ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား

" ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ပထဝီနိုင်ငံရေးအရ၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက် အရေးကြီးပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်တာကြောင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်တယ်" ဟု စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

By Admin 12 Mar 2025

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ တရုတ်စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် တွေ့ရစဉ်။
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ တရုတ်စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် တွေ့ရစဉ်။

DMG ၊ မတ် ၁၂

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်ထည်ဖော်ရန် ကိစ္စရပ်များကို သက်တမ်းတိုးမြှင့်ထားသည့် ကာလအတွင်း နှစ်ဦးနှစ်ဖက်လုပ်ငန်းများအား ပြီးပြတ်ရန်နှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယမန်နေ့ (မတ် ၁၁ ရက်) တွင် စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွှန်ကြားလိုက်သည်။

အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်တွင် ကနဦး ချုပ်ဆိုခဲ့သည်။

ယင်းနောက် အဆိုပါ Concession Agreement ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်၌ စီမံကိန်းကုမ္ပဏီနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို သက်တမ်းတိုးပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုသက်တမ်းတိုးမြှင့်ထားသည့်ကာလသည် ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက်တွင် ပြည့်မြောက်မည်ဖြစ်သည့်အတွက် သတ်မှတ်ကာလမတိုင်မီ နှစ်လအလိုတွင် နှစ်ဦးနှစ်ဖက်လုပ်ငန်းများ ပြီးပြတ်အောင် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်၍ လုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အခြားပါဝင်သည့် ကော်မတီများကလည်း လုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ကန့်သတ်ချက်များကြားမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း ဆိုသည်။

" ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ပထဝီနိုင်ငံရေးအရ၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက် အရေးကြီးပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်တာကြောင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်တယ်" ဟု စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းနှင့်၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး မတ် ၁၁ ရက်နေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာတွင် ဖော်ပြသည်။

လက်ရှိတွင် ပထဝီနိုင်ငံရေးအခြေအနေအရ နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များကို အကောင်အထည်‌ဖော်ရာတွင် စီးပွားရေးရှု့ထောင့်တစ်ခုတည်း မကြည့်ဘဲ နိုင်ငံရေးအနေဖြင့်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်များတွင်လည်း ပို့ကုန်တိုးမြှင့်ရေးအတွက် ပို့ကုန်များကို ဦးစားပေးထုတ်လုပ်မည့် လုပ်ငန်းရှင်များကို ရွေးချယ်ဖိတ်ခေါ်သွားမည်ဟုလည်း ဒုစစ်ခေါင်းဆောင်က ဆိုသည်။

တစ်ဖက်မှာလည်း ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Belt and Road စီမံကိန်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုမြှင့်တင်စေနိုင်မည်ဟုလည်း ပြောသည်။

လက်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်မြေနေရာနှင့် အနီးအနားတို့တွင် စစ်ကောင်စီနှင့် အာရက္ခာတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့်အတွက် စီမံကိန်းအကောင်အထည်ဖော်ရန်လည်း ဖြစ်နိုင်မည်မဟုတ်ကြောင်း ဆိုသည်။

" ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်လို့ အချက် နှစ်ချက် မြင်မိတယ်။ ပထမတချက်က စစ်ကောင်စီအနေနဲ့ ဒီစီမံကိန်းကို လုံးဝလက်မလွတ်ချင်တာ သိသာနေတယ်။ ကျောက်ဖြူမြို့ကို လက်လွှတ်ခဲ့ရင်တောင်မှ တရုတ်နဲ့ ညှိနှိုင်းပြီး ပုံစံတမျိုးမျိုးနဲ့ အကျိုးအမြတ်ရအောင် စစ်ကောင်စီက လုပ်လာမယ်လို့ ထင်တယ်" ဟု အမေရိကန်ပြည်ထောင်စု Saint Olaf College တွင် Qua ntitative Economics (စီးပွားရေးဘာသာရပ်) အားလေ့လာနေသည့် ရခိုင်လူငယ် ကိုမျိုးငြိမ်းနိုင်က ပြောသည်။

ဆက်လက်၍ ၎င်းက " နောက်တစ်ခုက စစ်ကောင်စီဟာ တရုတ်ပိုင် စီမံကိန်းကို အကြောင်းပြပြီး AA ကို စစ်ရေးအရ ဖိအားပေးဖို့ ကြိုးစားနေတာလို့ မြင်တယ်။ ဒီအချက်တွေကြောင့် စီမံကိန်းကို ပြီးမြောက်အောင် ကြိုးပမ်းနေတာလို့ မြင်မိတယ် " ဟု ဆိုသည်။

ကျောက်ဖြူစီမံကိန်းသည် တရုတ်အစိုးရ၏ စီးပွားရေးမဟာဗျုဟာ စီမံကိန်းတစ်ခုဖြစ်သည့် Belt and Road initiative (BRI) ခေါင်းစဉ်အောက်တွင် ရှိသည်။ ယင်းစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် တန်ဖိုးရှိပြီး အရေးပါသည့် စီမံကိန်းတစ်ခု ဖြစ်သည်။

စစ်ကောင်စီက အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်စာချုပ်ကို တရုတ်ကုမ္ပဏီ(CITIC)နှင့် မြန်မာအစိုးရတို့အကြား ၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်(Concession Agree ment) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခုပါဝင်ကာ စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်း ဖြစ်လာနိုင်သည်။