ကျောက်ဖြူ၊ စစ်တွေ တိုက်ပွဲအတွက် စစ်ကောင်စီ ရေတပ်အင်အားတိုးချဲ့ ဖြန့်ကျက်ထား

ရခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ လက်မလွှတ်ရရေးမှာ စစ်ကောင်စီအတွက် လွန်စွာအရေးကြီးလာသည်။ 

By Admin 26 Mar 2025

စစ်ကောင်စီ၏ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds။
စစ်ကောင်စီ၏ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds။

 
DMG ၊ မတ် ၂၆ 

ရခိုင်လက်ကျန်မြို့များဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီက ရေတပ်အင်အားထပ်တိုးချဲ့ပြီး ရေပြင်တလွှားတွင် ဖြန့်ကျက်အထိုင်ချထားကြောင့် သတင်းရင်းမြစ်များထံမှ သိရသည်။ 

ကျောက်ဖြူတွင် တိုက်ပွဲမစတင်မီ ဇန်နဝါရီလအတွင်း စစ်ရေယာဉ် ၇ စီးထက်မနည်းကို ဖြည့်တင်းထားခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုမတ်လ တတိယသီတင်းပတ်တွင် စစ်ရေယာဉ် ၄ စီးထက်မနည်းကို ထပ်မံတိုးချဲ့ အထိုင်ချခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။ 

“ဧရာဝတီ၊ ဟိုင်းကြီးကျွန်းဘက်ကနေ ကျောက်ဖြူမြို့နယ်ဘက်ကို ဒီလထဲမှာပဲ စစ်ရေယာဉ်တွေ ဝင်လာတာ ရှိတယ်။ ပြီးတော့ စစ်တွေဘက်က နေဗီတွေလည်း တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း မကြာမကြာ ဝင်တယ်။ အများအားဖြင့် တိုက်ပွဲပြင်းနေတဲ့ ရက်ပိုင်းတွေမှာ ပိုတွေ့ရတယ်” ဟု ကျောက်ဖြူမြို့နယ်မှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ထပ်မံတိုးချဲ့ခဲ့သည့် စစ်ရေယာဉ်များထဲမှ စစ်ရေယာဉ် ၇ စင်းထက်မနည်းမှာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော် ကျေးရွာမှ ဇင်ချောင်းကျေးရွာအထိ မိုင် ၂၀ ကျော်ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် သံဇစ်မြစ်ကြောင်းတစ်လျှောက် လှည့်လှည်သွားလာမှုများ ပုံမှန်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

ထိုရေယာဉ်များသည် ပင်လယ်ပင်စိုးမိုးမှုနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပစ်ကူပေးနိုင်ရေးအတွက် ချထားခြင်းဖြစ်ပြီး လက်ရှိ ကျောက်ဖြူတိုက်ပွဲအတွင်း ရေပြင်ရှိ စစ်ရေယာဉ်များက လက်နက်ကြီးပစ်ကူပေးလျက်ရှိသည်။ 

“ဒီနှစ်အစောပိုင်းက အနည်းဆုံး စစ်သင်္ဘော ၇ စီးလောက်ရောက်လာပြီး ကျောက်ဖြူကို ဝိုင်းပတ်ပြီး နေရာယူထားတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် နောက်ထပ် ဘယ်နှစ်စီးလောက် ထပ်တိုးလာတယ်ဆိုတာကို အတိအကျ မသိရပေမယ့် ပုံမှန်ကျနော်တို့မြင်နေကျမဟုတ်တဲ့ စစ်သင်္ဘောတွေ ရောက်လာတာတော့ လေး စီးထက်မနည်းရှိတယ်” ဟု နောက်ထပ် ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ကာ နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ 

စစ်တွေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက စစ်ရေယာဉ်များကို ပင်လယ်ရေပြင်တွင် ဖြန့်ကျက် အထိုင်ထားကြောင်း သိရသည်။

လက်ရှိ စစ်တွေမြို့၏ တောင်ဘက်ရေပြင်၌ ဇက်သင်္ဘော ၁ စီးနှင့် နေဗီ ၁ စီး၊ စစ်တွေမြို့နယ်၊ ရွှေမင်းဂံအနီးတွင် နေဗီ ၁ စီး၊ ရသေ့တောင်မြို့နယ် မေယုမြစ်ဝတွင် နေဗီ ၂ စီးတို့သာ အထိုင်ချနေရာယူထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စစ်တွေမြို့ကို ဝန်းရံကာကွယ်ထားသည့် စစ်ရေယာဉ် ၁၀ စီးထက်မနည်းရှိပြီး လက်ရှိ ယင်းထဲမှ စစ်ရေယာဉ် ၅ စီးမှာ ယခုနှစ် မတ်လမှစ၍ ကျောက်ဖြူမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ပေါက်တော မြို့နယ် ပင်လယ်ပြင်ရေပိုင်နက်များအတွင်း နေ့စဉ် ကင်းလှည့်သွားလာမှုများပြုလုပ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

