- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
ဘင်္ဂလားဒေ့ရှ် - ရခိုင် ဆက်ဆံရေး မူဝါဒနှင့် အကျိုးအမြတ်
လတ်တလောတွင် အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စေလိုပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအကြား ရခိုင်နှင့်ပတ်သက်ပြီး တိကျသည့်မူဝါဒ မမြင်ရသေးပေ။ ထို့အတူ အာဏာပိုင်အချင်းချင်းကြား ဝိဝါဒကွဲလွဲနေမှုများကလည်း စိတ်ဝင်စားဖွယ်ရှိနေသည်။
09 Mar 2025

အောင်သူရ ရေးသည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ဆက်စပ်နေသည့် မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ကို သိမ်းပိုက်လိုက်ပြီးနောက် အာရက္ခတပ်တော်သည် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အလုံးစုံရရှိထားပြီး အုပ်ချုပ်ရေး၊ နယ်စပ်လုံခြုံရေးများ လုပ်နေသည်။
ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၆၈ မိုင်( ၂၇၁ ကီလိုမီတာ) ထိစပ်နေပြီး ပြည်နှစ်ပြည်အကြား နယ်စပ်အရေး၊ ဒုက္ခသည်အရေး၊ လုံခြုံရေး၊ စီးပွားရေးအရ အရေးပါသည့် ဒေသဖြစ်ကြသည်။
လတ်တလောတွင် အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စေလိုပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအကြား ရခိုင်နှင့်ပတ်သက်ပြီး တိကျသည့်မူဝါဒ မမြင်ရသေးပေ။ ထို့အတူ အာဏာပိုင်အချင်းချင်းကြား ဝိဝါဒကွဲလွဲနေမှုများကလည်း စိတ်ဝင်စားဖွယ်ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်၏ ရခိုင်ပြည်ဆက်ဆံရေး မူဝါဒကဘာလဲ
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ နိုင်ငံခြားရေးရာအကြံပေး မစ္စတာ တိုဟစ်ဟူစိန်သည် မွတ်ဆလင်ဒုက္ခသည် အရေးကို ဖြေရှင်းနိုင်ရန် အာရက္ခတပ်တော်နှင့် ထိတွေ့ဆက်ဆံရမည်ဟု ၂၀၂၄ စက်တင်ဘာ ၂ ရက်တွင် စတင်ပြောကြားခဲ့သည်။
သို့သော်လည်း ဒီဇင်ဘာ ၂၂ ရက် ထိုင်းနိုင်ငံတွင် ကျင်းပသည့် အိမ်နီးချင်း ၆ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေဆုံပွဲအပြီး မစ္စတာ တိုဟစ်ဟူစိန်က ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရခိုင်ပြည်နှင့် ဆက်ဆံရေးအပေါ် အာရက္ခတပ်တော်သည် အစိုးရမဟုတ်သည့်အဖွဲ့အစည်း( Non State Actor) ဖြစ်သဖြင့် ထိတွေ့ဆက်ဆံမည် မဟုတ်ကြောင်း ပြောဆိုသည်။
ဤသည်ကို ကြည့်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရတွင် အာရက္ခဒေသနှင့် ဆက်ဆံရေးတိကျသည့် မူဝါဒမရှိသည်ကို ပေါ်လွင်စေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအနေဖြင့် နှစ်နိုင်ငံနယ်စပ်ရှိ ကိစ္စအဝဝကို စစ်ကောင်စီနှင့် ဖြေရှင်းလိုပြီး ထို့သို့ဆောင်ရွက်နိုင်ရန် စစ်ကောင်စီက အဖြေရှာရမည်ဟု ဆိုသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်က နယ်စပ်ပြဿနာကိုဖြေရှင်းရန် စစ်ကောင်စီက အဖြေရှာရမည်ဟု ပြောလိုက်ခြင်းက ရခိုင်နယ်စပ်တွင် စစ်ကောင်စီအား၏ အခွင့်အာဏာဆုံးရှုံးနေမှုအား တရားဝင် ဝန်ခံခိုင်းစေခြင်းသဘောလည်း ဆောင်နေသည်။
