အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုနိုင်ခြေ

အေအေ ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်အတွက် အလားအလာများ၊ အထူးသဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ မည်သို့ ရှိပါသနည်း။ ကမ္ဘာတစ်ဝန်းရှိ ကိုဆိုဗို၊ တောင်ဆူဒန်၊ ဆိုမာလီ၊ အရှေ့တီမောကဲ့သို့ နေရာများ၌ ဖြစ်ပွားခဲ့သည့် ခွဲထွက်ရေး လှုပ်ရှားမှုများက အေအေအတွက် ဆက်လျှောက်ရမည့် လမ်းကြောင်းများကို ညွှန်ပြလျက်ရှိသည်။

By Admin 07 Mar 2025

အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုနိုင်ခြေ

အာရက္ခတပ်တော် (အေအေ) သည် ရခိုင်ပြည်နယ်တွင် အဓိက စိုးမိုးထားသည့် စစ်တပ်တစ်ခု ဖြစ်လာလျက်ရှိသည်။ အေအေသည် မြန်မာစစ်တပ်လက်ထဲတွင် ရှိနေသည့် အဓိကမြို့ကြီးများ ဖြစ်သော စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူကဲ့သို့ နေရာအချို့မှလွဲ၍ ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကျော်အထိ သိမ်းပိုက်ထားပြီး ဖြစ်သည်။

ထိန်းချုပ်နယ်မြေ သိသိသာသာ ကြီးမားလာသည်နှင့်အတူ အေအေသည် စင်ပြိုင်အုပ်ချုပ်ရေး ပုံစံများထူထောင်ထားကာ ဒေသတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး အဆင့်အထိ တက်လှမ်းနိုင်သည့် အနေအထားတွင် ရောက်ရှိနေသည်။

အေအေ ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်အတွက် အလားအလာများ၊ အထူးသဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ မည်သို့ ရှိပါသနည်း။ ကမ္ဘာတစ်ဝန်းရှိ ကိုဆိုဗို၊ တောင်ဆူဒန်၊ ဆိုမာလီ၊ အရှေ့တီမောကဲ့သို့ နေရာများ၌ ဖြစ်ပွားခဲ့သည့် ခွဲထွက်ရေး လှုပ်ရှားမှုများက အေအေအတွက် ဆက်လျှောက်ရမည့် လမ်းကြောင်းများကို ညွှန်ပြလျက်ရှိသည်။

အဓိကကျသည့် တစ်ချက်မှာ တရုတ်၊ အိန္ဒိယ၊ အာဆီယံနှင့် အနောက်တိုင်းအစိုးရများကဲ့သို့ ဆက်စပ်ပတ်သက်နေသူများ၏ တုံ့ပြန်မှုပုံစံ ဖြစ်ပါလိမ့်မည်။ ပြီးလျှင် ဘင်္ဂလားဒေ့ရှ်နှင့် အခြား အိမ်နီးချင်း နိုင်ငံများ၏ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိသည်။

အုပ်ချုပ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးအတွက် အာရက္ခတပ်တော်၏ ကြိုးပမ်းအားထုတ်မှုများ

အေအေ၏ လက်ထဲတွင် ထိန်းချုပ်နယ်မြေ ကြီးကြီးမားမား ကိုင်ထားနိုင်သည့်အချက်က ရခိုင်ပြည်နယ်၏ နိုင်ငံရေးအခင်းအကျင်းကို အံ့သြရလောက်အောင် ပြောင်းလဲလိုက်သည်။ ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် အေအေသည် ဂုဏ်ယူဖွယ်ရာ ခေတ်မီစစ်တပ်နှင့် အုပ်ချုပ်ရေးပုံစံများဖြင့် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်များအနက် တစ်ဖွဲ့ ဖြစ်လာခဲ့သည်။

ဂွမြို့နယ်ကို သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတစ်ပုံ။ ဓာတ်ပုံ - AA Info Desk

တရားဝင် အသိအမှတ်ပြုခံရအောင် ကြိုးပမ်းနေကြသော သူပုန်အုပ်စုများသည် အစိုးရအင်စတီကျူးရှင်းအတိုင်း ပုံစံတူဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးပုံစံများ ထူထောင်လေ့ရှိတတ်ကြသည်။ AA နှင့် သူ့နိုင်ငံရေးအဖွဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည်လည်း ဤမော်ဒယ်အတိုင်း လိုက်လုပ်နိုင်အောင် ကြိုးပမ်းလျက်ရှိသည်။ တရားစီရင်ရေးနှင့် တရားတဘောင် ကိစ္စရပ်များ၊ အခွန်ဘဏ္ဍာငွေ ကောက်ခံမှုများ၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး၊ လူမှုဖူလုံရေး ဝန်ဆောင်မှုများ စသည်တို့အတွက် ကိုယ်ပိုင်စနစ်များ အကောင်အထည်ဖော်ထားသည်။

ULA သည် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် တရားရေးစနစ်နှင့် အလားသဏ္ဍာန်တူသည့် တရားရုံးများနှင့် ဥပဒေများလည်း ကိုယ်ပိုင်ထူထောင်ထားသည်။ ရခိုင်ဓလေ့ထုံးတမ်းဥပဒေ၊ အစဉ်အလာ ဘာသာရေး ဥပဒေ၊ မြန်မာနိုင်ငံ၏ လက်ရှိ တရားစီရင်ရေးစနစ်တို့ကို ပြင်ဆင်ညှိနှိုင်းထားသည့် စနစ်ကို ကျင့်သုံးသည်။

