လားရှိုးသို့ စစ်ကောင်စီတပ် ပြန်ဝင်

ကားစီးအရေ ရာနှင့်ချီ၍ စစ်ကောင်စီ ယာဉ်တန်းများမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အလံများလွှင့်၍ ဝင် ရောက်ခြင်းဖြစ်ကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

By Admin 22 Apr 2025

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းများအားတွေ့ရစဉ်။ ဓာတ်ပုံ - Aung Phyo။
လားရှိုးမြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းများအားတွေ့ရစဉ်။ ဓာတ်ပုံ - Aung Phyo။

DMG ၊ ဧပြီ ၂၂

ကိုးကန့်(MNDAA)တပ် သိမ်းပိုက်ထားသည့် လားရှိုးမြို့သို့ စစ်ကောင်စီ ယာဉ်တန်းများ ယနေ့နံနက်ပိုင်းတွင် စတင်ဝင်ရောက်လာကြောင်း လားရှိုးမြို့ခံများထံမှသိရသည်။

ကားစီးအရေ ရာနှင့်ချီ၍ စစ်ကောင်စီ ယာဉ်တန်းများမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အလံများလွှင့်၍ ဝင် ရောက်ခြင်းဖြစ်ကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

“လားရှိုးက ဒီမနက်မှာ စစ်ကောင်စီဘက်က ကားအစီး ၁၇၀ လောက်နဲ့ ဝင်လာတယ်ပေါ့နော်၊ လူဘယ်လောက် ပါတယ်ဆိုတာတော့မသိဘူး၊ စစ်သမီးတွေလည်းပါတယ်၊ စစ်သားတွေလည်းပါတယ်” ဟု လားရှိုးမြို့ခံ အမျိုးသား တစ်ဦးကပြောသည်။

ထို့အတူ လက်ရှိ လားရှိုးမြို့တွင် ဧပြီ ၁၉ ရက်ကတည်းက တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်သည့် စောင့်ကြည့်ရေးအဖွဲ့လည်း ရောက်ရှိနေသည်။

ယမန်နေ့ ဧပြီ ၂၁ ရက်က စပြီး လားရှိုးမြို့ အထင်ကရနေရာများမှ ကိုးကန့်တပ် MNDAA အလံများ ဖြုတ်ချထားပြီး မြန်မာနိုင်ငံအလံသာကျန်ရှိကြောင်း သိရသည်။

စစ်ကောင်စီပြန်ဝင်လာခြင်းနှင့် ပတ်သတ်၍ မြို့ခံများ၏ သဘောထားကို လားရှိုးမြို့ခံတစ်ဦးက “ လားရှိုးမြို့ခံ တစ်ချို့ကတော့ စစ်ကောင်စီ ပြန်ဝင်လာတဲ့အပေါ်မှာ စိုးရိမ်စိတ်နဲ့ပဲ စောင့်ကြည့်နေကြတဲ့ အခြေအနေရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအခြေအနေကို မြို့ခံတွေက သိပ်မကျေနပ်ကြဘူး။ စစ်တပ်ထောက်ခံတဲ့ လူတစ်ချို့ က ဒီအပေါ်မှာလက်ခံတယ်ပေါ့နော်” ဟု ပြောသည်။ 

ဆွေးနွေးပွဲ သဘောတူညီချက်အရ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကိုသာ စစ်ကောင်စီထိန်းချုပ်မည်ဖြစ်ပြီး ကျန် မြို့ပတ်ဝန်းကျင်ကို ကိုးကန့်တပ်က ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်သည်။

လားရှိုးမြို့ လွှဲပြောင်းရေးနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်း၊ စစ်ကောင်စီ၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် MNDAA အထွေထွေအတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နီးစပ်သူများထံမှသိရသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိသည့် လားရှိုးမြို့ကို ပူးပေါင်းတပ်များနှင့်အတူ MNDAA က ၂၀၂၄ ဩဂုတ်လအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး အထူးဒေသ (၁) အဖြစ် အုပ်ချုပ်ရေးယန္တရားများတည် ဆောက်နေစဉ် တရုတ်၏ ပြင်းထန်ဖိအားကြောင့် ပြန်လည်လက်လွှတ်ရခြင်းဖြစ်သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Guo Jiakun က “ တရုတ်နိုင်ငံအနေဖြင့် မြန်မာက သက်ဆိုင်ရာအစု အဖွဲ့များကို နိုင်ငံရေးပြန်လည်သင့်မြတ်စေဖို့နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပြန်လည် စတင်နိုင်ဖို့ မိတ်ဆွေသဘောနဲ့ပဲ အကြံပြုပေးနေတာဖြစ်ပါတယ်” ဟု ဧပြီ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်း ထောက်များ မေးမြန်းမှုအပေါ် ပြောဆိုခဲ့သည်။

လက်ရှိ တရုတ်၏ ပြင်းထန်သည့် ဖိအားကြောင့် လားရှိုးမြို့မှ ကိုးကန့်တပ်သည် သိမ်းပိုက်ထားသည့် သိန္နီ၊ ကွမ်းလုံ စသည့်မြို့နယ်တို့ကို တပ်ဆုတ်သွားပြီဖြစ်ကြောင်း သိရသည်။

တရုတ်ဘက်မှ ယင်းကဲသို့ ပြောဆိုသော်လည်း တရုတ်သည် သူတို့၏ အကျိုးစီးပွားအတွက် စစ်ကောင်စီကို ကျားကန်ပေးထားခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများကသုံးသပ်ကြသည်။

“ဒီဖြစ်ရပ်က ရှင်းရှင်းလေးမြင်နိုင်ပါတယ်။ တရုတ်က သူတို့နယ်စပ်ကုန်သွယ်ရေးမှာ သူတို့ ပြောသမျှ လိုက်လုပ် တဲ့ စစ်ကောင်စီနဲ့ပဲ ဆက်ဆံချင် တာကြောင့်ဖြစ်တယ်။ ဒီလားရှိုးကိစ္စက နိုင်ငံရေးအမြတ်ထက် စီးပွားရေး အတွက် လို့ပဲမြင်တယ်။ ရခိုင်တို့ဘက်ကျတော့ စီးပွားရေးရော နိုင်ငံရေးရော အများကြီးရှိနေတော့ ရှမ်းမြောက် ထက် ရခိုင် အရေးကိုလည်း တရုတ် ဒီတိုင်းကြည့်နေမယ်လို့မထင်ဘူး။ ရှမ်းမြောက်လောက်လည်း တရုတ် အတွက် လွယ်မှာမဟုတ်ဘူး” ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့်ငြိမ်းချမ်းရေးလေ့လာနေသူ တစ်ဦးက သုံးသပ် သည်။

တရုတ်နိုင်ငံ၏ ဝင်ရောက်စွပ်ဖက်မှုသည် MNDAA အပြင် တအာင်းတပ် TNLA နှင့် အာရက္ခတပ်တော် AA အပြင် ကချင်လွတ်လပ်ရေးတပ် KIA အတွက်လည်း အခက်ကြုံလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေ ကြသည်။