"လူ ၂၆ ယောက် သေနတ် တစ်လက်နဲ့ စခဲ့တဲ့ ၁၆ နှစ်တာ တော်လှန်ရေး ခရီး"

ဒီနေ့မှာတော့ AA ဟာ ရခိုင်တစ်ပြည်လုံးနီးပါးက စစ်ကောင်စီတပ်တွေကို မောင်းနှင်တိုက်ထုတ်ပြီးတော့ မြို့နယ် ၁၅ ခုအထိ အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားပါပြီ။ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့သာ ကွက်ကွက်ကလေး ကျန်တော့တာမို့ ရခိုင်ပြည်မှာ စစ်ကောင်စီဟာ စစ်တွေအစိုးရအဆင့်သာသာ ရှိတော့ပြီလို့ ပြောဆိုနေပါတယ်။

By Admin 11 Apr 2025

"လူ ၂၆ ယောက် သေနတ် တစ်လက်နဲ့ စခဲ့တဲ့ ၁၆ နှစ်တာ တော်လှန်ရေး ခရီး"

ခိုင်ရိုးလ - ရေးသည်။

KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာဒေသမှာ လူငယ် ၂၆ ဦး၊ သေနတ် တစ်လက်နဲ့ စတင်တည်ဆောက်ခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ တော်လှန်ရေးဟာ ဧပြီလ ၁၀ ရက်နေ့မှာတော့ ၁၆ နှစ်ပြည့်လို့ လူပျိုပေါက်အရွယ်ကို ရောက်လာခဲ့ပါပြီ။

ဒီနေ့မှာတော့ AA ဟာ ရခိုင်တစ်ပြည်လုံးနီးပါးက စစ်ကောင်စီတပ်တွေကို မောင်းနှင်တိုက်ထုတ်ပြီးတော့ မြို့နယ် ၁၅ ခုအထိ အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားပါပြီ။ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့သာ ကွက်ကွက်ကလေး ကျန်တော့တာမို့ ရခိုင်ပြည်မှာ စစ်ကောင်စီဟာ စစ်တွေအစိုးရအဆင့်သာသာ ရှိတော့ပြီလို့ ပြောဆိုနေပါတယ်။

ဒီတော့ ရက္ခိုင်ပြည်မှာ AA ဘာကြောင့် ပေါ်လာရတာပါလဲ။ AA ဖြစ်တည်မှုနဲ့ အခက်အခဲက ဘာတွေလဲ။ ဘယ်လို ဖြတ်ကျော်လာခဲ့သလဲ။ AA ရဲ့ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်နဲ့ နောက်ထပ်ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုစတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

AA ဖြစ်တည်မှုနဲ့ အခက်အခဲတွေ

အချုပ်အခြာအာဏာကို သန္ဓေတည်ထားတဲ့ ရခိုင့်တော်လှန်ရေးဟာ ဒေသတွင်း ဆင်းရဲမွဲတည်မှု၊ ဖိနှိပ်အုပ်ချုပ်ခံရမှုတွေနဲ့ အချိုးကျပါတယ်။ အတိတ်က ရက္ခိုင့်နိုင်ငံတော်အတွက် အမျိုးသားရေး စိတ်ပြင်းထန်မှုတွေနဲ့ အုံကြွမှုတို့ အဆုံးမသတ်ခဲ့ပါဘူး။ ဆုံးရှုံးသွားတဲ့ အချုပ်အခြာအာကို လက်ဖြန့်တောင်းမနေဘဲ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်းတီးဖို့ တိုက်ယူနေပြီးတော့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ ခရီးနှင်နေတာပါ။

AA ဟာ ပထမခြေလှမ်းအဖြစ် ၂၀၁၁ ခုနှစ်မှာ ကချင်တပ် KIA ဖက်ကနေ ဝင်တိုက်ပြီး တိုက်ပွဲအတွေ့အကြုံ ယူပါတယ်။ ဒါ့အပြင် ရှမ်းမြောက်ဒေသက အင်အားကြီးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ပါတယ်။ ပြီးတော့ ၂၀၁၅ ကိုးကန့်တိုက်ပွဲတွေမှာ တိုက်ကူပေးပြီး တော်လှန်ရေးစွမ်းရည်ကို မြှင့်တင်ခဲ့တာကို တွေ့ရပါတယ်။

