ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ

ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ရဲတပ်ရင်း (၁၂) သို့ ပို့ဆောင်နေခြင်း ဖြစ်သည်။

By Admin 12 Mar 2025

ဓာတ်ပုံ - ALP/ File Photo
ဓာတ်ပုံ - ALP/ File Photo

DMG ၊ မတ် ၁၂

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ၎င်းတို့ အတင်းအဓမ္မ စစ်သင်တန်းပေးထားသည့် ဒေသခံများကို စစ်ကောင်စီတပ်ရင်းများသို့ ပို့ဆောင်နေကြောင်း သိရသည်။

ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ရဲတပ်ရင်း (၁၂) သို့ ပို့ဆောင်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က ALP သည် ၎င်းတို့ စစ်သင်တန်းပေးထားသည့် စစ်တွေမြို့၊ မင်းဂံ အကွက် (၂) မှ လူငယ် ၅၀ ခန့်ကို ဒကစ ဌာနချုပ်နှင့် ရဲတပ်ရင်း (၁၂) သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

" အပို့ခံရတဲ့ သူတွေက ALP က ဖမ်းဆီးပြီး သင်တန်းပေးထားသူတွေပါ။ အဓိက သူတို့ကို AA နဲ့ တိုက်ပွဲတွေမှာ အသုံးပြုဖို့အတွက် ပို့တာလို့ ထင်တယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ လူငယ် ၅၀ ခန့်ကို ALP က ဖေဖော်ဝါရီ ၁၇ ရက်မှစကာ ၁၅ ရက်ကြာ စစ်သင်တန်းပေးပြီးနောက် စစ်ကောင်စီတပ်ရင်းများသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ ALP သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ စစ်တွေမြို့၌ လုံခြုံရေးကင်းလှည့်ခြင်း၊ ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း ပြောဆိုကြသည်။

ယခု တိုက်ပွဲကာလအတွင်း ALP သည် စစ်တွေမြို့ရှိ မင်းဂံ၊ ကန်တော်ကြီး၊ ကုန်တန်း၊ ဆက်ရိုးကျ (ကယ်ဆယ်ရေး)စသည့် ရပ်ကွက်တို့မှ ဒေသခံ ရာနှင့်ချီကို ဖမ်းဆီးခဲ့ကြောင်း DMG ၏ မှတ်တမ်းများအရ သိရသည်။

လက်ရှိတွင် ALP က ဖမ်းဆီးထားသူများကို အတင်းအဓမ္မစစ်သင်တန်းပေးမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီ တပ်ရင်းများသို့ ပို့ဆောင်ခြင်းများ ရှိလာနေခြင်း ဖြစ်သည်။

စစ်တွေ ဒေသခံတစ်ဦးက " ALP က စစ်တွေက လူငယ်တွေကို ဖမ်းဆီးတယ်။ စစ်သင်တန်းပေးပြီး စစ်ကောင်စီ တပ်ရင်းတွေကို ပို့တယ်။ ဒါကို ကျနော်တို့ လုံးဝလက်ခံနိုင်စရာအကြောင်း မရှိဘူး" ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က ALP ထံ ဖမ်းဆီးခံခဲ့ရသည့် မင်းဂံ အကွက် ၁၂ နှင့် ၁၄ ရပ်ကွက်မှ အသက် ၂၀ အရွယ် လူငယ် ၄ ဦးမှာ လက်ရှိတွင် စစ်သင်တန်းတက်နေရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိတွင် ALP ထံ ဖမ်းဆီးခံထားရသည့် ဒေသခံများမှာ စစ်သင်တန်းတက်ရောက်ပြီးနောက် စစ်ကောင်စီ တပ်ရင်းများသို့ ပို့ဆောင်ခံနေရ၍ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ALP တာဝန်ရှိသူ ဒေါ်စောမြရာဇာလင်းနှင့် ခိုင်သူရိန်တို့ကို DMG က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပြီး အထူးသဖြင့် လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာတို့ဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။