- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
စစ်ကောင်စီ ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ALP ပါတီက စစ်ဘေးရှောင်များကို ငွေကြေးပေးပြီး စစ်သင်တန်းတက်ရန် စည်းရုံးနေကြောင်း သိရသည်။
12 Apr 2025

DMG ၊ ဧပြီ ၁၂
စစ်ကောင်စီ ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ALP ပါတီက စစ်ဘေးရှောင်များကို ငွေကြေးပေးပြီး စစ်သင်တန်းတက်ရန် စည်းရုံးနေကြောင်း သိရသည်။
စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအသီးသီးတွင် စစ်ဘေးရှောင် ထောင်နှင့်ချီ ခိုလှုံနေကြပြီး ယင်းစစ်ဘေးရှောင်များကို ALP က စစ်ကောင်စီ ခွင့်ပြုချက်ဖြင့် လိုက်လံ စည်းရုံးနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" စစ်သင်တန်းတက်ဖို့အတွက် စစ်ဘေးရှောင်တွေကို ငွေပေးပြီးတော့ စည်းရုံးနေတယ်။ သင်တန်းတက်သူတွေကို ငွေပေးတယ်။ ငွေဘယ်လောက်ဆိုတာကို မပြောခိုင်းဘူး။ အလုပ်အကိုင်မရှိတဲ့ သူတွေက စားဝတ်နေရေး အခက်အခဲရှိတော့ သင်တန်းတက်တဲ့သူတွေ ရှိတယ်။ အဲဒီထဲမှာ ကလေးတွေနဲ့ လူကြီးတွေလည်းပါတယ် " လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းအပြင် သင်တန်းဆင်းသူများကိုလည်း ငွေကြေးနှင့် အခြားစားနပ်ရိက္ခာထောက်ပံ့ထားပြီး ပြန်ထွက်၍ မရအောင် ကတိကဝတ်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လနောက်ဆုံးအပတ်က စစ်တွေမြို့၊ မင်းဂံအကွက်(၄)တွင် လူ(၅၀) ခန့်ကို ALP က စစ်သင်တန်းပေးခဲ့သည်။
" ပြီးခဲ့တဲ့လ (ဖေဖော်ဝါရီ)ကလည်း စစ်သင်တန်းဆင်းသူတွေကို စစ်ကောင်စီတပ်ရင်းတွေကို ပို့ဆောင်နေတာတွေ ရှိတယ်။ စစ်တွေမှာ သူတို့(ALP) က စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ လုပ်ချင်သလို လုပ်နေကြတာ " ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က ALP သည် ၎င်းတို့ စစ်သင်တန်းပေးထားသည့် စစ်တွေမြို့၊ မင်းဂံ အကွက် (၂) မှ လူငယ် ၅၀ ခန့်ကို ဒကစ ဌာနချုပ်နှင့် ရဲတပ်ရင်း (၁၂) သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ALP တာဝန်ရှိသူ ဒေါ်စောမြရာဇာလင်းနှင့် ခိုင်သူရိန်တို့ကို DMG က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
စစ်တွေမြို့တွင် ကျေးရွာပေါင်း ၂၀ ထက်မနည်းက ကျေးရွာသားများကို စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်ခဲ့သဖြင့် မြို့ထဲ ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်ကြသည်။
စစ်ဘေးရှောင်တစ်ဦးက " ကျနော်တို့မှာ အလုပ်အကိုင်လည်း မရှိဘူး။ ထောက်ပံ့မှုတွေလည်း မရှိတဲ့အတွက် ငတ်ပြတ်နေကြပြီ။ ချက်စရာဆန်မရှိရင် ဘေးနားက အိမ်တွေက ထမင်းကျန်တွေကို တောင်းပြီးတော့ စားသောက်နေရကြရတယ် " ဟု ပြောသည်။
စစ်တွေမြို့တွင် ALP သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ လုံခြုံရေးကင်းလှည့်ခြင်း၊ ဒေသခံများကို ဖမ်းဆီး ငွေညှစ်ခြင်းများအပြင် ဖမ်းဆီးထားသူများကို အတင်းအဓမ္မစစ်သင်တန်းပေးခြင်းမှာ ရခိုင်လူမျိုးအချင်းချင်း မတရားလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
စစ်တွေမြို့မှ လူငယ်တစ်ဦးက " အမှုတစ်ခုခုဖြစ်ရင်လည်း ရဲတွေထက် သူတို့(ALP) ကို ပိုပြီးတော့ တင်ပြရ တယ်။ ကိုယ့်အိမ်ကို ဖြိုမယ်ဆိုရင်လည်း သူတို့ကို တိုင်ရတယ်။ ပစ္စည်းတစ်ခုခုပြောင်းမယ်ဆိုရင်လည်း သူတို့ကို အခကြေး ငွေပေးရတယ်။ ဒါတွေဟာ ကိုယ့်လူမျိုးအချင်းအချင်း မတရားအနိုင်ကျင့်နေတာ ဖြစ်တယ် "ဟု ပြောသည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့သည် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တွေမြို့ကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထား၍ ဒေသခံ အများအပြားမှာ မြို့တွင်း၌ ပိတ်မိနေကြသည်။