၂၀၁၇ ခုနှစ်က 'ဝ' ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှာ ပါဝင်လာပါတယ်။ ဒါ့အပြင် ကိုးကန့်၊ ပလောင်နဲ့ ညီနောင်သုံးဖွဲ့နဲ့ စစ်ရေးနိုင်ငံရေး မဟာမိတ်ဆက်ဆံရေးလည်း ခိုင်မာပါတယ်။

တစ်ဖက်မှာလည်း AA ဟာ များပြားတဲ့ အခက်အခဲတွေ၊ မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ စိန်ခေါ်မှုတွေကို ဘာမှမရှိဘဲနဲ့ ရင်ဆိုင်ဖြတ်သန်းလာတာပါ။ တပ် ဖွဲ့စည်းခါစမှာဆိုရင် သစ်လုပ်ငန်း၊ ကျောက်လုပ်ငန်း၊ စားသောက်ဆိုင်ရောင်းတာစတဲ့ ရရာအလုပ်လုပ်ပြီး ရပ်တည်ရှင်သန်ဖို့ ကြိုးစားခဲ့ရတယ်လို့ AA ခေါင်းဆောင်တွေက ဆိုပါတယ်။

လူ ၂၆ ယောက် သေနတ်တစ်လက်ရဲ့ မိုင်တိုင်ခရီးကို မောင်းနှင်ရင်း အာရက္ခတပ်တော်ကို ကိုးကန့်တပ် (MNDAA) ခေါင်းဆောင် ဦးဖုန်ကြားရှင်က လက်နက် ၁၀၀ လက်ဆောင်ပေးခဲ့တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

ပြည်တော်ပြန်

AA ဟာ ၂၀၁၄ ကျောက်ဖြူမှာ လုပ်ခဲ့တဲ့ "ရခိုင်အမျိုးသားညီလာခံ" ကို ဒေါက်တာညိုထွန်းအောင် ဦးဆောင်တက်ခဲ့ပြီးနောက် ရခိုင်လူထုနှင့် ထိတွေ့ခွင့်ရရှိခဲ့ပြီး ထင်ရှားလာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်က စတင်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ တြိဂံနယ်စပ် အဓိကပလက်ဝမြို့နယ်မှာ အခြေပြု လှုပ်ရှားပါတယ်။ အဲဒီကနေ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ပလက်ဝဒေသ၊ ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသ နတ်သရွေး၊ သြရမတို့မှာ ကြိုကြား တိုက်ပွဲတွေဖော်ပြီး လူလုံးထွက်ပြလာပါတယ်။

၂၀၁၄ ခုနှစ်အတွင်းက ကျောက်ဖြူတွင် ပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံတွင် AA ၊ ALP ခေါင်းဆောင်အချို့နှင့် ရခိုင်နိုင်ငံရေးသမားများကို တွေ့ရစဉ်။ 

၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၂၀ အထိ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မင်းပြား၊ အမ်း၊ မြေပုံ မြောက်ပိုင်းတခွင်မက တောင်ကုတ်ဒေသအထိ ဖြန့်ကျက်ကာ မြန်မာစစ်တပ်နဲ့ အပြင်းထန်ဆုံးသော တိုက်ပွဲတွေ ဖြစ်လာပါတယ်။

တိုက်ပွဲတွေနဲ့အတူ ၂၀၁၉ ခုနှစ်မှာ မုန်တိုင်းကို ဖြတ်ကျော်တဲ့ကာလအဖြစ် သတ်မှတ်ကာ ၂၀၂၀ Arakan Dream ရက္ခိတအိပ်မက်၊ ရက္ခိတလမ်းစဉ်ကို စတင်အကောင်ထည်ဖော်ပါတယ်။

အဲဒီအချိန်က NLD အစိုးရနဲ့ မြန်မာစစ်တပ်တို့ဟာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရပြီး ၃ လ အတွင်း အပြတ်တိုက်မယ်လို့ ကြွေးကြော်ကာ လေတပ်၊ ရေတပ်၊ ကြည်းတပ်အင်အား အများအပြားနဲ့ ၂ နှစ်ကျော် ၃ နှစ် ခန့်အကြာ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲတွေနဲ့အတူ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ (APA)ကို အုပ်ချုပ်ရေးမှာ နေရာယူပါတယ်။ ဒါ့အပြင် AA ရဲ့ အရံတပ် Arakan Army Auxillary (AAA)ကို စစ်ပွဲကာလအတွင်း သတင်း၊ ရိက္ခာထောက်ပို့လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။

