မောင်တောတွင် ကလေးငယ်အများစု အာဟာရချို့တဲ့မှု ကြုံနေရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ အသက် ၅ နှစ်အောက် လေးငယ်အများစုမှာ မိသားစု စားဝတ်နေရေး အဆင်မပြေမှုများကြောင့် အာဟာရချို့တဲ့မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

By Admin 17 Mar 2025

ပုံစာ - မောင်တောစစ်ဘေးရှောင်စခန်း တစ်နေရာကို ၂၀၂၄ အေက်တိုဘာလက တွေ့ရစဉ်။
ပုံစာ - မောင်တောစစ်ဘေးရှောင်စခန်း တစ်နေရာကို ၂၀၂၄ အေက်တိုဘာလက တွေ့ရစဉ်။

DMG ၊ မတ် ၁၇

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ အသက် ၅ နှစ်အောက် လေးငယ်အများစုမှာ မိသားစု စားဝတ်နေရေး အဆင်မပြေမှုများကြောင့် အာဟာရချို့တဲ့မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းများနှင့် မွတ်ဆလင်ကျေးရွာများတွင် ကလေး ၃ ဦးမှ ၁ ဦးသည် အာဟာရချို့တဲ့မှု လက္ခာကို တွေ့ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေးကူညီ ဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“စားဝတ်နေရေး အဆင်မပြေမှုတွေရှိနေလို့ ကလေးငယ်တွေက ခန္ဓာတွေ ပိန်လာတာ ဗိုက်တွေ ပူလာတာတွေကို တွေ့ရတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ အကူအညီရရှိမှုနည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေမှုတို့ကြောင့် စားဝတ်နေရေး အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသည်။

ထိုသို့အကျပ်အတည်းများကြောင့် ထမင်း၊ အသား၊ ငါးများကို ဝဝလင်လင် မစားသုံးနိုင်သည့်အပြင် အာဟာရပြည့်ဝသည့် အခြားသော မုန့်ပဲသရေစာများကိုလည်း မကျွေးနိုင်၍ စစ်ရှောင်ကလေးငယ်များမှာ အာဟာရချို့တဲ့ လာကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များကပြောသည်။

“အခုကလေးငယ်တွေမှာ အရေးပြား ရောဂါတွေလည်း ဖြစ်နေတယ်။ အရေပြားယားယံတဲ့ ဝေဒနာတွေကြောင့် အစာကောင်းကောင်း မစားကြဘူး။ တစ်ဖက်မှာလည်း အာဟာရချို့တဲ့နေကြတယ်။ မိဘတွေ အနေနဲ့လည်း ဘာမှလုပ်ပေးနိုင်တာ မရှိဘူး” ဟု မောင်တောဒေသခံ တစ်ဦးကပြောသည်။

အာဟာရချို့တဲ့ခြင်း အဓိက အကြောင်းအရင်းမှာ အစားသောက်ကောင်းကောင်း မစားရခြင်းဖြစ်ပြီး စားသည့်အစာမှ အာဟာရလုံလောက်မှုမရလျှင် ဖြစ်တတ်ကြောင်း သိရသည်။ 

ထိုသို့ဖြစ်လာပါက အဆီများဆုံးရှုံးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ သွေးဖြူဥများဆုံးရှုံးပြီး ကိုယ်ခံအား အားနည်းလာခြင်းစသည့် လက္ခာများပြတက်ကြောင်း ဆေးဝါးကျွမ်းကျင်သူများက ပြောဆိုကြသည်။

မောင်တောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ အရေပြားရောဂါဝေဒနာများကို ခံစားနေရပြီး ဆေးဝါးစရိတ် မြင့်မားမှုများကြောင်း ဆေးကုသရန် အခက်အခဲရှိနေကြောင်း သိရသည်။

“ဒီဖက်မှာ ပါရာတစ်ကတ်ကို ငွေနှစ်ထောင်ကနေ လေးထောင်အထိရှိတယ်။ ဆေးဝါးအကူအညီတွေ စားဝတ်နေရေး အကူအညီတွေလိုအပ်နေပါတယ်” ဟု မောင်တောမြို့နယ်ရှိ စစ်ဘေးရှောင်အရေး ကူညီစောင့်ရှောက်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်တောမြိူ့နယ်သည် လတ်တလောတွင် မိုင်းရှင်းလင်းရေးနှင့် နေရပ်စွန့်သူများ ပြန်လည်နေရာချထားရေးကို လုပ်နေသည့် ကာလဖြစ်သည်။ ထို့အတူ နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း  ကူညီပေးမှုများနည်းပါးသဖြင့် ဒေသခံများမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းနေကြကြောင်း သိရသည်။

တစ်ဖက်တွင်လည်း အာဟာရချို့တဲ့မှု ဒဏ်ကို ကလေးငယ်များအပြင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီး ရွယ်အိုများလည်း ခံစားနေကြရပြီး အာဟာရချို့တဲ့မှုကြောင့် သက်ကြီးရွယ်အို စစ်ဘေးရှောင်အချို့မှာ အသက်သေဆုံးမှုအထိ ရှိလာနေသည်။

ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာဥပဒေတွင် ကောင်းမွန်သော ပတ်ဝန်းကျင်၊ ပျော်ရွင်စရာ ကောင်းသော နေရာ၊ အစာအာဟာရပြည့်ဝမှု၊ လွတ်လပ်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာဖြင့် နေထိုင်ရမည်ဟုပါရှိသော်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများမှ ကလေးငယ်များမှာ အဆိုပါအခွင့်အရေး များကို ဆုံးရှုံးနေကြရသည်။