“ပထမကတော့ နေဗီတွေ စစ်တွေကို ဝန်းရံထားတာ အများကြီးပဲ။ အခု ကျောက်ဖြူတိုက်ပွဲ စပြီးနောက်ပိုင်း နေဗီ အများစုက လှည့်လှည်ပြီး အတက်အဆင်းတွေ လုပ်တယ်။ စစ်တွေအနီး အထိုင်နေဗီကတော့ ငါးစီးလောက်ပဲ ရှိတော့တယ်” ဟု စစ်တွေမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ရခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ လက်မလွှတ်ရရေးမှာ စစ်ကောင်စီအတွက် လွန်စွာအရေးကြီးလာသည်။ 

လက်ကျန်မြို့သုံးခုထဲမှ စစ်တွေ၊ ကျောက်ဖြူတို့တွင် လက်ရှိ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းကာ ခုခံစစ်ကိုမြှင့်တင် တိုက်ခိုက်လျက်ရှိသည်။ 

ထိုမြို့နယ်တို့မှာ ပင်လယ်ပြင်ဆိပ်ကမ်းမြို့များဖြစ်သည့်အလျောက် စစ်ကောင်စီအတွက် ရေတပ်မှာလည်း အရေးပါသော ကဏ္ဍ၌ရှိနေသည်။ ထိုကြောင့် စစ်ကောင်စီသည် ထိုမြို့တို့ကို ကာကွယ်နိုင်ရန်အတွက် ရေတပ်အင်အားကို တိုးမြှင့်လာခြင်းဖြစ်သည်။ 

စစ်တွေ၊ ကျောက်ဖြူတိုက်ပွဲတို့တွင် စစ်ကောင်စီအနေဖြင့် မြေပြင်တွင် စစ်ရေးအရသော်လည်းကောင်း၊ အခြား စစ်ကူအင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာစသည့် ထောက်ပို့လမ်းကြောင်းမရှိသဖြင့် ရေတပ် ကိုအဓိကအားကိုနေရသည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။

“ဒါပေမဲ့ ရေတပ်ကတော့ ကမ်းအနီးကို ကပ်ဖို့ကတော့ မလွယ်ဘူးပေါ့။ ဒီဘက်(အေအေ)က လက်နက်ကြီးတွေနဲ့ ထောက်ထားတော့ သူတို့ (စစ်ကောင်စီ စစ်ရေယာဉ်) အနေနဲ့ ကမ်းကပ်ဖို့ မလွယ်ဘူး။ ထိုးစစ် ပြင်းထန်လာတဲ့ အခါမှာ ရေတပ်တွေဟာ အဝေးကနေပြီးတော့ မြို့၊ ရွာတွေကို ဖျက်ဆီးဖို့အတွက် လုပ်ကြလိမ့်မယ်။ သူတို့(စစ်ကောင်စီ) အနေနဲ့ တော့ ပြန်ပြီးထိုးစစ်ဆင်ပြီးတော့ ရအောင်သိမ်းပိုက်နိုင်တဲ့အနေအထားတော့ မရှိပါဘူး” ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီသည် ရခိုင်ရှိ ကုန်းမြေအများအပြားအား AA ထံ လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် ပင်လယ်ရေပြင်ကို စိုးမိုးထားနိုင်ရေးအတွက် ကြိုးပမ်းလာနေကာ စစ်ရေယာဉ်များကို ရခိုင်ပင်လယ်ပြင်များ၌ ဖြန့် ကျက်ထားသည်။

လက်ရှိ စစ်ကောင်စီ၏ စစ်ရေယာဉ် ၂ စီးမှာ AA ထိန်းချုပ်ထားသည့် ရမ်းဗြဲမြို့နယ်၊ စကုကျွန်းအနီးနှင့် တောင်ကုတ်ကလိန်တောင် မြစ်ဝတစ်ကြောအပြင် သံတွဲမြို့နယ်အတွင်း ရေပြင်တို့တွင် အထိုင်ချနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယခုအာရက္ခတပ်တော်၏ လက်ကျန်မြို့သိမ်းတိုက်ပွဲများမှာ အပြင်းထန်ဆုံးမဟုတ်ဘဲ ဖြတ်တောက်ပို့ဆို့ကာ ဖြတ်လေးဖြတ်စစ်ဗျူဟာဖြင့် ဆင်နွှဲနေသည်။ ကျောက်ဖြူ၊ စစ်တွေမြို့တို့တွင် အခြေအနေနှင့်အချိန်အခါအရ ထိုးစစ်အရှိန်မြှင့်ကာ ပြင်းထန်သည့် မြို့သိမ်းတိုက်ပွဲဖြစ်လာနိုင်သလို အချိန်ယူပြီးမှလည်း တိုက်ခိုက်နိုင်ခြေရှိ ကြောင်း လေ့လာသူများက ရှုမြင်ထားကြသည်။