- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
မြန်မာစစ်ကောင်စီကို ဖြိုချရေးတွင် သော့ချက်အဖြစ် ရှိနေသည့် အာရက္ခတပ်တော်
လာမည့် သီတင်းပတ်များအတွက် AA ၏ အရှေ့ဘက်ထိုးစစ်သာ အရှိန်ရလာပါက မဟာဗျူဟာနှင့် နိုင်ငံရေးအရ ပိုမိုကြီးမားသည့် သက်ရောက်မှုများက ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ပင် ပြည်တွင်းစစ်ကို အံ့အားသင့်လောက်သည်အထိ ပုံစံသစ်ပေါ်သွားစေနိုင်ခြေ ရှိနေသည်။
31 Mar 2025

မြန်မာ့ပြည်တွင်းစစ်တွင် ခြောက်သွေ့ရာသီတိုက်ပွဲများ သိသိသာသာ အရှိန်မြင့်တက်လာသည်နှင့်အမျှ နောက်ဆက်တွဲ မေးခွန်းတစ်ရပ် ပေါ်ထွက်လာသည်။ အာရက္ခတပ်တော်၏ ဗျူဟာမြောက် ရည်ရွယ်ချက်များက ဘာတွေလဲ ဆိုသည့်အချက် ဖြစ်သည်။
မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေကြသည့် လက်နက်ကိုင် အုပ်စုများအနက် AA သည် တိုက်ပွဲကာလ တစ်နှစ်ကျော်အတွင်း နိုင်ငံ၏ အနောက်ဘက်ခြမ်း ရခိုင်ဒေသ ဧရိယာအများစုကို ထိန်းချုပ်ထားပြီဖြစ်သည်။
အာရက္ခတပ်တော်သည် စစ်ရေးဖိအား၊ ပထဝီနိုင်ငံရေး အပေါ်စီးရှုထောင့်၊ ဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ကို ပြည်တွင်း၊ ပြည်ပ အင်အားစုများဖြင့် ပေါင်းစပ်ကာ မြန်မာနိုင်ငံ၏ စစ်ရေးကစားပွဲကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ပြတ်ပြတ်သားသား လှန်မှောက်နိုင်သည့် တစ်ခုတည်းသော အင်အားစုလည်း ဖြစ်သည်။
လာမည့် သီတင်းပတ်များအတွင် AA ၏ လှုပ်ရှားမှုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်တွင် စတင်ခဲ့သည့် မြန်မာ့ပဋိပက္ခ၏ အနာဂတ်ကို ပုံဖော်လာမည်ဖြစ်သည်။
နောက်ဆုံးစစ်မျက်နှာနှစ်ခု
AA သည် ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်၊ တအာင်းတို့နှင့်အတူ စတင်ခဲ့သည့် စစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် ရခိုင်ပြည်တွင်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့သည်။ AA ၏ မရပ်မနား စစ်ရေးဖော်ဆောင်မှုကြောင့် ယခုအခါ ရခိုင်ပြည် တစ်ခုလုံးနီးပါးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မောင်းထုတ်ထားနိုင်ပြီ ဖြစ်သည်။
သို့သော်လည်း ပထဝီအနေအထားအရ ဗျူဟာမြောက် နေရာနှစ်ခုတော့ ကျန်နေသေးသည်။ မြို့တော်စစ်တွေနှင့် ထိုမှတောင်ဘက် ၁၁၀ ကီလိုမီတာခန့် အကွာတွင်ရှိသည့် ကျောက်ဖြူမြို့တို့ ဖြစ်သည်။ ကျောက်ဖြူ၌ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်း၊ တရုတ် တည်ဆောက်ထားသည့် ပင်လယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ တည်ရှိသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် တတိယနယ်မြေဖြစ်သော မာန်အောင်ကျွန်းမှာမူ စစ်ရေး တွက်ချက်မှုများနှင့် မဖြစ်မနေ ဆက်စပ်နေခြင်း မရှိလှပေ။
AA နှင့် မဟာမိတ် PDF တပ်ဖွဲ့များသည် ယခုနှစ် ဇန်နဝါရီလတွင် ရခိုင်ကို ဗမာပြည်မ ဒေသများဖြစ်သော မကွေး၊ ပဲခူး၊ ဧရာဝတီဒေသတို့နှင့် ပိုင်းခြားထားသည့် ရခိုင်ရိုးမ တောင်တန်းကိုကျော်ဖြတ်ကာ စစ်မျက်နှာချဲ့ထွင်ခဲ့သည်။
ဤနောက်ခံ အခင်းအကျင်းကို ကြည့်လျှင် အပိုလူအင်အား၊ ထောက်ပံ့ရေး အရင်းအမြစ်၊ အရင်းကြီးသည့် စစ်မျက်နှာစာနှစ်ခု ဖော်ဆောင်လိုသည့် ဆန္ဒတို့ AA ခေါင်းဆောင်ပိုင်းတွင် ရှိမည်ဟု ထင်ရဖွယ်မရှိပေ။
စစ်ရေးလော့ဂျစ်အရ ဆိုလျှင် ဤစစ်မျက်နှာနှစ်ခုတွင် မည်သည့်ဘက်၌ မဆို အောင်မြင်မှုရရန်အတွက် AA သည် အဆိုပါဘက်သို့ ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်။ အဆိုပါ ဦးစားပေး ဆုံးဖြတ်ချက်သည်လည်း တစ်မျိုးသားလုံး၏ တိုက်ပွဲမျက်နှာစာကို ယခုနှစ်ကုန်အထိနှင့် နောက်နှစ်များအထိပါ လွှမ်းမိုးမှု ရှိနိုင်သည်။
ကမ်းရိုးတန်းစစ်ဆင်ရေး
ရခိုင်ပြည် လွတ်မြောက်ရေးအတွက် သမိုင်းပေးတာဝန်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက်ဆိုလျှင် စစ်တွေနှင့် ကျောက်ဖြူတို့ကို မေလ မိုးမဝင်မီ စောနိုင်သမျှ စောလျှင်စွာ သိမ်းပိုက်နိုင်ရေးအတွက် စစ်ဆင်ရေးကြီးများ ဦးစားပေးစတင်ရန် လိုအပ်သည်။
အရှေ့ပိုင်းရှိ နိုင်ငံအလယ်ပိုင်းသို့ အသေးစား စစ်မျက်နှာ ဖွင့်ထားခြင်းသည် နေရာအနှံ့အပြားတွင် ပါးပါးလှပ်လှပ် တပ်ဖြန့်ထားရသည့် မြန်မာစစ်တပ်ကို ဟန်ချက်ပျက်စေပြီး အာရုံလွှဲရန် အသုံးဝင်သည်။
အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျဆုံးပြီးနောက်ပိုင်း ပြည်နယ်၏ မြို့တော်ကို သိမ်းပိုက်ခြင်းသည် ရခိုင်အမျိုးသားရေး ဝါဒကို ပြန်လည်အသက်သွင်းကာ AA ကို ၂၀၀၉ ခုနှစ်တွင် ထူထောင်ခဲ့ပြီး နောက်ပိုင်း အားကောင်းသည့် သင်္ကေတတစ်ရပ် ဖြစ်သလို နိုင်ငံရေးအရ အရေးပါမှုကြီးလည်း ဖြစ်လာနိုင်သည်။
ကျောက်ဖြူကို သိမ်းပိုက်ခြင်းသည် ကမ်းလွန် သဘာဝဓာတ်ငွေ့ သိုက်များကို ထိန်းချုပ်နိုင်သည့် သဘောဖြစ်သည်။ ဤဓာတ်ငွေ့ပိုက်လိုင်းများသည် စစ်ကောင်စီကို ဘဏ္ဍာရေးအရ ကူညီပံ့ပိုးနေသည့် နေရာဖြစ်သလို တရုတ်ပြည် အနောက်မြောက်ပိုင်းရှိ ကုန်းတွင်းပိတ် ပြည်နယ်များအတွက်လည်း အထူးအရေးပါသည်။
အခြားတစ်ဘက်တွင်လည်း နှစ်မြို့လုံးကို ထားဦး၊ တစ်မြို့မြို့ကို ထိုးစစ်ဆင်ခြင်းသည်ပင် အန္တရာယ်အပြည့် ဖြစ်နေသည်။ စစ်တွေနှင့်ကျောက်ဖြူ ဆိပ်ကမ်းမြို့ နှစ်မြို့လုံးကို စစ်ကောင်စီသည် တပ်ရင်းအများအပြား အားဖြည့်ထားသည်။ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ရှိနေသလို ရေပြင်နှင့် ဝေဟင်မှလည်း အင်အားဖြည့်ထားသည်။ နေဗီနှင့် ဝေဟင်မှ ပစ်ကူများသည် AA ဘက်မှ လက်တုံ့ပြန်ရန် ဖြစ်နိုင်ခြေ မရှိလှသဖြင့် စစ်ကောင်စီအတွက် အကြီးအကျယ် အကျိုးကျေးဇူးရှိသည်။
၂၀၂၄ ဒုတိယနှစ်ဝက်အတွင်း ငပလီ၊ မောင်တောကဲ့သို့ ရခိုင် ကမ်းခြေမြို့များနှင့် မောင်ရွှေလေး ရေတပ်စခန်းတို့ ကျရှုံးမှုများက AA တပ်ဖွဲ့များသည် နောက်ဆုံးတွင် သိမ်းပိုက်သွားနိုင်ခြေ ရှိသည်ကို ပြသနေသည်။
သို့သော်လည်း မြန်မာပြည်မြောက်ပိုင်းမှ ထောက်ပံ့ရေးလမ်းကြောင်းများအတိုင်းဝင်လာသည့် လက်နက်ခဲယမ်းများ ကုန်ခမ်းမှုကို ထည့်မတွက်လျှင်တောင် လူအင်အား ကျဆုံးမှုကတော့ အထူးကြီးမားနိုင်သည်။ သေဆုံးသူ အရေအတွက်သည် ထောင်ဂဏန်းအနည်းငယ်အထိ မြင့်တက်နိုင်သလို ဒဏ်ရာရသူလည်း ၁၀,၀၀၀ ခန့်အထိပင် ရှိလာနိုင်သည်။
၂၀၂၃ နှောင်းပိုင်းမှစတင်၍ ၁၅ လအတွင်း မနားမနေ ထိုးစစ်တင်လာခဲ့ပြီး သေဆုံးဒဏ်ရာရသူ အရေအတွက် ထောင်ပေါင်းများစွာ ရှိထားပြီဖြစ်သည့် လက်နက်ကိုင်အဖွဲ့ တစ်ခုအဖို့ နောက်ထပ် ကြီးကြီးမားမား ထပ်မံ ဆုံးရှုံးရမည့် အလားအလာသည် အလေးအနက် ဆင်ခြင်စရာ ဖြစ်သလို ကြိုတင်ကာကွယ်၍လည်း ရကောင်းရနိုင်ပါသည်။
နောက်ဆုံး၌ အောင်မြင်မှုများ ရလာသည်ဆိုဦး၊ AA အနေဖြင့် လပေါင်းများစွာ ကြာမြင့်ခဲ့သည့် မြို့ပြတိုက်ပွဲများကြောင့် အပျက်အစီးများ ပုံနေသည့် မြို့ကြီးများကိုသာ အုပ်ချုပ်နေရမည် ဖြစ်သလို အနာဂတ် ပြန်လည် တည်ဆောက်ရေးအတွက် အရေးပါသည့် စီးပွားရေးသည်လည်း တုံ့ဆိုင်းသွားမည် ဖြစ်သည်။

အလယ်ပိုင်းဒေသသို့ အာရုံစိုက်လာခြင်း
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် သူ၏ စစ်ရေးအကြံပေးများသည် AA ၏ စစ်ရေးဗဟိုချက်ကို ကမ်းခြေဒေသနှင့် အလှမ်းဝေးသည့် ရခိုင်ရိုးမ တောင်ကြော၏ အရှေ့ဘက်မျက်နှာစာတွင်ရှိသော နိုင်ငံ၏ စက်မှုလုပ်ငန်းနှင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အဓိကတည်ရှိရာ ဧရာဝတီ မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ပြောင်းရွှေ့ရေးကို ရွေးချယ်စရာ နောက်ထပ်ဗျူဟာတစ်ရပ်အဖြစ် သေချာပေါက် ထည့်ထွက်ထားကြမည် ဖြစ်သည်။
စစ်တွေနှင့် ကျောက်ဖြူကို အင်တိုက်အားတိုက် ထိုးစစ်မဆင်ဘဲ လှုပ်ရှားမှုများကို အနည်းဆုံးထားခြင်းသည် စစ်ကောင်စီ၏ တပ်ရင်းများကို ခြေချုပ်မိစေမည် ဖြစ်သလို လက်ရှိ လွတ်မြောက်နယ်မြေများကို စစ်တပ်ဘက်က တန်ပြန်စစ်ဆင်ရေးများ လုပ်မလာစေရန်လည်း အဟန့်အတား ဖြစ်စေမည်ဖြစ်သည်။
စစ်ရေးအမြင် သက်သက်ဖြင့် ကြည့်ရလျှင် အရှေ့ဘက်မျက်နှာစာ ထိုးစစ်ကို ဦးစားပေးရမည့် အကြောင်းရင်း အများအပြားရှိသည်။ အထူးမြင်သာသည်မှာ ရခိုင်ရိုးမ အောက်ပိုင်းရှိ ရေလမ်းကြောင်းတိုတောင်းသည့် ဧရာဝတီ မြစ်ဝှမ်းသည် အရေးပါသည့် ပစ်မှတ်များ ဖြစ်သလို ဆက်သွယ်ရေး လမ်းကြောင်းများလည်း မြန်မြန်ဆန်ဆန် လက်လှမ်းမီနိုင်သည့်အတွက် ဖြစ်သည်။
တစ်ချိန်တည်း၌ မကွေးတိုင်းမှသည် တောင်ဘက် မြစ်ဝကျွန်းပေါ် အထိ ကီလိုမီတာ ၃၅၀ ကျော် ရှည်လျားသည့် အရှေ့ဘက် စစ်မျက်နှာမှ အလားအလာကောင်းများစွာ ရနိုင်ခြေရှိသည်။ ထိုးစစ်နေရာလည်း အများအပြား ရှိနေသဖြင့် စစ်ကောင်စီဘက်မှ တုံ့ပြန်ရမည်မှာ ရှုပ်ထွေးခက်ခဲမည် ဖြစ်သည်။
AA ကသာ စစ်ကောင်စီ၏ နောက်တန်း ကာကွယ်ရေးစခန်းများကို အကြီးအကျယ် ထိုးစစ်ဆင်နိုင်ခဲ့မည်ဆိုပါက စစ်တပ်သည် တိုက်ပွဲမျက်နှာစာအတွင်း ပိုမိုအကျပ်ရိုက်နိုင်ပြီး တုံ့ပြန်ဆောင်ရွက်ရန် အကြီးအကျယ် ရုန်းကန်ရနိုင်သည်။
ပထဝီမျက်နှာသွင်ပြင်အရလည်း အရှေ့ဘက်စစ်မျက်နှာသည် စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ချင်းလက်နက်ကိုင်တပ်များ၊ ဗမာ PDF များနှင့် လက်တွဲ တိုက်ခိုက်နိုင်သည့် အကျိုးကျေးဇူး ရှိသည်။ ထိုထက် တိုးချဲ့ ဆောင်ရွက်နိုင်ပါက AA ၏ ထိန်းချုပ်မှု အောက်တွင် ထိုအဖွဲ့များနှင့် လက်တွဲပြီး တိုက်ပွဲဆင်နိုင်သည်။
ဇန်နဝါရီလ နောက်ပိုင်း အစမ်းသဘော ထိုးစစ်များသည် အရှေ့ဘက် စစ်မျက်နှာတွင် စစ်ကောင်စီ၏ အားနည်းချက်များကို မီးမောင်းထိုးပြနေသည်။ AA ဦးဆောင်သည့် ထိုးစစ်များသည် အမ်းမှနေ၍ မကွေးတိုင်း ငဖဲမြို့နယ်အထိ တဖြည်းဖြည်း ရောက်ရှိလာသလို အဝေးပြေးလမ်းကြော တောင်ဘက်ပိုင်းတွင်လည်း တောင်ကုတ်မှနေ၍ ဧရာဝတီမြစ်ဘေးရှိ ပန်းတောင်းမြို့နယ်အထိပါ ဦးတည်လျက်ရှိသည်။
အဆိုပါ စစ်မျက်နှာ နှစ်ခုလုံးတွင် တော်လှန်ရေးတပ်ဖွဲ့များသည် မြန်မာစစ်ကောင်စီ၏ အသက်သွေးကြော ဖြစ်သောကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များကို ခြိမ်းခြောက်ထားနိုင်ပြီဖြစ်သည်။
လာမည့်ရက်များအတွက် လောလောလတ်လတ် အန္တရာယ်ရှိနိုင်သည်မှာ မြို့ငယ်သော်လည်း မဟာဗျူဟာကျကျ တည်ရှိနေသည့် ဥသျှစ်ပင်မြို့ဖြစ်သည်။ ဥသျှစ်ပင်သည် တောင်ကုတ်-ပန်းတောင်း ကားလမ်းမတွင် အရှေ့-အနောက် ဆုံရပ်ဖြစ်ပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် တောင်-မြောက် အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ကပစ စက်ရုံအစုအဝေးကြီ၏ အလယ်တွင်တည်ရှိသလို ဧရာဝတီမြစ်နှင့်လည်း ကားဖြင့်သွားလျှင် နာရီဝက်ထက် ပိုမကြာသည့် နေရာတွင် ရှိနေသည့်မြို့ ဖြစ်သည်။ ဤမြို့ကိုသာ AA က သိမ်းပိုက်နိုင်ခဲ့မည် ဆိုလျှင် နေပြည်တော်အတွက် အကြီးအကျယ် ထိုးနှက်မှုတစ်ရပ် ဖြစ်သွားနိုင်သည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဆန်အိုးကြီးအရပ်သို့ ထိုးစစ်များသည်လည်း ရှေ့သို့ ချီတက်လျှက်ရှိသည်။ ဤထိုးစစ်များသည် AA အတွက် အားနည်းချက်ဖြစ်သည့် စစ်ကောင်စီ ရေတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ဝေးရာနေရာများ ဖြစ်သလို ကုန်းတွင်းမြို့နယ်များလည်း ဖြစ်သော လေးမျက်နှာ၊ ရေကြည်နှင့် သာပေါင်းမြို့များဆီ ဦးတည်နေသည်။ ဤသုံးမြို့သည် တောင်-မြောက် တစ်ကြောတည်း လခြမ်းကွေးပုံစံ တည်ရှိနေခြင်း ဖြစ်သည်။
ဤတိုက်ပွဲများ အားလုံး၌ မြန်မာစစ်တပ်သည် လေကြောင်းကို အားပြု ခုခံနေရပြီး ဤခုခံမှုများမှာလည်း ထိရောက်ပုံ မပေါ်ပေ။
မြေပုံအသစ် ပြန်ဆွဲခြင်း
