတွက် ပြင်ဆင်မှုများကို တော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေသည်ဟု NUG က ပြောသည်။ 

ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ စကားပြောခြင်း (Press Briefing) အစီစဉ်တွင် NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ အခြေခံသဘောထား အယူ အဆများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံရမည့် သဘောထားတူညီမှုများ ရရှိထားပြီးဖြစ်ကြောင်း ဆိုသည်။ 

“ပြည်နယ်အားကောင်းရေးကို ရှေးရှုတဲ့ Bottom-up federalism approachနဲ့ တော်လှန်ရေးကာလ ကြားကာ လမှာ စတင်ပြီးတော့ အတူတကွတည်ဆောက်သွားနိုင်ရန် သဘောတူညီချက် ရရှိထားတဲ့အလျောက် အနာဂတ် ဖက် ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံ The Article of Federal Transitional Arrangement (AFTA) ကို ကျနော်တို့ ဆွေးနွေးရေးဆွဲနေကြပြီ” ဟု ဦးကျော်ဇော်က ပြောသည်။
  
ထိုသို့ အခြေခံသဘောတူညီချက်များထဲတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom- up Federalism Approach)ကို ရှေးရှုသည့် ပုံစံဖြင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားမည်ဟု NUG က ပြောဆိုထားသည်။ 

NUG အနေဖြင့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံကို ရေးဆွဲရာတွင်လည်း ဗဟိုချုပ်ကိုင်မှုကိုလျော့ချကာ ပြည်နယ်များကို လုပ်ပိုင်ခွင့်အခွင့်အရေးများ ရက်ရောစွာပေးရန် လိုအပ်သည်ဟု နိုင်ငံရေးသမားများက ပြောသည်။ 

“တိုင်းရင်းသားတွေကို ဒုတိယ နိုင်ငံသားပုံစံမျိုးနဲ့ပေးထားတဲ့ အခွင့်အရေးမျိုးတွေကို ကျနော်တို့က လုံးဝစွန့် လွှတ်ပြီးတော့ တကယ့် နိုင်ငံသားအားလုံး တန်းတူအခွင့်အရေး ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်နိုင်ခွင့်၊ စီမံနိုင်ခွင့်၊ ကိုယ့်ဒေသရဲ့ အကျိုးအမြတ် အခွန်အခတွေပေါ်မှာ ခံစားနိုင်ခွင့်တွေကို ပြတ်ပြတ်သားသားပေး၊ ရက်ရက်ရောရော ပေးဖို့ အချိန်တန်ပြီ။ အဲဒီလိုဖွဲ့စည်းပုံကို ရေးဆွဲပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အကုန်လုံးညှိ နှိုင်းမယ်ဆိုရင်တော့ အကောင်းဆုံးဖက်ဒရယ်စနစ်တစ်ခုရလာလိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။  

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး အခြေခံ ချဉ်းကပ်မှုဖြင့်သာ တိုင်းပြည် ပြန် လည်တည် ဆောက်သွားရန်လိုလားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင် အမျိုးသား အစည်း အရုံး (KNU)၊ချင်းအမျိုးသားတပ်ဦး (CNF)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၉) ခုက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ 

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည်ဖော်ရန် ကြိုး ပမ်းနေမှုမှာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချလို၍ တိုင်းရင်းသားများကို အသုံးချနေခြင်းမဖြစ်ရန် လိုအပ်ကြောင်းလည်း နိုင်ငံရေးသမားများက ထပ်လောင်းပြောဆိုနေကြသည်။

သို့သော်လည်း လက်ရှိတွင် NUG အနေဖြင့် စစ်ကိုနိုင်အောင်တိုက်ပြီး နယ်မြေစိုးမိုးမှု ယခုထက်ပိုပို အားကောင်းရန် လိုအပ်နေသေးကြောင်း ထောက်ပြသူများက ရှိနေသည်။

 “NUG မှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားဖို့ လုပ်နေတဲ့ အပေါ် သူစွမ်း ဆောင်နိုင်မယ်လို့ ကျနော်ကတော့ အယုံအကြည်မရှိဘူး။ အရင်ဆုံးစစ်ကို အနိုင်တိုက်ဖို့ပဲ ပြောချင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။ 

အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု အခြေခံ သဘောတူညီချက်များတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးတွင် စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် အချက်များပါဝင်သည်။

ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီ နည်းကျကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန်စသည့် နိုင်ငံရေး ဦးတည်ချက် (၆) ခု ပါဝင်ကြောင်း သိရသည်။