ယင်းမှတစ်ခါ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြံပေး အငြိမ်းစားဗိုလ်ချုပ်ကြီး ဂျာဟန်ဂါ အာလမ်ချောင်ဒရီက ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အာရက္ခတပ်တော်နှင့် ဆက်သွယ်ဆောင်ရွက်မှုရှိနေကြောင်း ထပ်မံပြောလာသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအေဂျင်စီများနှင့် အာရက္ခတပ်တော်တို့အကြား ပြီးခဲ့သည့် ၂၀၁၄ ကတည်းက ဆက်သွယ်မှုများရှိကြသည်။ နိုင်ငံရေးအားဖြင့် ဆက်ဆံခြင်းမရှိသေးဘဲ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာရေးဌာန (BIPSS)မှ စီစဉ်သည့် "ရခိုင်-မောင်တော ကျဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း ဂယက်ရိုက်ခတ်မှု-မူဝါဒ ဆိုင်ရာဆွေးနွေးပွဲ"တွင် BIPSS ၏ ဥက္ကဌဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် A N M Muniruzzaman၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးဟောင်းဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် Md Shahidul Haque နှင့် East-West University မှ လက်ထောက်ပါမောက္ခ Parvez Karim Abbasi တို့က ဘင်္ဂလားဒေ့ရှ်သည် အာရက္ခတပ်တော်နှင့် မဖြစ်မနေဆက်ဆံသင့်ကြောင်း တိုက်တွန်းခဲ့သည်။
အထက်ပါအကြောင်းအရာများကို လေ့လာကြည့်လျင် ဘင်္ဂလားဒေ့ရှ်၏ ရခိုင်နှင့် ဆက်ဆံရေးမှာ ယနေ့အထိ ဝိဝါဒအကွဲအပြဲများနှင့် ရှိနေဆဲကို မြင်ရနိုင်သည်။
နယ်စပ်အရေးနှင့် ဘင်္ဂလားဒေ့ရှ် ရင်ဆိုင်ရမည့် ပြဿနာများ
ထိုသို့ အာရက္ခတပ်တော်နှင့် ရခိုင်ပြည်အပေါ် တိကျခိုင်မာသည့် မူဝါဒတစ်ခုမရှိခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အကျပ်အတည်းများကို ကြုံရနိုင်ဖွယ်လည်း ရှိနိုင်မည်။
နယ်စပ်ဒေသတွင် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးတင်သွင်းမှု၊ တရားမဝင်လူဝင်မှု စသည့် ပြဿနာများကို ဘင်္ဂလားဒေ့ရှ်အစိုးရ ရင်ဆိုင်နေရကြောင်း မစ္စတာတိုဟစ်ဟူစိန်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောသည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ်သည် မွတ်ဆလင်ဒုက္ခသည် သန်းနှင့်ချီကို လက်ခံထားရပြီး စခန်းအတွင်းမှာ လူကုန်ကူးမှု၊ မူးယစ်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့် ပြဿနာပေါင်းစုံကို ရင်ဆိုင်နေကြရသည်။
သန်းနှင့်ချီသည့် ဒုက္ခသည်စခန်းကြီးတွင် အလုပ်အကိုင်ရှားပါးမှုများကြောင့် စခန်းတွင်းက လူငယ်များနှင့် အမျိုးသမီးများကို မလေးရှားနိုင်ငံအပါဝင် တစ်ခြားနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရမည်ဟု မက်လုံးပေးပြီး လူကုန်ကူးခြင်းတို့ ဆက်တိုက်ဖြစ်နေသည်။
ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်လှုပ်ရှားနေကြသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည့် မူးယစ်ဆေးဝါး ရောင်းချခြင်းကို အခြေခံပြီး ရန်ပုံငွေရှာဖွေနေကြသည်။ ထို့အတူ စခန်းတွင်း မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုများမှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေသည်။
တစ်ဆက်တည်းတွင် ဒုက္ခသည်စခန်းအတွင်း ပြန်ပေးဆွဲမှု၊ ဆပ်ကြေးကောက်မှုတို့မှာလည်း တစ်နေ့ထက်တစ်နေ့ ကြီးထွားလာနေပြီး ထိုပြဿနာများကို ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ကြီးမားသည့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
မွတ်ဆလင်လက်နက်ကိုင်များကို အခြေစိုက်ခွင့်ပြုခြင်း
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ မြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည့် မွတ်ဆလင်လက်နက်ကိုင်များ၏ အဓိကဌာနချုပ် အခြေစိုက်ရာနှင့် လူသစ်စုဆောင်းသည့် နေရာသည် ဘင်္ဂလားဒေရှ်နိုင်ငံဖြစ်သည်။