အရှေ့ဘက်စစ်မျက်နှာရှိ မြေစမ်းခရမ်းပျိုး ထိုးစစ်များမှ စစ်ရေးအကျိုးအမြတ်များသာ သိသိသာသာ ရရှိလာမည် ဆိုလျှင် ရေရှည် နိုင်ငံရေး အခင်းအကျင်းများမှာလည်း ပိုမို ရှုပ်ထွေးလာနိုင်သည်။
AA အတွက်ဆိုလျှင်လည်း နိုင်ငံ၏ ဗဟိုချက်မ နေရာများအထိ ထိုးစစ်များ ခြေစုံပစ် ဆင်နွှဲမည်ဆိုလျှင် ရခိုင်ပြည်လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးထက် ပိုမိုကျော်လွန်သည့် ဗျူဟာတစ်ရပ် ဖြစ်သွားနိုင်သည်။
မြန်မာစစ်ကောင်စီ၏ ထိလွယ်ရှလွယ် အနေအထား၊ ရခိုင်ပြည် မြေမျက်နှာသွင်ပြင်တို့အရ AA သည် သော့ချက်နေရာသို့ အလိုအလျောက် ရောက်လာနိုင်သလို နိုင်ငံ၏ အနာဂတ်ကို ပြတ်ပြတ်သားသား ပုံဖော်သူပင် ဖြစ်သွားနိုင်သည်။ မင်းပြောင်းမင်းလွှဲ ဖန်တီးသူ ‘kingmaker’ ဟုပင် ဆိုရမလို ရှိသည်။
AA ခေါင်းဆောင်ပိုင်းကလည်း ဤအခင်းအကျိုးမျိုးကို တခါမှ မပြောခဲ့ဖူးသည်တော့ မဟုတ်ပေ။ ၂၀၂၄ ခုနှစ်က ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူး တစ်ရပ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပိုမိုကျယ်ပြန့်သည် အနေအထားကို ထည့်မတွက်ဘဲ ကိုယ့်ရည်ရွယ်ချက် ဘောင်အတွင်းမှသာ ဆောင်ရွက်နေလျှင် အောင်မြင်မည် မဟုတ်သည့်အတွက် မိမိတို့၏ ပတ်ဝန်းကျင် နယ်မြေများနှင့် တစ်နိုင်ငံလုံး လွတ်လပ်ရေးကို ထည့်သွင်းတွက်ချက်သည့် အမြင်တစ်ရပ် ကျင့်သုံးရမည်ဟု ဖြေကြားခဲ့သည်။

AA ပြောခွင့်ရ ဦးခိုင်သုခကတော့ AA ၏ စစ်ရေးပန်းတိုင်များနှင့် စစ်ကောင်စီ ပြန်လည်ခေါင်းထောင်လာနိုင်သည့် အန္တရာယ်ကို ပြောကြားရာတွင် ကွေ့ဝိုက်မနေပေ။ “ဖက်ဆစ်စစ်တပ်ကို မြန်မာ့မြေပုံက ဖယ်ရှားနိုင်မှသာ ပြည်သူလူထု၏ လုံခြုံရေး အာမခံချက်ရှိမည်” ဟု ဖြေသည်။
၂၀၂၄ ခုနှစ်အတွင်းက ပြည်တွင်းမီဒီယာ တစ်ခုကို ဖြေကြားရာ၌ သူက “စစ်ကောင်စီကို အပြီးတိုင် ရှင်းလင်းနိုင်မှသာ လွတ်လပ်ရေးနဲ့ လုံခြုံရေး အာမခံချက်ရှိမယ်လို့ ကျွန်တော် အလေးအနက် ပြောကြားလိုပါတယ်” ဟု ဖြေကြားခဲ့သည်။