ပြင်းထန်လှတဲ့ တိုက်ပွဲတွေနဲ့အတူ ၂၀၂၀ နိုဝင်ဘာမှာ ဆာဆာကာဝါရဲ့ ကြားဝင်မှုနဲ့ မြန်မာစစ်တပ်နဲ့ အပစ်ခတ်ရပ်စဲပါတယ်။ ပြီးတော့ ၂၀၂၂ အစောပိုင်းမှာ တင်းမာမှုတွေကြောင့် အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ကာ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ၂၀၂၂ နိုဝင်ဘာမှာ တစ်ခါ အပစ်ရပ်ခဲ့ပါတယ်။

AA ဟာ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေက လွဲလို့ မြန်မာနိုင်ငံမှာဆို သက်တမ်းအနုဆုံး၊ အသက်အငယ်ဆုံး လက်နက်ကိုင်အဖွဲ့တစ်ခုပါ။ ဒါပေမဲ့ ဒီကနေ့မှာတော့ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးလို့ သတ်မှတ်ခံနေရပါပြီ။ ဆိုတော့ AA ဘာကြောင့် အင်အားကြီးထွားလာတာလဲ။

လွတ်တော်အမတ်ဟောင်းလည်းဖြစ် ရခိုင့်ဝါရင့် နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သူ ဦးဖေသန်းပြောတာက " အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်ပိုင်းဟာ ခေတ်ပညာတတ်လူငယ်တွေ ဖြစ်ပြီးတော့ နိုင်ငံရေး အမြော်အမြင် စည်းရုံးရေး စွမ်းရည် မြင့်မားကြပါတယ်။ အရင်တော်လှန်ရေးအဆက်ဆက် ကျဆုံးခဲ့ရတာကလည်း ဒီအပိုင်းမှာ အားနည်းခဲ့လို့ ဖြစ်ပါတယ်။ ရခိုင်တို့ရဲ နှစ်ပေါင်း ၂၄၀ တိုင် ကိုယ့်ထီးကိုယ့်နန်းနဲ့ နေချင်တဲ့‌မျှော်လင့်ချက် ဒါမှမဟုတ် ကိုယ့်ဒေသကိုယ်တိုင် အုပ်ချုပ်ပိုင်ခွင့်ရချင်တဲ့ ဆန္ဒတွေ အာသီသတွေကို အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေကလည်း ဖြစ်ပေါ်လာတဲ့အတွက် AA ရဲ့ အောင်မြင်မှုဟာ တစ်ချိန်ထိုး တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်" လို့ ပြောပါတယ်။

" နောက်တစ်ခုက စစ်ရးဗျူဟာ ကျွမ်းကျင်မှု၊ ဇွဲသတ္တိရှိမှုဟာလည်း အဓိက အချက်ဖြစ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် အချိန်တို တစ်နှစ်အတွင်းမှာ မြို့ပေါင်းများစွာ၊ ဗျူဟာကန်းတွေ အပါဝင် စစ်စခန်းများစွာ နောက်ဆုံး နပခ တိုင်းစစ်ဌာနချုပ်အထိ သိမ်းပိုက်နိုင်မှု တစ်ဖက်ရန်သူကို ခေါင်းမထောင်နိုင်အောင် ပြန်ပြန်ပြီးတော့ တိုက်စစ်မဖွင့်လာအောင် ကာကွယ်ထားနိုင်မှု ဒါတွေဟာ အံ့မခမ်း စစ်ရေးအောင်မြင်မှုတွေ ဖြစ်ပါတယ်။ နောက်တစ်ခုက ပြည်သူတွေရဲ့ ယုံကြည်မှု ထောက်ခံအားပေးမှုတွေက ပိုပြီးအားကောင်းလာတယ်လို့ ပြောနိုင်ပါတယ်" လို့ ဦးဖေသန်းက ဆက်ပြောပါတယ်။

စစ်ဆင်ရေးနဲ့ဆက်စပ်တဲ့ မဟာဗျူဟာတွေကို မြေပြင်တပ်မှူးများက စနစ်တကျစီစဉ်ကာ စစ်သည်တော်တွေရဲ့ တိုက်ခိုက်မှုစွမ်းရည်မြင့်မားမှု အမိန့်နာခံမှု၊ စစ်ရေးဗျူဟာ ကောင်းမွန်တာကြောင့် မြန်မာစစ်တပ်ဟာ AA ဆီမှာ နယ်မြေတွေ လက်လွှတ်ပေးလိုက်ရတာလို့ ပြောကြပါတယ်။

၁၀၂၇ နဲ့ အာရက္ခ ပြည်သိမ်းတိုက်ပွဲကြီး

ဒီတစ်ခါတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့အတူ မြန်မာနိုင်ငံမှာ အကြီးမားဆုံးစစ်ဆင်ရေး ၁၀၂၇ ကို ၂၀၂၃ အောက်တိုဘာမှာ စတင်ပါတယ်။ ဒီစစ်ဆင်ရေးနဲ့ တစ်ဆက်တည်းမှာပဲ ရခိုင်ဒေသဟာ ၂၀၂၃ နိုဝင်ဘာကနေ ဒီနေ့အထိ တိုက်ပွဲရှိပြီး မြို့သိမ်း/နယ်သိမ်းတိုက်ပွဲတွေ ဖြစ်နေတာပါ။

၂၀၂၄ ဇန်နဝါရီမှာ ပလက်ဝနဲ့ ပေါက်တော၊ ဖေဖော်ဝါရီလမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံ၊ မတ်လမှာ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနဲ့ ရသေ့တောင်၊ မေလမှာ ဘူးသီးတောင်၊ စက်တင်ဘာလမှာ သံတွဲ၊ ဒီဇင်ဘာလမှာ မောင်တော၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

ဒီအချိန်မှာတော့ AA ဟာ အိန္ဒိယနယ်စပ် ပလက်ဝကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရက္ခိုင်ရိုးမအစွန် ဂွအထိ မြို့နယ် ၁၅ ခုအထိ ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နေပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို စတင်အကောင်အထည်ဖော်ပြီး ရခိုင်ပြည်ကို ဒီဖက်တို အစိုးရအဖြစ် စီမံအုပ်ချုပ်နေပါတယ်။

တော်လှန်ရေး လက်တံ

တစ်ဖက်မှာလည်း ရခိုင်တို့ရဲ့ သိမ်းပိုက်နယ်မြေနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရေးအတွက် နယ်မြေသိမ်းပြီးရင်တော့ ထိန်းနိုင်ဖို့ လိုပါတယ်။ သိမ်းထားပြီးသား နယ်မြေတွေ ဖရိုဖရဲ၊ ကသောင်းကနင်း မဖြစ်ရအောင် မဟာဗျူဟာ နည်းဗျူဟာတွေနဲ့ AA ခေါင်းဆောင်တွေက စီမံနေကြပါတယ်။

ဒါ့အပြင် ရခိုင်လက်ကျန်မြို့တွေဖြစ်တဲ့ မြို့တော်စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေပါတယ်။ တစ်ဆက်တည်းမှာပဲ AA ဟာ တော်လှန်ရေး လက်တံကို အပြင်ဘက်ရပ်ဝန်းဆီ ချဲ့ထွင်နေတာ တွေ့ရပါတယ်။ ဒီနေ့မှာတော့ ဧရာဝတီ၊ ပဲခူး၊ မကွေး စတဲ့ ဗမာပြည်ရဲ့ အသည်းနှလုံးနယ်မြေထဲသို့ စစ်ရေးလက်တံဆန့်ပြီး ဗျူဟာမြောက်ထိုးစစ်တွေ ဖော်ဆောင်နေပါတယ်။

AA နဲ့အတူ ပြည်မတော်လှန်ရေး အင်အားစုတွေဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ရေကြည်၊ လေးမျက်နှာ၊ သာပေါင်း၊ ပုသိမ် စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ရှိနေပါတယ်။ ဒီတော့ အာရက္ခတပ်တော်ဟာ ရခိုင်ရိုးမတစ်ဖက် ပြည်မဒေသကို ဘာကြောင့် စစ်ကြောင်းထိုးရှေ့ဆက်နေတာပါလဲ။