မွတ်ဆလင်လက်နက်ကိုင် RSO၊ ARSA၊ ARA အဖွဲ့များသည် နတ်မြစ်နှင့် နယ်စပ်ကိုအမှီသဟဲပြုပြီး နယ်စပ်ဒေသမှာ အခြေစိုက်လှုပ်ရှားကြသည်။ ထို့အတူ လိုအပ်သည့် တပ်သားသစ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများက ရရှိနေသည်။
ယင်းအချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက သိထားသော်လည်း လက်ပိုက်ကြည့်နေဟန်ရှိသည်။ RSO၊ ARSA၊ ARA တို့ကို ဒုက္ခသည်စခန်းများတွင် စည်းရုံးရေးဆင်းခွင့်ပေးခြင်း၊ လှုပ်ရှားခွင့်ပေးခြင်း၊ လူသစ်စုခွင့်များကို ပေးထားခြင်း၊ လေ့ကျင့်သင်ကြားခွင့် ပေးခြင်းဖြစ်သည်။
ထို့သို့ မွတ်ဆလင်လက်နက်ကိုင်အုပ်စုများကို နောက်ကွယ်က ကူညီပေးနေခြင်းများကိုကြည့်ခြင်းဖြင့် ရခိုင်ပြည်အတွင်း တည်ငြိမ်မှုထက် နယ်စပ်ဒေသ မတည်ငြိမ်မှုကို ဘင်္ဂလားဒေ့ရှ်က လိုလားဟန်တူသည်။
မောင်တောနှင့် ဘူးသီးတောင်မှာ စစ်ကောင်စီနှင့်အတူ စစ်ရေးရှုံးနိမ့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် RSO၊ ARSA၊ ARA အုပ်စုများ ဒုက္ခသည်စခန်းများကို စိတ်ကြိုက်ခြယ်လှယ် ခြိမ်းခြောက်ခွင့်ရနေသည်။

အာရက္ခတပ်တော်ကို ပြန်လည်တိုက်ခိုက်ရန် ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းများတွင် ၂၀၂၄ ဒီဇင်ဘာလက ARSA၊ RSO ARA နှင့် အစ္စလာမစ်တပ်ဦး(Islami Mahaz)တို့ ပူးပေါင်းပြီး ညီနောင်မဟာမိတ် ၄ ဖွဲ့ (သို့) မွတ်ဆလင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြသည်။
ထိုမွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကို ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး (BDFI)နှင့် ပါကစ္စတန် ထောက်လှမ်းရေး(ISI)တို့က အဓိက ထောက်ပံ့ပေးထားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး အေဂျင်စီ (DGFI)နှင့် မွတ်ဆလင် လက်နက်ကိုင်များအကြား ဆက်သွယ်မှုများရှိနေပြီး စစ်သင်တန်းပေးခြင်း၊ နည်းပညာကူပေးခြင်းများသည် ရခိုင်ဒေသရှိ အာရက္ခတပ်တော် အုပ်ချုပ်မှုယန္တရားကို ကြီးမားစွာစိန်ခေါ်မှုရှိနေသည်။ ထို့အချက်များသည် AA အတွက် နယ်စပ်လုံခြုံမှုကို များစွာသတိထားရမည့် အခြေအနေတစ်ခုလည်းဖြစ်သည်။
သန်းနှင့်ချီသည့် ဒုက္ခသည်အရေး
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောမြို့နယ်တို့က ထွက်ပြေးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသူ ဒုက္ခသည်လူဦးရေ ၁ ဒဿမ ၂ သန်းအထိရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စာရင်းများတွင်ဖော်ပြသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ် ဘူးသီးတောင်နှင့် မောင်တောတိုက်ပွဲများကြောင့်လည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် မွတ်ဆင်လင်လူဦးရေ သုံးသောင်းကျော်အထိ ရှိနေသည်။
ထိုဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် NLD အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိခဲ့ကြပေ။ ယင်းနောက် ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းမှုကြောင့် နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်မှာ ထပ်ဆင့်ရပ်တန့်ခဲ့ရသည်။
ဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအကြား ဆွေးနွေးမှုများ ရှိခဲ့သော်လည်း တိုးတက်ခဲ့ခြင်းမရှိခဲ့ပေ။ ယနေ့အခါ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်အကြား နယ်စပ်ဒေသ၏ အုပ်ချုပ်သူအသစ်မှာ အာရက္ခတပ်တော် ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဒုက္ခသည်များ နေရပ်ပြန်ပို့နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် အာရက္ခတပ်တော်၏ ခွင့်ပြုချက်၊ သဘောတူညီချက် မရှိဘဲ ပြန်ပို့နိုင်ဖို့ ခက်ခဲလိမ့်မည်။ ထိုအချက်ကို ဘင်္ဂလားဒေ့ရှ်က သိရှိနားလည်ထားသော်လည်း အကြောင်းအမျိုးမျိုးဖြင့် တွန့်ဆုတ်နေဟန်တူသည်။

စီးပွားရေး ဆက်နွယ်မှု
လူဦးရေသန်းပေါင်း ၁၆၃ သန်းကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားစွာရှိသည်။ အဓိကစားနပ်ရိက္ခာများဖြစ်သော ဆန်၊ ငါး၊ ကြက်သွန်၊ ပဲ၊ ဂျင်းအပါအဝင် စားသောက်ကုန်အများအပြားကို မြန်မာ နိုင်ငံမှ တင်းသွင်းပြီး သွပ်၊ ဓာတုပစ္စည်းများနှင့် ပလက်စတစ်ထုတ်ကုန်များကို ဘင်္ဂလားဒေ့ရှ်က တင်သွင်းခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်နယ်စပ်ကုန်သွယ်ရေးတွင် စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်စခန်းနှင့် မောင်တော ကညင်းချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများကနေ ဘင်္ဂလားဒေ့ရှ် တက္ကနဖ်ဆိပ်ကမ်းနှင့် တိုက်ရိုက်ကုန်သွယ် ကြခြင်းဖြစ်သည်။
ရခိုင်ပြည်တွင် အာရက္ခတပ်တော်က ပြည်သိမ်းတိုက်ပွဲ ဆင်နွဲပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ခဲ့သည့်အတွက် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှာလည်း ရပ်တန့်ခဲ့ရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ရခိုင်ကို ကုန်သွယ်မှုပိတ်ပြီးနောက်ပိုင်းတွင် ရခိုင်ပြည်အတွက် လိုအပ်သည့် စားသောက်ကုန်တို့ကို ဘင်္ဂလားဒေ့ရှ်ကနေ တင်သွင်းမှုပြုလုပ်လာကြသည်။ သို့သော်လည်း ထိုကုန်သွယ်မှုများမှာ တရားဝင်ကုန်သွယ်မှုများ မဟုတ်ကြဘဲ နှစ်ဖက်အစိုးရများအတွက် အခွန်ငွေရရှိမှု မရှိကြပေ။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တွင် အာဏာပိုင်ဖြစ်လာသည့် အာရက္ခတပ်တော်သည် ရခိုင်ကုန်သည်ကြီးများ အသင်းကိုဖွဲ့စည်းပြီး ဘင်္ဂလားဒေ့ရှ်နှင့် တရားဝင်ကုန်သွယ်မှုပြုလုပ်နိုင်ဖို့ကို ကြိုးစားလာနေသည်။
၂၀၂၄ ဒီဇင်ဘာလ ၁၉ ရက်က မောင်တော ကညင်ချောင်းကုန်သွယ်ရေးစခန်းမှ AA ၏အခွန်ပြေစာဖြင့် ဆန်တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ်အစိုးရဖက်က ပယ်ချမှုရှိခဲ့သော်လည်း ဇန်နဝါရီ ၁၂ ရက်က မောင်တောမြို့က ပို့ဆောင်ခဲ့သည့် ပဲအိတ်များကို ကုန်ချခွင့်ပြုခဲ့မှုဖြင့် ပြည်နှစ်ပြည် ကုန်သွယ်မှုလမ်းကြောင်းကို အစချီမှုများ ရှိခဲ့ကြသည်။
အချုပ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နယ်စပ်ပြဿနာ၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်သက်ဝင်လာရေးတို့တွင် တိကျခိုင်မာ ကောင်းမွန်သည့် မူဝါဒတစ်ရပ် ရှိသင့်ပြီ ဖြစ်သည်။
ယင်းကြောင့် အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး အာရက္ခပြည်တွင် အာဏာပိုင်ဖြစ်လာသည့် AA ကို တရားဝင် အသိအမှတ်ပြုဆက်ဆံခြင်းမှာ အားလုံးအတွက် ကောင်းမွန်သည့် သံခင်းတမန်ခင်းဆက်ဆံရေး ဖြစ်ပေါ်စေနိုင်သလို အနာဂတ် အိမ်နီးချင်းကောင်းဖြစ်ပေါ်စေမည်မှာ သေချာသည်။

တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk