ရခိုင်ပြည်တည်ဆောက်ရေးထဲက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်ပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေဟာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေကြသလဲ ဆိုတာကို DMG က မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

By Admin 08 Mar 2025

ရခိုင်ပြည်တည်ဆောက်ရေးထဲက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ

DMG | မတ် ၈

ရခိုင်ပြည်အတွင်းက မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က စစ်ကောင်စီကင်းစင်တဲ့ နယ်မြေတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။ 

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်ပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေဟာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေကြသလဲ ဆိုတာကို DMG က မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

ဒေါ်ညိုအေး (ဥက္ကဌ)၊ ရခိုင်အမျိုးသမီးများကွန်ရက်

ရခိုင်ပြည်ရဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ကာကွယ်ရေးကဏ္ဍတွေမှာလည်း အမျိုးသမီးတွေက ဘက်ပေါင်းစုံကနေ လက်တွေ့ကျကျ ပါဝင်နေကြတာ မြင်တွေ့ရတယ်။ အမျိုးသမီးတွေ (ကိုယ်စား) ပြောချင်တာကတော့ "ဒီခရီး နီးသလား" လို့တော့ မပြောတော့ဘူး။ ဒါပေမဲ့ ကျမတို့ ခရီးမဝေးတော့ဘူးဆိုတဲ့ အကြောင်း အားတက်သရောနဲ့ ပြောချင်ပါတယ်။ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးဆိုတာ မလုပ်မဖြစ်တဲ့အလုပ်တွေ အများကြီးရှိတယ်။

အိမ်ထောင်ဦးစီးရဲ့ တာဝန်ကိုလည်း တစ်ဖက်တစ်လမ်းက ထမ်းရွက်ကြသလို ကျန်တဲ့လူငယ်ကဏ္ဍ၊ နောင်လာမယ့် မျိုးဆက်သစ်ကဏ္ဍတွေမှာလည်း ကျန်းမာရေး၊ ပညာရေး၊ တစ်ဖက်တစ်လမ်းကလည်း တစ်နိုင်တစ်ပိုင် စီးပွားရေးအပြင် ကာကွယ်ရေးမှာလည်း အားတက်သရော ပါဝင်လာတာကို အခုဆိုရင် မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့အတွက် အများကြီးလေးစားတယ်။ အခုလိုကာလမှာ အမျိုးသမီးတွေ အားတင်းပြီး ကဏ္ဍအသီးသီးမှာပါဝင်နိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ ရခိုင်ပြည် တည်ဆောက်ရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ စစ်ရေးအရ ပါဝင်မှုတွေမှာဆိုရင် အမျိုးသမီးတွေကို အားတက်သရောပါဝင်နိုင်ဖို့၊ ရခိုင်ပြည်တွင်းမှာရှိတဲ့ အရွယ်ကောင်း အမျိုးသမီးတွေ မကြောက်မရွံ့ဘဲ ပါဝင်နိုင်အောင် ကြိုးစားနေရတာ တွေ့ရတယ်။

လူငယ်အရေး တက်ကြွလှုပ်ရှားသူ၊ အမျိုးသားတစ်ဦး

အာရက္ခဒေသကို ပုံစံနှစ်မျိုးနဲ့ တည်ဆောက်နေတာလို့မြင်တယ်။ အာရက္ခဒေသမှာရှိတဲ့ လူမျိုးစုအားလုံး လူမှုရေး သမာသမတ်ကျမှုတွေနဲ့ လူမျိုးစုအားလုံးဟာ တန်းတူ အာရက္ခဒေသကို တည်ဆောက်မယ်ဆိုတဲ့ မူတွေနဲ့ တည်ဆောက်နေတယ်လို့မြင်တယ်။ ပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်နေတဲ့ အာရက္ခဒေသမှာ "further education" နဲ့ တစ်ခြားနိုင်ငံက ဘွဲ့ရထားတဲ့ အမျိုးသမီးတွေကို ဌာနဆိုင်ရာတွေမှာ ခန့်ထားတာရှိတယ်။ နောက်ပြီး ပြည်တွင်းထဲမှာရှိတဲ့ လူငယ်အင်အားစုတွေ၊ အမျိုးသမီး အင်အားစုတွေကလည်း ပညာရေး၊ ကျန်းမာရေးဌာန၊ အခြားအုပ်ချုပ်ရေး၊ ဥပဒေပြုရေးဌာနတွေမှာလည်း အမျိုးသမီးတွေပါဝင်လာတာကို ဂုဏ်ယူတယ်။

ULA/AA အနေနဲ့ မြေပြင်တွေမှာ အမျိုးသမီး ပါဝင်လာအောင် စည်းရုံးတာတွေ၊ ချပြတာတွေ၊ gender equality နဲ့ ပတ်သက်ပြီး ကျား/မတန်းတူရေးတွေကို ထည့်သွင်းပြောဆိုနေတာ တွေ့ရတယ်။ အာရက္ခဒေသမှာရှိတဲ့ အမျိုးသမီးကဏ္ဍကို မြှင့်တင်ဖို့အတွက် အမျိုးသမီးရေးရာတွေ လုပ်ဆောင်လာဖို့လည်း မျှော်လင့်တယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အသိပညာပေးနိုင်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းမှု၊ Sex education စတဲ့ အသိပညာပေးတွေ မျှဝေပေးနိုင်ဖို့ အမျိုးသမီးရေးရာ ဖြစ်ပေါ်လာနိုင်မယ်လို့ ထင်ပါတယ်။

