- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
ရခိုင့်နိုင်ငံရေး အပြောင်းအလဲနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုံရဲ့ အနာဂတ်
ရခိုင်တစ်ပြည်လုံးကို ထိန်းချုပ်ပြီးရင် ULA အနေနဲ့ ကျောက်ဖြူစီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်ဖို့ ငွေကြေးပမာဏရှိလားဆိုတာက မေးခွန်းထုတ်စရာဖြစ်ပါတယ်။
03 Feb 2025
မျိုးငြိမ်းနိုင် - ရေးသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုံဆိုတာ ဘာလဲ
ဘီလီယံဒေါ်လာတန်ဖိုးရှိတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုံ (Kyaukphyu Speicial Economic Zone - KP SEZ) ကို တရုတ်အစိုးရရဲ့ စီးပွားရေးမဟာဗျုဟာစီမံကိန်းတစ်ခုဖြစ်တဲ့ Belt and Road initiative (BRI) ခေါင်းစဉ်အောက်ကနေ စတင်ခဲ့တာဖြစ်တယ်။
ဝါရှင်တန်ပို့စ် သတင်းဌာနအရ တရုတ်ရဲ့ BRI စီမံကိန်းအောက်ကနေ နိုင်ငံပေါင်း (၅၀) ကျော်မှာ ဆိမ်ကမ်းပေါင်း ၁၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်းလည်း အပါအဝင်ဖြစ်တယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုံကို ရေနက်ဆိပ်ကမ်း (Deep Seaport) စီမံကိန်းနဲ့ အထူးစီးပွားရေးဇုံ (Special Economic Zone) စီမံကိန်းဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ ရေနက်ဆိပ်ကမ်းစီမံကိန်းက တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်မရှိတဲ့ ယူနန်ပြည်နယ်က အိန္ဒိယသမုဒ္ဒရာထဲကို ထွက်ပေါက်ရအောင် ရည်ရွယ်ပါတယ်။
ယူနန်ပြည်နယ်ရှိ ကူမင်းမြို့ကနေ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို (ကူမင်း-မူဆယ်-မန္တလေး-ကျောက်ဖြူ) ၁,၄၀၀ ကီလိုမီတာရှည်တဲ့ ရထားလမ်းကို အသုံးပြုကာ ကုန်သွယ်ဆက်ဆံမှာဖြစ်ပါတယ်။ ဒီစီမံကိန်းက တရုတ်နဲ့ အိန္ဒိယကြား ကူးသန်းရောင်းဝယ်ရေးအတွက် အကွာအဝေးအတိုဆုံး လမ်းကြောင်းတစ်ခုဖြစ်လာမှာပါ။
ဒါကြောင့် ဒီစီမံကိန်းဟာ တရုတ်သမ္မတ Xi Jinping ရဲ့ "ရာစုနှစ်ရဲ့စီမံကိန်း" (project of the century) ထဲမှာ ပါဝင်ပြီး တရုတ်စီးပွားရေးအတွက် အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရရဲ့ ပါဝင်ပတ်သက်မှု
၂၀၁၁ ခုနှစ် ဦးသိန်းစိန် အာဏာရလာတဲ့အချိန် မြန်မာလူထုကြား တရုတ်ဆန့်ကျင်ရေးရည်တည်ချက် (Anti-Chinese Sentiment) တွေ မြင့်တက်လာခဲ့တယ်။ ဦးသိန်းစိန်အစိုးရနဲ့ စစ်တပ်က တရုတ်အပေါ်အားကိုးတာတွေကို လျော့ချတာပြနိုင်ဖို့ ပြည်သူတွေ ဆန္ဒပြကန့်ကွက်ခဲ့ကြတဲ့ မြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းကို ရပ်ဆိုင်းခဲ့တယ်။ ၂၀၁၃ မှာ ကျောက်ဖြူအထူးစီးပွားရေးဇုံ စီမံကိန်းရဲ့ အစီအစဉ်တွေကို ပထမဆုံး ကြော်ငြာခဲ့တယ်။
