ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး

ဝေးလံခေါင်သီသော တောင်ထူထပ်ရာနေရာဒေသတွင် ခရီးသည်မည်မျှ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်ကို ရဲတပ်ဖွဲ့က မဖော်ပြထားသော်လည်း လက်နက်ကိုင်များကမူ ၎င်းတို့အနေနှင့် လူ ၂၁၄ ဦးကို ဖမ်းဆီးထားသည်ဟု ပြောကြားထားပြီး အဆိုပါဓားစာခံများကို ကွပ်မျက်သတ်ဖြတ်မည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

By Admin 12 Mar 2025

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က အနောက်တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ်ရှိ ဝေးလံခေါင်သီသော တောင်တန်းဒေသတွင် လက်နက်ကိုင် စစ်သွေးကြွများက ရထားကို ခြုံခိုတိုက်ခိုက်လိုက်ပြီးသည့်နောက်၌ ပါကစ္စတန်စစ်သားများက မီးရထားဘူတာရုံတစ်ခုကို လုံခြုံရေး ရယူပေးထားသောမြင်ကွင်းဖြစ်သည်။ (ဓာတ်ပုံ - AFP)

DMG ၊ မတ် ၁၂

ပါကစ္စတန်နိုင်ငံတွင် ခွဲထွက်ရေးဝါဒီ လက်နက်ကိုင်များသည် မတ်လ ၁၁ ရက်နေ့က နိုင်ငံ အနောက်တောင်ပိုင်းတွင် မီးရထားသံလမ်းကို ဖောက်ခွဲကာ ခရီးသည်တင် ရထားတစ်စီးကို ခရီးသည် ဒါဇင်နှင့်ချီကာ ဓားစာခံအဖြစ် ဖမ်းဆီးထားလိုက်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓားစာခံများကိုကယ်တင်ရန်အတွက် စစ်ဆင်ရေး လုပ်ဆောင်နေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝေးလံခေါင်သီသော တောင်ထူထပ်ရာနေရာဒေသတွင် ခရီးသည်မည်မျှ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်ကို ရဲတပ်ဖွဲ့က မဖော်ပြထားသော်လည်း လက်နက်ကိုင်များကမူ ၎င်းတို့အနေနှင့် လူ ၂၁၄ ဦးကို ဖမ်းဆီးထားသည်ဟု ပြောကြားထားပြီး အဆိုပါဓားစာခံများကို ကွပ်မျက်သတ်ဖြတ်မည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

"တိုက်ခိုက်ခံထားရတဲ့ ရထားကလည်း အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေတုန်းပါပဲ။ လက်နက်ကိုင်တွေကတော့ အခုအချိန်ထိ ခရီးသည်တွေကို ထိန်းသိမ်းထားတုန်းပဲဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တကယ့်ကိုကြီးမားလှတဲ့ စစ်ဆင်ရေးတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်" ဟု ခရိုင်ရဲအရာရှိ ရာနာ ဒီလာဝါး က ပြောကြားသည်။

စစ်ဆင်ရေးတွင် ရဟတ်ယာဉ်များနှင့် အထူးတပ်ဖွဲ့များကို ဖြန့်ကျက်ချထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ရထားသည် ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်း၌ ပိတ်မိနေပြီး ရထားကို မောင်းနှင်လာသည့် ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၊ ရဲတပ်ဖွဲ့နှင့် မီးရထားအရာရှိများက ပြောကြားခဲ့သည်။

ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဘာလော့ချ် လွတ်မြောက်ရေးတပ်မတော်က ၎င်းတို့သည် သံလမ်းများကို ဖောက်ခွဲလိုက်ပြီးနောက် ရထားကို လျင်လျင်မြန်မြန်ပင် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့က ၎င်းတို့သည် ဆက်လက်လုပ်ဆောင်နေသော စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးကို လက်တုံ့ပြန်သောအားဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ဓားစာခံများအနက်မှနေ၍ လူ ၁၀ ဦးကို ကွပ်မျက်မည်ဟု ပြောကြားခဲ့သည်။

ဘာလော့ချ် လွတ်မြောက်ရေး တပ်မတော်(BLA)က ဘာလော့ချ် နိုင်ငံရေးအကျဉ်းသားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပျောက်ဆုံးနေသူများကို ၄၈ နာရီအတွင်း ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး အဆိုပါပုဂ္ဂိုလ်များကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုလည်း BLA က ပြောကြားခဲ့သည်။

"BLA က အကျဉ်းသားလဲလှယ်ရေးအတွက် ပြင်ဆင်ထားပါတယ်။ သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားထဲမှာ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောခဲ့ရင် ဒါမှမဟုတ် ဒီအချိန်အပိုင်းအခြားထဲမှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာကို စစ်ရေးအရ တစ်ခုခုလုပ်ဖို့ ကြိုးစားလာခဲ့ရင် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအားလုံးကို ကွပ်မျက်ချေမှုန်းပစ်ပြီး ရထားကိုလည်း အလုံးစုံ ဖျက်ဆီးပစ်လိုက်မှာပါ" ဟု အဆိုပါအဖွဲ့မှ ပြောကြားထားသည်။