စစ်ကောင်စီကြောင့် အမျိုးသမီးများ ဘဝရှေ့ရေးအတွက် စိုးရိမ်စရာဖြစ်လာ

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ၏ အမျိုးသမီး ၅၀၀ ကျော်ကို စစ်တမ်းကောက်မှုအရ ၇၀ ရာခိုင်နှုန်းကျော်သည် ဘဝရှေ့ရေးအတွက် စိုးရိမ်မှုများ ရှိနေကြကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

By Admin 07 Feb 2025

ပုံစာ- မောင်တောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုက ဟိန္ဒူ အမျိုးသမီးများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်။
ပုံစာ- မောင်တောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုက ဟိန္ဒူ အမျိုးသမီးများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း မြင့်မားခြင်း၊ အလုပ်ကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုများကြောင်း နိုင်ငံတဝန်းက အမျိုးသမီးများမှာ ဘဝရှေ့ရေးအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ပြောဆိုကြသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ၏ အမျိုးသမီး ၅၀၀ ကျော်ကို စစ်တမ်းကောက်မှုအရ ၇၀ ရာခိုင်နှုန်းကျော်သည် ဘဝရှေ့ရေးအတွက် စိုးရိမ်မှုများ ရှိနေကြကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

ISP-Myanmar က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံတဝန်း မြို့နယ် ၁၀၀ က အမျိုးသမီး ၅၀၀ ကျော်ကို စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး အမျိုးသမီး ၇၄ ရာခိုင်နှုန်းက သူတို့၏ ဘဝရှေ့ရေးအတွက် စိုးရိမ်မှုများ ရှိနေကြခြင်းဖြစ်သည်ဟု ပြောထားသည်။

ယင်းအပြင် အမျိုးသမီး ၈၈ ရာခိုင်နှုန်းကျော်မှာ အလုပ်ရရှိရန် အခက်ခဲရှိနေကြပြီး သူ့တို့၏ ဝင်ငွေထွက်ငွေ မညီမျှမှုကို ရင်ဆိုင်နေကြရပြီး ၃ ဆကျော် တက်လာသည့် ကုန်ဈေးနှုန်းမြင့်မားမှု ဒဏ်ကို ၈၃ ရာခိုင်နှုန်း ထက်မနည်းသည့် အမျိုးသမီးများက ခံနေကြရကြောင်း ဆိုသည်။

စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်း ဥပဒေကြောင်းလည်း အမျိုးသမီးများမှာ သူတို့၏ သားသမီးနှင့် လင်ယောင်္ကျားများအား နယ်ပို့၊ နိုင်ငံခြားပို့ဆောင်မှုများ ပြုလုပ်ခဲ့ပြီး သူတို့၏ လုံခြုံရေးအတွက်ပါ စိုးရိမ် ပူပန်မှုများရှိနေကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုသို့ စိန်ခေါ်မှုများကြောင့် နိုင်ငံတဝန်းက အမျိုးသမီးများမှာ မရေရာ မသေချာမှုများနှင့် ပြည့်နှက် နေကြောင်း ISP-Myanmar က စစ်တမ်းကောက်ရာတွင် ဆွေးနွေးခဲ့သည့် အမျိုးသမီး သုတေသီတစ်ဦးက ပြောသည်။

" လက်ရှိမှာ ခံစားရတဲ့ စိန်ခေါ်မှုဆိုရင် နံပါတ်တစ်ကတော့ မသေချာမှုလို့ ပြောလို့ရမယ်ထင်တယ်။ အဲဒီလို ဘာမှ မသေချာနေတာ။ အဲဒီအရာကပဲ ဖိစီးနေတာပေါ့နော်။ CDM လုပ်ထားရင်တောင် ကိုယ်လုပ်ထားတဲ့ Career (သက်မွေးဝမ်းကြောင်း) အပေါ် မှာ မသေချာမှုတွေ၊ စိုးရိမ်စိတ်တွေရှိတယ်" ဟု ဆိုသည်။

အလားတူ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်လည်း မိသားစုအတွက် ငွေကြေး စီမံခန့်ခွဲရသည့် အပိုင်းတွင် စိန်ခေါ်မှုတစ်ရပ်အနေနှင့် ဖြစ်နေကြောင်း ဆိုသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် CDM ပြုလုပ်ခဲ့ကြသည့် ဝန်ထမ်းအမျိုးသမီးများကို စစ်ကောင်စီက နိုင်ငံရေးမှာ ပါဝင်သည်ဟုဆိုပြီး ပစ်မှတ်ထားအပြစ်ရှာ ဖမ်းဆီးသဖြင့်၊ မလုံခြုံမှု၊ စိတ်ဖိစီးမှုနှင့် ရင်ဆိုင် နေကြရခြင်းဖြစ်သည်။

ယင်းအပြင် စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သည့် အမျိုးသမီးများအနေဖြင့်လည်း စစ်မှုထမ်း ဆင့်ခေါ် ရန်အတွက် စိုးရိမ်ပူပန်မှုများလည်း ရှိနေကြသည်ဟု ISP - Myanmar က ဆိုထားသည်။

တိုက်ပွဲ ဧရိယာအတွင်းမှာ နေထိုင်ကြရသည့် အမျိုးသမီးများမှာလည်း လေကြောင်းတိုက်ခိုက်မှု၊ စစ်ကျန် လက်နက်နှင့် မိုင်းအန္တရာယ်စိန်ခေါ်မှုများအပြင် အလုပ်လုပ်ကိုင်စားသောက်ရေး ခက်ခဲမှုနှင့် ရင်ဆိုင်လာကြရသည်။

" တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာအတွင်းမှာ အမျိုးသမီး လုံလုံခြုံခြုံနဲ့ နေထိုင်ဖို့ဆိုတာ အရမ်း စိန်ခေါ်မှု ရှိတယ်" ဟု ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံတဝန်းတွင်ရှိ အမျိုးသမီးများမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရန်နှင့် သူ့တို့၏ စွမ်းဆောင်ရည်များ မြင့်မား စေရန် အတတ်ပညာတစ်ခုခုကို သင်ကြားပေးလိုအပ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့များနှင့် ကိုယ်ထူကိုယ်ထအဖွဲ့များအဖြင့် ပုံစံမျိုးစုံဖြင့် လုပ် ဆောင်ပေးသင့်ကြောင်း ပြောဆိုနေကြသည်။