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ၊ အမျိုးသမီးတစ်ဦး

အမျိုးသမီးတွေ ကဏ္ဍအသီးသီးမှာ ပါဝင်နေတာတွေ့ရတယ်။ ပညာရေးကဏ္ဍမှာဆိုရင် အနာဂတ် မျိုးဆက်သစ်တွေအတွက် တတ်နိုင်တဲ့ဖက်က အမျိုးသမီးတွေ ပါဝင်နေကြတာ။ ပြန်လည်ထူထောင်ရေးအတွက် အမျိုးသမီးတွေ အများဆုံး ဦးစားပေးပါဝင်နေတာ တွေ့ရတယ်။ နောက်ပြီးတော့ တပ်ထဲမှာဆိုရင်လည်း အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်ကန့်သတ်တာတွေ မရှိဘူး။ သူတို့ ရွေးချယ်တဲ့ကဏ္ဍတွေမှာ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်ခွင့် ပေးထားတာတွေ့ရတယ်။ အခုလို ရခိုင်ပြည် ထူထောင်ဆဲကာလမှာ အမျိုးသမီး၊ အမျိုးသားမခွဲဘဲ ကဏ္ဍအားလုံးမှာ တန်းတူပါဝင်ဖို့ လိုအပ်တယ်။ အမျိုးသားတွေကလည်း အမျိုးသမီးတွေကို အားနည်းတဲ့သူလိုမမြင်ဘဲ တန်းတူဆွဲခေါ်စေချင်တယ်။ အမျိုးသမီး၊ အမျိုးသား မခွဲဘဲ ပြိုင်တူတွန်းရင်ရွေ့နိုင်တယ်ဆိုသလို ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်။

ကိုဦးသန်းနိုင် (ရက္ခိုင်ကျောင်းသားခေါင်းဆောင်ဟောင်း)

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုပါတယ်။ လက်ရှိကာလမှာဆိုရင် တစ်ဖက်မှာ တိုက်ခိုက်ရေးကို ဖော်ဆောင်နေသလို တစ်ဖက်မှာလည်း ပြန်လည်ထူထောင်ရေး လုပ်နေတာရှိပါတယ်။ အခုလို ပြန်လည်ထူထောင်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ တက်တက်ကြွကြွ ပါဝင်နေတာကိုတွေ့ရပါတယ်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် အမျိုးသမီးတွေနဲ့ပတ်သက်လို့ အင်တာဗျူးဖြေထားတာရှိတယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေလည်း ခေါင်းဆောင်နေရာကို ရနိုင်တယ်ဆိုတဲ့ ဟောပြောချက်တွေကိုလည်း ကျနော်တို့ ကြားသိရတယ်။

လက်ရှိ အာရက္ခတပ်တော် (AA) ရဲ့ သင်တန်းတွေမှာ အမျိုးသမီးပါဝင်မှုက ငါးဆယ်ရာနှုန်းလောက်အထိ ပါဝင်နေတာတွေ့ရတယ်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းစဉ်တွေမှာဆိုရင်လည်း ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ၊ ကျန်းမာရေးကဏ္ဍတွေမှာဆိုရင် အမျိုးသမီးတွေ ထဲထဲဝင်ဝင်ပါလာတာကို တွေ့ရတယ်။ တစ်ခြား အာရက္ခပြည်သူ့အစိုးရအနေနဲ့လည်း အုပ်ချုပ်ရေးသင်တန်းတွေ၊ ကျန်းမာရေး သင်တန်းတွေခေါ်တဲ့ အခါမှာလည်း အမျိုးသမီးပါဝင်နှုန်းကို လေးဆယ်ရာခိုင်နှုန်းအထက်ကို သတ်မှတ်ထားတယ်လို့မြင်တယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ကာယပိုင်းဆိုင်ရာ အားနည်းရင်လည်း ဉာဏပိုင်းဆိုင်ရာမှာ အားသာချက်တွေရှိတယ်။ အမျိုးသမီးတွေဟာ နေရာတကာမှာ အများကြီး အလုပ်လုပ်နိုင်တာကို တွေ့လာရတယ်။

ULA တရားရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးတစ်ဦး

ရခိုင်ပြည် တည်ဆောက်ရေးနဲ့ပတ်သတ်လို့ အမျိုးသမီးပါဝင်မှုကဏ္ဍက စစ်ဘက်တိုက်ခိုက်ရေးပိုင်းထက် အရပ်ဘက်ဌာနတွေ တည်ဆောက်ရေးအပိုင်းတွေမှာ ပိုပြီးတော့ပါဝင်နေတာ တွေ့ရတယ်။ အရပ်ဖက်ဌာနတွေ တည်ဆောက်တဲ့နေရာမှာ လူငယ်တွေအများကြီး ပါဝင်ဖို့လိုအပ်တယ်။ စစ်ဖက်ဆိုင်ရာမှာဆိုရင်လည်း အမျိုးသမီးတွေ စက်ချုပ်တဲ့နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာရှိတယ်။ ပြီးရင် ဆေးဖက်ဆိုင်ရာတွေမှာ တာဝန်ယူ လုပ်ဆောင်နေကြတာ တွေ့ရတယ်။ အထူးသဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ အများကြီးပါဝင်ဖို့လိုအပ်တယ်။ ရခိုင်ပြည် ပြန်လည်ထူထောင်ရေးမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှ အင်တိုက်အားတိုက်တည်ဆောက်မှ အလျှင်အမြန် အကောင်အထည် ပေါ်လာနိုင်မှာဖြစ်တယ်။