- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများမှာ တစ်နေ့တာ စားသောက်ရေးအတွက် လုံးပန်းမနိုင်တော့သဖြင့် နောက်ဆုံးတွင် လမ်းပေါ်ထွက်တောင်းရမ်းစားသောက်မှု များပြားလာနေသည်။
27 Mar 2025

DMG ၊ မတ် ၂၇
ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများမှာ တစ်နေ့တာ စားသောက်ရေးအတွက် လုံးပန်းမနိုင်တော့သဖြင့် နောက်ဆုံးတွင် လမ်းပေါ်ထွက်တောင်းရမ်းစားသောက်မှု များပြားလာနေသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင်နေထိုင်ကြသည့် စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ စစ်ဘေးရှောင်များထဲမှ တောင်းရမ်းစားသောက်ကာ ဝမ်းရေးဖြေရှင်းနေသူများကြောင်း သိရသည်။
ကြံခင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်မြင့်နိုင်က "တောင်းရမ်းစားသောက်သူတွေ အခုပိုများလာတယ်။ အဓိကတော့ အိမ်ထောင်ဦးစီး မရှိတဲ့ အမျိုးသမီးတွေ၊ မလုပ်စားနိုင်တဲ့သူတွေဆိုရင် မိသားစု တစ်ခုလုံးထွက်ပြီး တောင်းရမ်းစားသောက်နေကြတာတွေ ရှိတယ်။ တစ်ပတ်မှာ နှစ်ကြိမ်လောက် သွားပြီး တောင်းရမ်းစားသောက်ကြတာတွေ ရှိတယ်" ဟု ပြောသည်။
တောင်းရမ်းစားသောက်သူ စစ်ဘေးရှောင်အများစုမှာ မသန်စွမ်းသူများနှင့် အသက် ၁၀ နှစ်အောက်မှ အသက် ၇၀ ကြား တွေ့ရပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်အထိ လှည့်လှည်သွားရောက် တောင်းရမ်းနေကြသည်။
ထိုစခန်းမှ စစ်ဘေးရှောင်များမှာ ထင်းခုတ်သည့် အလုပ်ဖြင့် စားဝတ်နေရေးဖြေရှင်းခဲ့ကြသော်လည်း ရာသီဥတုပူ ပြင်းမှုဒဏ်နှင့် ထင်းရှားပါးလာခြင်းကြောင့် ရပ်တည်ရခက်ခဲလာကာ အခြားအလုပ်အကိုင်များလည်း မရှိတော့သဖြင့် ယခုကဲ့သို့ တောင်းရမ်းစားသောက်နေရခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောကြသည်။
"နေပူတော့ တောင်ကျော်ပြီး မသွားနိုင်ကြတော့ဘူး။ အရင် ထင်းသုံးစည်းရရင် အခုဆိုရင် တစ်စည်းပဲ ခုတ်နိုင်တယ်။ ထမင်းတစ်နှပ်စားဖို့က ပိုက်ဆံ ၃၀,၀၀၀ လောက်ကုန်တာ။ ထင်းခုတ်လို့ရတာက ပိုက်ဆံ ၆,၀၀၀ ပဲရတော့ စားဖို့သောက်ဖို့က ဘယ်လိုမှ အဆင်မပြေတော့ အလှူခံပြီးစားကြရတာ" ဟု ပုဏ္ဏားကျွန်း မြို့နယ်မှ စစ်ဘေးရှောင် ဒေါ်ဦးတင်ယဉ်က ပြောသည်။
စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့ရရှိမှု နည်းပါးသည့်အထဲ အလုပ်အကိုင်အခွင့်အလမ်းများလည်း မရှိသဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးစသည့် လူမှုဘဝရပ်တည်ရေးမှာ အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရသည်။
လက်ရှိကာလတွင် သာမာန်ပြည်သူများပင် တစ်နေ့တာ မိသားစုစားသောက်ရေးအတွက် လုံးပန်းမနိုင် ဖြစ်နေချိန်တွင် စစ်ဘေးရှောင်များအတွက် ပို၍ အကျပ်အတည်းဒဏ်ကို အလူးအလဲခံစားနေကြရသည်။
"ကားလမ်းမတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် တောင်းရမ်းစားသောက်နေကြတဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အများကြီး တွေ့ရတယ်။ မြို့ပေါ်ရပ်ကွက်တွေ၊ ဈေးတွေမှာလည်း အများကြီး တွေ့ရတယ်။ ဒီကာလမှာ စစ်ဘေးရှောင်တွေက အားလုံးထက် ပိုပြီးအခက်အခဲတွေ ကြုံနေကြရတာ" ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စားဝတ်နေရေးကျပ်တည်းမှုတို့ကြောင့် တောင်းရမ်းစားသောက်ရခြင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များ တစ်ခုတည်းမဟုတ်ပေ။ ရခိုင်က အခြားမြို့နယ်တို့တွင်လည်း စစ်ဘေးရှောင်များမှာ ထိုသို့ ရုန်းကန်လှုပ်ရှားနေကြရသည်။
သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များမှာလည်း စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်နေကြရပြီး ဝမ်းရေးပြေလည်ရေး တောင်းရမ်းစားသောက်သူ များပြားလျက်ရှိသည်။
"သံတွဲမှာ လက်ဖက်ရည်ဆိုင်တွေမှာ တစ်ယောက်ပြီးတစ်ယောက် လာလာပြီး အလှူခံကြတာ။ အလုပ်အကိုင်က လည်းမရှိ၊ ကုန်ဈေးနှုန်းကလည်း တက်တော့ စားသောက်ရေးက ပိုဆိုးတယ်။ ကိုယ့်မှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေ ထုတ်ရောင်းစားသောက်ကြတယ်။ အဲဒါတွေကုန်တော့ အလှူခံစားသောက်ကြတာပေါ့။ မဟုတ်ရင် ငတ်သေမှာ" ဟု သံတွဲမြို့အခြေအနေသိရှိသူ ကုန်သည်တစ်ဦးက ပြောသည်။
တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်ခရီးပိတ်ဆို့ခဲ့သဖြင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ကုန်ပစ္စည်းပြတ်လပ်မှုနှင့်အတူ ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ဒေသခံများ ရင်ဆိုင်နေကြရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။
ဒေသအတွင်း စစ်ရေးပဋိပက္ခကြောင့် ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၇ သိန်းကျော်အထိရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခက်အခဲများကို ခါးစည်းခံစားနေကြရကာ အကူအညီလိုအပ် ချက်မြင့်မားနေဆဲ ဖြစ်သည်။