ရခိုင့်နိုင်ငံရေးသမား၊ ALD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော် ပြောတာက " AA ရဲ့ မူလ ဦးတည်ချက်က ရခိုင်တွေရဲ့ အချုပ်အခြာအာဏာပါ။ မိမိရဲ့ အချုပ်အခြာအာဏာ တည်တံ့ဖို့ဆိုတာ ရန်သူက မိမိဆီကို ပြောင်းမလှည့်နိုင်ဖို့ အရေးကြီးတယ်။ အဲဒါက နိုင်ငံရေးစစ်ရေးမှာ အဓိကကျတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြဿနာက စစ်တပ်က နိုင်ငံတော်ရဲ့ အချုပ်အခြာဏာအာကို ကိုင်တွယ်ထားတာ အဲဒါကြောင့် မည်သည့် တိုင်းရင်းသားဒေသမဆို ပြည်ထောင်စုတစ်ရပ်လုံး မလုံခြုံဘူး" လို့ ဆိုပါတယ်။

" မြန်မာနိုင်ငံမှာ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့၊ နိုင်ငံရေး နယ်ပယ်က ဖယ်ထုတ်ဖို့လိုတယ်။ စစ်တပ်ဟာ နိုင်ငံရေးအောက်မှာ ရှိရမယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် AA ဟာ ရခိုင်ပြည်ကို အပြည့်အဝထိန်းပြီး ရရင်ဆိုရင်တောင်မှ ရခိုင်ပြည်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီနေရာမှာ စစ်ရေးဖော်ဆောင်ဖို့ လိုအပ်တယ်။ အဲဒီမှာ ရှိတဲ့ ကျနော်တို့ရဲ့ သွေးချင်းတွေ ပြည်သူလူထုတွေနဲ့ တစ်ဖက်မှာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ လိုအပ်နေချိန်မှာ AA အနေနဲ့ ပူးပေါင်း အားပေးတာလို့ ကျနော်မြင်တယ်" ဦးမျိုးကျော်က ဆက်ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ရခိုင်-ဧရာဝတီနယ်စပ်တစ်နေရာတွင် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်

AA ဟာ တိုက်ရင်းတည်ဆောက်တဲ့ ဗျူဟာနဲ့ သွားနေပါတယ်။ ထိန်းချုပ်နယ်မြေတွေမှာ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနေပါတယ်။ အရင်တုန်းက စစ်ကောင်စီ ပျက်စီးခဲ့တဲ တံတားတွေကို ပြန်ဆောက်တာ၊ အဝေးပြေးလမ်း၊ ကျေးရွာချင်းဆက်လမ်း ပြန်ပြင်တာ တွေ့ရပါတယ်။ သိမ်းထားမြို့တစ်မြို့မှ လက်မလွှတ်ရအောင် လုံခြုံရေးအစီအမံတွေ လုပ်ပါတယ်။

ဒေသအုပ်ချုပ်ရေးအတွက် မူဝါဒရေးရာ ကျွမ်းကျင်သူတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သွင်းကုန်/ပို့ကုန်လုပ်ငန်း အတွေ့အကြုံရှိသူတွေလည်း ပူးပေါင်းနေပါတယ်။

ဒီနေ့ ရခိုင်ပြည်ဟာ ULA/AA ရဲ့ အုပ်ချုပ်မှုယန္တယားအောက်မှာ ကျန်းမာရေး၊ ပညာရေးအပါအဝင် ဌာနဆိုင်ရာတွေမှာ ရက္ခိုင်ဝန်ထမ်းတွေဟာ ပုံမှန်အတိုင်းနေရာယူ အလုပ်လုပ်နေကြပါပြီ။ စည်ပင်၊ မီးသတ်၊ အခွန်၊ လဝက စတဲ့ အရင်က ရက္ခိုင်လူမျိုး ဌာနဆိုင်ရာဝန်ထမ်းတွေ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရနဲ့ ပူးပေါင်းပြီး ပြည်တော်သစ်ခရီး စတင်မောင်းနှင်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာရက္ခပြည်ရဲ့ ဌာနဆိုင်ရာရုံးတွေမှာ လုံလောက်တဲ့ဝန်ထမ်းအင်အား လူဦးရေလိုအပ်ချက်တွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