ယနေ့အချိန်၌တော့ စစ်ရေးတိုးတက်မှုများသည် အလျဉ်မီလာပြီ ဖြစ်သလို တချိန်က ပြောခဲ့သည့် နိုင်ငံရေး အာဝဇ္ဇန်းများထက်ပင် ပိုမို သာလွန်နေပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ လာမည့် သီတင်းပတ်များအတွက် AA ၏ အရှေ့ဘက်ထိုးစစ်သာ အရှိန်ရလာပါက မဟာဗျူဟာနှင့် နိုင်ငံရေးအရ ပိုမိုကြီးမားသည့် သက်ရောက်မှုများက ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ပင် ပြည်တွင်းစစ်ကို အံ့အားသင့်လောက်သည်အထိ ပုံစံသစ်ပေါ်သွားစေနိုင်ခြေ ရှိနေသည်။
၂၀၂၃ ခုနှစ် နောက်ပိုင်းတွင် ပေါ်ထွက်လာသော ‘စစ်ကောင်စီသည် နယ်စပ်များကို ဆုံးရှုံးသွားပြီးနောက် မြန်မာပြည်အလယ်ပိုင်းသို့ ဆုတ်ခွာသွားပြီး အခိုင်အမာ ခံတပ်ချထားနိုင်သည်’ ဆိုသည့် အမြင်မှာလည်း မှုန်ဝါးသွားပြီဖြစ်သည်။ ရခိုင်ဦးဆောင်သည့် တပ်များသည် နိုင်ငံအနောက်ပိုင်းရှိ အဓိက မျက်နှာစာများကို ထိုးဖောက်လာပြီဖြစ်သလို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့လည်း စိမ့်ဝင်လာပြီဖြစ်သည်။
AA နှင့် ပဲခူးရိုးမ အလယ်ကြောတလျှောက်ရှိ KNLA ၏ထိုးစစ်များသာ အပြိုင်ဖြစ်လာလျှင် စစ်ကောင်စီ၏ ခံတပ်ဟု ဆိုကြသော ဤဧရိယာသည် အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲသွားမည် ဖြစ်သည်။
ပဲခူးရိုးမ အရှေ့ပိုင်း၌ ရန်ကုန်နှင့် နေပြည်တော်ကို ချိတ်ဆက်ထားသည့် စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိ KNLA ဦးဆောင်သည့် တိုက်ပွဲများသာ အရှိန်မြင့်လာမည်ဆိုလျှင် ရန်ကုန်မြောက်ပိုင်းကို ချိတ်ဆက်ထားသည့် အဆိုပါ လမ်းကြောင်းမှာလည်း သိပ်မကြာတော့ဟု ဆိုရမည်။
တချိန်တည်းတွင် AA ၏ ဧရာဝတီထိုးစစ်မှာလည်း မြန်မာပြည် ဗဟိုချက်မ၏ မြောက်ပိုင်းတလျှောက် အရှိန်ပိုမြင့်လာပြီး မကွေးမှသည် အရှေ့ဘက်၌ နေပြည်တော်နှင့် မန္တလေးအကြားရှိ အညာဒေသ ခြောက်သွေ့ဇုန်အထိ ကျယ်ပြန့်လာနိုင်သည်။

တရုတ်မျက်ခုံးလှုပ်စရာ
ဆိုခဲ့ပါ ဖြစ်ထွန်းပြောင်းလဲမှုများအား ဘေဂျင်းဘက်ကတော့ ဘာကိုမျှ ဝမ်းသာစရာအဖြစ် မြင်မည် မဟုတ်ပေ။ တရုတ်သည် ၂၀၂၄ ခုနှစ် သြဂုတ်လတည်းက မြန်မာစစ်ကောင်စီကို လုံးလုံးလျားလျား ထောက်ခံအားပေးလာခဲ့သည်။
မြန်မာ့စစ်ပွဲ အတိမ်အနက်ကို လွဲမှားကောက်ချက်ချခဲ့သည်ဟု ယူဆရမည့် အနေအထား၌ တရုတ်သံတမန်များသည် စစ်ကောင်စီ အသက်ဆက်နိုင်ရေးအတွက် မြန်မာပြည်မြောက်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေးတစ်ရပ်ရယူရန် ကြိုးပမ်းလျက်ရှိသည်။ ရုပ်လုံးပေါ်ဖွယ် မရှိသည့် ဤကြိုးပမ်းချက်သည် တရုတ်နယ်စပ် လုံခြုံရေး၊ မြန်မာပြည်ထဲရှိ တရုတ်အကျိုးစီးပွားများ၊ ရပ်ဝန်းနှင့်လမ်း စီမံကိန်းနှင့် ဆက်စပ်နေသည့် ဗျူဟာမြောက် ပထဝီရည်မှန်းချက်များအတွက် အားထုတ်နေရခြင်းလည်း ဖြစ်သည်။
တရုတ်သြဇာ အများဆုံးဟု ဆိုရမည့် မြန်မာပြည် မြောက်ပိုင်းတွင်ပင် တရုတ်၏ အားထုတ်မှုများ နောက်ပြန်လျှောကျနေသည်။ MNDAA ကိုးကန့်တပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် အပစ်ရပ်ရေး သဘောတူခဲ့ပါ၏။ လက်ရှိ ၎င်းတို့သိမ်းထားသည့် လားရှိုးအား စစ်ကောင်စီထံ ပြန်အပ်ရေး တောင်းဆိုချက်များကိုမူ လိုက်လျောရန် တွန့်ဆုတ်လျက်ရှိသည်။
AA ၏ နောက်ထပ် မဟာမိတ် တစ်ဖွဲ့ဖြစ်သော TNLA နှင့် မြန်မာစစ်ကောင်စီအကြား ငြိမ်းချမ်းရေးရယူရန် ဘေဂျင်း၏ ကြားဝင်ဆောင်ရွက်မှုများမှာလည်း အသီးအပွင့် တစုံတရာ မရှိသေးပေ။
TNLA သည် ပတ္တမြားမြေ မိုးကုတ်ဒေသမှ ဆုတ်ခွာမည့်လက္ခဏာ တစုံတရာ မပြသေးပေ။ မန္တလေးမြို့ မြောက်ဘက်တွင် ရှိသည့် မိုးကုတ်ကို TNLA က ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီသည် ဤဒေသတွင်လည်း TNLA နှင့် PDF တို့ရှိနေသော ရှေ့တန်းစစ်မျက်နှာနှင့် အလွန်အမင်း ကွာဝေးသည့် အရပ်သားဧရိယာ မြို့များကို တမင်ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများ အကြီးအကျယ် ပြုလုပ်နေသည်။
တရုတ်နယ်စပ်နှင့် ကီလိုမီတာ ၆၀၀ ခန့်ကွာဝေးသည့် နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသော AA သည် တရုတ်၏ ဝိတ်နှင့်ဖိသည့် တရုတ်ဗျူဟာကို ၎င်း၏ မြောက်ပိုင်းမဟာမိတ် အပေါင်းအဖော်များထက် ပို၍ ခံနိုင်ရည်ရှိသည်။
တရုတ်၏ မြန်မာပြည်ထဲမှ ထိပ်ဆုံးဦးစားပေး စီမံကိန်းများရှိရာ ကျောက်ဖြူတွင်ဆိုလျှင် ပြီးခဲ့သည့် သီတင်းပတ်များမှ စတင်၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက ဆောက်လုပ်နေသည့် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ရှိရာ ဤဒေသသည်လည်း တရုတ်၏ သြဇာသည် AA အပေါ် အကန့်အသတ်ဖြင့်သာ ရှိနေသည်ကို မီးမောင်းထိုးပြမည့် နေရာတစ်ခုသာ ဖြစ်နေပေသည်။
စောသန္တာအေး
ဆောင်းပါးရှင် Anthony Davis ၏ Arakan Army holds the key to breaking Myanmar’s junta ကို ကောက်နုတ်ဘာသာပြန်ဆိုပါသည်။