ဦးသိန်းစိန်အစိုးရက ကျောက်ဖြူအထူးစီးပွားရေးဇုံကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ကုန်ကျစရိတ်ဖြင့် China International Trust and Investment Corporation (CITIC) Group နဲ့ သဘောတူညီချက် ရရှိခဲ့တယ်။
အကျိုးအမြတ်ကို CITIC က ၈၅ ရာခိုင်နှုန်းကိုယူပြီး မြန်မာအစိုးရက ကျန် ၁၅ ရာခိုင်နှုန်းကို ရမှာဖြစ်တယ်။ CITIC Group က ၂၀၁၇ ခုနှစ်မှာ CITIC Group (Myammar) အမည်ဖြင့် NLD အစိုးရဆီမှာ မှတ်ပုံတင်စာရင်းသွားခဲ့တယ်။
NLD အစိုးရလက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုံရဲ့ ယခင်ခန့်မှန်းထားတဲ့ ကုန်ကျစရိတ်က ကြီးလှတာကြောင့် စီမံကိန်းစကေးကို လျော့ချခဲ့တယ်။ အကျိုးအမြတ်ခွဲဝေမှုကိုလည်း CITIC Group (Myanmar) က ၇၀ ရာခိုင်နှုန်းနဲ့ NLD အစိုးရက ၃၀ ရာခိုင်နှုန်းရအောင် ပြန်လည်စေ့စပ်ဆွေးနွေးခဲ့တယ်။
စီမံကိန်းလုပ်ပိုင်ခွင့်ကိုလည်း နှစ် ၅၀ ထိ သဘောတူခဲ့ကြတယ်။ နှစ် ၅၀ ပြီးရင် နှောက်ထပ် ၂၅ နှစ်အထိ ထပ်တိုးလုပ်ပိုင်ခွင့်ကိုလည်း ထည့်သွင်း သဘာတူခဲ့တယ်။
NLD အစိုးရနဲ့ CITIC Group (Myanmar) သဘောတူညီချက်အရ NLD အစိုးရအနေနဲ့ အကျိုးအမြတ်ပမာဏ အထူးစီးပွားရေးဇုံက အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံနဲ့ ရေနက်ဆိပ်ကမ်းက အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံကို ရရှိမှာဖြစ်တယ်။
ULA သတိထားရမယ့် အချက်များ
အကျိုးအမြတ်ပမာဏများတဲ့ ဒီစီမံကိန်းက ရခိုင်လူထုအတွက် မက်မောစရာဖြစ်နေသည်မှာ မမှားပေ။ ရခိုင်အိမ်မက် ရခိုင်နိုင်ငံတည်ဆောက်ဖို့ လုံလောက်သည့် ဘဏ္ဍာရေးငွေကြေး ပမာဏဖြစ်နေသည်။ဒါပေမဲ့ တရုတ်ရဲ့ စီမံကိန်းတွေနောက်မှာ ဆိုးကျိုးများစွာပါတာကို ရခိုင်လူထုနဲ့ ULA အစိုးရအနေနဲ့ သတိထားသင့်သည့် အချက်ဖြစ်တယ်။
တရုတ်-မြန်မာပိုက်လိုင်း (ရွှေဂတ်စ်စီမံကိန်း)တုန်းက ကျောက်ဖြူဒေသခံ တော်တော်များက အတင်း မြေယာသိမ်းဆည်းခံရတာ၊ လျော်ကြေးမပေးတာ၊ ပြန်လည်နေရာချထား မပေးတာတွေစတဲ့ မြန်မာအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုများကို ခံခဲ့ရတာဖြစ်တယ်။
ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်မှာ စီမံကိန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ပြည်သူလူထုကို ချမပြခဲ့ပေ။