" အုပ်ချုပ်ရေးပိုင်းမှာ ကျနော်တို့ နိုင်ငံမှာက အင်္ဂလိပ်ခေတ်မှာ စနစ်အားကောင်းတော့ သွားလို့ရတယ်။ အဲဒီမှာ မြန်မာမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြောင်းလဲ လုပ်လိုက်တဲ့အခါ အုပ်ချုပ်ရေးမှာ အမှားတွေ ခြစားမှုတွေများတယ်။ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော်က အုပ်ချုပ်ရေးစနစ် အားနည်းချက်တွေ အများကြီးဖြစ်တယ်။ အဲဒီမှာ ကောင်းတာ နည်းတယ်။ လူကောင်းလူမွန်တွေ ကောင်းမွန်တဲ့ ဒေသတွင်းကောင်းဂုဏ်သတင်းရှိသူတွေကို စနစ်အနေနဲ့ စံပြုပြီးတော့ အုပ်ချုပ်မှုပုံစံ ပြောင်းပေးရမယ်။ တစ်ချို့ဟာတွေက ကာလတစ်ခုထိ အဟောင်းနဲ့ အသစ်ကို တွဲပြီတော့ ထားရမယ်။ အခွင့်အရေးသာကူး သမားတွေကိုလည်း သတိထားကိုင်တွယ်ဖို့ လိုပါလိမ့်မယ်" လို့ ရခိုင့်နိုင်ငံရေးသမား ဦးမျိုးကျော်က ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက ထိန်းချုပ်ဒေသတစ်ခုတွင် AA ၏ မီးသတ်ဌာနမှ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - Golden Era Media 

တခါ အာရက္ခဒေသနေ လူမျိုးစု၊ မျိုးနွယ်စုရေးရာကော်မတီဖွဲ့ပြီး လူမှုအသိုက်အဝန်း သယဇာတကျဖို့ မြေပြင်မှာ ကွင်းဆင်းစည်းရုံးနေသလို ခမီ၊၊ မြို၊ သက်၊ မရမာ၊ ကမန်၊ သက္ကမ(ဒိုင်းနက်) အပါအဝင် ချင်း၊ မွတ်ဆလင်၊ ဟိန္ဒူ စတဲ့ မတူကွဲပြားမှု နေထိုင်ခြင်းပုံစံကို အလေးပေးတည်ဆောက်နေပါတယ်။

တစ်ဖက်မှာလည်း AA က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မွတ်ဆလင် ARSA လက်နက်ကိုင်တွေရဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

လွတ်လပ်ရေး ကြေညာနိုင်မလား

လက်နက်ကိုင်တော်လှန်ရေးဟာ ဖိနှိပ်ခံ ဘဝက လွတ်မြောက်စေပြီး အချုပ်အခြာအာဏာ တည်ဆောက်ရာမှာ အသုံးဝင်တယ်လို့ ရခိုင်ပြည်သူတို့က နားလည်ပြီး AA ကို တခဲနက်ထောက်ခံ အားပေးခဲ့ကြပါတယ်။

AA ဟာ အခြားတိုင်းရင်းသားတွေထက် နိုင်ငံရေးမျှော်လင့်ချက်ကြီးမြင့်ပြီး ကွန်ဖက်ဒရေးရှင်း (သို့မဟုတ်) သီးခြားအချုပ်အခြာအာဏာပိုင် တိုင်းပြည်ကို လိုလားတယ်လို့ ပြောဆိုမှုတွေကြောင့် ရခိုင်လူထုတွေ အကြိုက်တွေ့ပါတယ်။

တစ်ဖက်မှာလည်း AA နဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ အသင့်ရှိတယ်လို့ မကြာခဏ ထုတ်ပြောထားပါတယ်။ ဆိုတော့ စစ်ကောင်စီနဲ့ AA တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ဘယ်အချိန်ကာလမှာ ဖြစ်လာနိုင်မလဲ ဦးဖေသန်းကို မေးကြည့်တော့

"နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒီနိုင်ငံက မခွဲထွက်ထွက်ဘူး။ ကွန်ဖက်ဒရေးရှင်းစနစ်ကို လိုလားတယ် ဆိုတာကို ULA /AA ရဲ့ သဘောထားကို ပြောထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အဆင်သင့်ရှိတယ်ဆိုပြီး ကြေညာထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ အသိအမှတ်မပြုဘဲ အရပ်သားတွေ နေထိုင်ရာကို နေ့စဉ်လေယာဉ်နဲ့ ဗုံးကြဲ ပစ်တာ၊ ရွာတွေကို မီးရှို့တာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ ဒါတွေကိုပဲ လုပ်နေပါတယ်။ ဒါတွေဟာလည်း တစ်ဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှု လမ်းစနဲ့ ဝေးကွာစေပါတယ်" လို့ ဆိုပါတယ်။

ဆက်ပြီးတော့ ဦးဖေသန်းက " ကျနော်မြင်ကတော့ ဆွေးနွေးစေချင်တာ။ ဆွေးနွေးတဲ့အခါမှာလည်း ကြိုတင်ကန့်သတ်ချက်တွေ မရှိဘူး။ တန်းတူရည်တူ လေးလေးစားစား ဆက်ဆံဖို့ လိုပါတယ်။ ဉပမာ လက်နက်စွန့်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က သွားရမယ်ဆိုတာ အလုပ်မဖြစ်ပါဘူး။ ဒီနေ့လက်ရှိ အခြေအနေက တိုင်းရင်းသားတွေရဲ ရပိုင်ခွင့်ကို ရပ်စဲနေရမဲ့ အချိန် မဟုတ်ပါဘူး" လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

AA ဖြတ်ကျော်ရမဲ့ စိန်ခေါ်မှုတွေ

ဒီကနေ့ ရခိုင်ပြည်ဟာ စစ်ရေးအားသာမှုက လွဲပြီး စီးပွားရေး၊ လူမှုရေး အပြာင်းအလဲအမျိုးမျိုး၊ အခက်ခဲအကျပ်အတည်းများစွာကို ပြည်သူတွေ ခံစားနေကြရပါတယ်။ နေ့စဉ်နဲ့အမျှ လာရောက်ပစ်ခတ်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကလည်း ပြည်သူတွေရဲ့ စိတ်ကို ခြိမ်းခြောက်လျက် ရှိနေပါတယ်။

ဒေသကို ကိုယ်ပိုင်စီမံအုပ်ချုပ်နေတဲ့ ULA /AA ရဲ့အခန်းကဏ္ဍ လုပ်နိုင်စွမ်းရည်က အဓိက ကျပါတယ်။ ဒါကြောင့် အဓိကပြည်တွင်းသို့ ပုံမှန်ကုန်စည်စီးဆင်းမှု အားကောင်းအောင်နဲ့ သင့်တင့်တဲ့ ကုန်ဈေးနှုန်းတွေ၊ ကွန်မြူနီကေးရှင်း ဖုန်း၊ အင်တာနက် သုံးစွဲခွင့်တွေကိုရရှိဖို့ ပြည်သူတွေ မျှော်လင့်နေကြပါတယ်။

ဒါ့အပြင် ကျယ်ပြန့်လှတဲ့ နယ်မြေထိန်းချုပ်မှုအောက်မှာ ပြည်သူတွေလုံခြုံရေးအတွက် ကာကွယ်ရေးအစီအမံတွေ လုပ်ဆောင်ရာမှာလည်း AA အတွက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ဒါတွေကတော့ ၁၆ နှစ်သား အာရက္ခတပ်တော်ရဲ့ တော်လှန်ရေးဖြစ်တည်မှုတွေ၊ အောင်မြင်မှုတွေ၊ စစ်ရေးနိုင်ငံရေး၊ ငြိမ်းချမ်းရေး စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြခဲ့တာပါ။

တကယ်လို့ ရခိုင်က လက်ကျန် စစ်တွေ၊ ကျောက်ဖြူမြို့တွေကို သိမ်းနိုင်သွားရင် AA ဟာ အာရက္ခပြည်တော်သစ်အဖြစ် လွတ်လပ်ရေးကြေညာဖို့ လမ်းဆုံလမ်းခွတစ်နေရာကို ရောက်လာပြီလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

ဒါကြောင့် AA ရဲ့ တော်လှန်ရေးဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာမလား။ ကွန်ဖက်ဒရိတ်ပြည်အဖြစ် ပေါ်လာမလားဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ခိုင်ရိုးလ - ရေးသည်။