တရုတ်ရဲ့ အကြွေးထောင်ချောက်
တရုတ်ဟာ အင်အားကြီးနိုင်ငံဖြစ်လာတဲ့အတွက် စီးပွားရေးပါဝါကို အဓိကထားပြီး ဖွဲ့ဖြိုးတိုးတက်ဆဲ နိုင်ငံတော်တော်များများကို ကျုးကျော်နေတာဖြစ်တယ်။ ကမ္ဘာဘဏ်၏ Debt Service Suspension Initiative (DSSI) ရဲ့ ခန့်မှန်းချက်အရ တိုးတက်မှုဖွဲ့ဖြိုးမှုနောက်ကျတဲ့ အာဖရိကနိုင်ငံ ၄၀ ဟာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံကျော်ထိ တရုတ်အစိုးရကို အကြွေးတင်နေတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်ဟာ အာဖရိကနိုင်ငံတွေကို Belt and Road Initiative (BRI) စီမံကိန်းအောက်ကနေ ဝင်ရောက်ကာ ရထားလမ်းနဲ့ ရေနက်ဆိပ်ကမ်းများဆောက်လုပ်တယ်၊ ကုန်ကျစရိတ်အတွက် အစိုးရကို အတိုးအနည်းနဲ့ ငွေချေးကာ နယ်ချဲ့တဲ့နည်းဖြစ်တယ်။ နိုင်ငံစီးပွားရေးကျဆင်းတဲ့အချိန် အကြွေးမပေးနိုင်တဲ့အခါ နိုင်ငံပိုင် ဆိပ်ကမ်း၊ လေဆိပ်နဲ့ အခြားသဘာဝသယံဇာတတွေကို သိမ်းလေ့ရှိတယ်။
သီရိလင်္ကာနိုင်ငံရဲ့ Hambantota ဆိပ်ကမ်းကို ၂၀၁၇ မှာ အကြွေးမပေးနိုင်တဲ့အတွက် တရုတ်ကသိမ်းယူခဲ့တယ်။ ဒါကြောင့် တရုတ်ကို ခေတ်သစ် ချစ်တီးကုလားလို့ တင်စားရင် မှားမှာမဟုတ်ပါ။
ရခိုင်တစ်ပြည်လုံးကို ထိန်းချုပ်ပြီးရင် ULA အနေနဲ့ ကျောက်ဖြူစီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်ဖို့ ငွေကြေးပမာဏရှိလားဆိုတာက မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ULA မှာ ဆက်လက်အကောင်ထည်ဖော်ဖို့ ငွေကြေးပမာဏ မရှိရင် ဒီစီမံကိန်း ရပ်တန့်သွားနိုင်မယ့်အခြေအနေရှိတယ်လို့ ခန့်မှန်းမိပါတယ်။ ULA အနေနဲ့ စီမံကိန်းကိုမရပ်ဘဲ တရုတ်ဆီကချေးငွေနဲ့ အကောင်ထည်ဖော်မယ်ဆိုရင် တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲကို မဝင်မိအောင် သတိထားရမှာဖြစ်တယ်။
ULA အနေနဲ့ ယခင် NLD အစိုးရ သဘောတူထားတဲ့ ၇၀-၃၀ ရာခိုင်နှုန်း အမြတ်ခွဲဝေမှုကိုရော လက်ခံမှာလား။ ရခိုင်လူထုရဲ့ သဘောထားကလည်း အရေးပါတဲ့အရာဖြစ်တဲ့အတွက် ULA အနေနဲ့ ပြန်လည်သုံးသပ် ဆုံးဖြတ်ချက်ချရမယ့် အနေအထားဖြစ်တယ်။
ဒီစီမံကိန်းဟာ ရခိုင်နိုင်ငံအတွက် အကျိုးအမြတ်များစွာ ယူလာမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ULA အနေနဲ့ ရခိုင်တစ်ပြည်လုံးထိန်းချုပ်ပြီးရင် ကျောက်ဖြူအထူးစီးပွားရေးဇုံရဲ့ အနာဂတ်ကို ဘယ်လိုအဆုံးအဖြတ် ပေးမှာလဲဆိုတာ ဆက်လက်နားစောင့်ရင်း …….