ULA ၏ တရားရုံးများသည် AA ထိန်းချုပ်နယ်မြေများတွင် အရပ်ဘက် အငြင်းပွားမှုများ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဆိုင်ရာ ပဋိပက္ခများ၊ အသေးစား ရာဇဝတ်မှုများကို သီးခြား ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်သည်။ တရားရုံးများသည် ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အဆင့်များအထိ အဆင့်ဆင့် အယူခံစနစ်ဖြင့် လည်ပတ်သည်။

ULA ၏ တရားစီရင်ရေးအပေါ် အရပ်ဘက်အမြင်များကတော့ အမျိုးမျိုး ရောထွေးနေသည်။ ရခိုင်လူထု အများစုက ထိရောက်မှုမရှိဘဲ ပျက်စီးယိုယွင်းနေသည့် မြန်မာ့တရားစီရင်ရေး စနစ်နေရာတွင် အစားထိုး အသုံးချနိုင်မည်ဟု ယူဆကြသည်။ တစ်ချိန်တည်း၌ အချို့ကလည်း စံသတ်မှတ်ထားသည့် ဥပဒေ အကာအကွယ်များနှင့် လုပ်ငန်းစဉ်မှန်ကန်မှုများ မရှိသည့်အပေါ် စိုးရိမ်ကြောက်ရွံ့ကြသည်။

မည်သို့ပင်ဆိုဆို ULA ကတော့ အထူးသင်တန်းဆင်း အရပ်ဘက် ဥပဒေဝန်ထမ်းများ ခန့်အပ်ခြင်း၊ အမှုအခင်းများကို အချိန်နှင့်တပြေးညီ ဖြေရှင်းခြင်းတို့ ဆောင်ရွက်ကာ အဖွဲ့၏ ယုံကြည်မှုပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်းနေသည်။ ULA က ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေသည် စနစ်တကျ ထူထောင်ထားသည့် အခွန်ကောက်ခံရေးစနစ်၊ စီးပွားရေး လုပ်ငန်းများမှ အခွန်၊ စိုက်ပျိုးမွေးမြူရေး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတို့မှ ရရှိခြင်းဟု ပြောသည်။

AA သည် ၎င်းထိန်းချုပ်နယ်မြေများမှ ဖြတ်သန်းသွားသည့် ကုန်စည်များကို အခကြေးငွေ ကောက်သည်။ ငါးလုပ်ငန်း၊ ဆန်စပါးနှင့် သစ်ထုတ်လုပ်ရေး အပါအဝင် အဓိကကျသည့် လုပ်ငန်းနယ်ပယ်များတွင်လည်း စီးပွားရေးရလဒ်အပေါ် မူတည်ပြီး နှုန်းထားအမျိုးမျိုး သတ်မှတ်ကာ အခွန်များကောက်ခံသည်။ မြို့ပေါ်မှ လုပ်ငန်းများသည်လည်း လုပ်ငန်းလိုင်စင်ခ ပေးချေရသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် နိုင်ငံခြား ကုန်သွယ်ရေးကလည်း AA အတွက် အကျိုးအမြတ် ဖြစ်ထွန်းသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကျပ်အတည်း အကြီးအကျယ် ကြုံနေရသည်ဖြစ်ရာ အခွန်ကောက်ခံခြင်းကို အချို့သော ဒေသခံ လုပ်ငန်းများက စီးပွားရေးဝန်ထုပ်ဝန်ပိုး တစ်ခုအဖြစ် ရှုမြင်ကြသည်။ အခြားသူများကတော့ မြန်မာစစ်ကောင်စီနှင့် ဒေသတွင်း လက်နက်ကိုင်များ၏ ခြိမ်းခြောက်ငွေညှစ်မှုများနှင့် ယှဉ်လျှင် AA က အထိုက်အလျောက် တည်ငြိမ်အောင် လုပ်ပေးနိုင်သည့်အပေါ် အသိအမှတ်ပြုကြသည်။

AA သည် အဓိကကျသည့် သယ်ယူပို့ဆောင်ရေး အချက်အချာနေရာများကို ထိန်းချုပ်ထားပြီး သူ့လက်နက်ကိုင်တပ်ဖွဲ့များဖြင့် ပြည်သူ့လုံခြုံရေးကို အာမခံပေးထားသည်။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် လုံခြုံရေး စနစ်တစ်ရပ် ထူထောင်ကာ မြို့နယ်အဆင့် တပ်မှူးများက တရားဥပဒေစိုးမိုးရေးကို ကြီးကြပ်သည်။

AA သည် ဒေသန္တရ လုံခြုံရေး စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက်လည်း ကျေးရွာလုံခြုံရေး အဖွဲ့များကို တပ်တော်၏ ဗဟိုခေါင်းဆောင်များထံမှ လာသော ညွှန်ကြားချက်များဖြင့် ဖွဲ့စည်းထားသည်။ ဤအဖွဲ့များသည် လက်ရှိ စစ်ရေးခြိမ်းခြောက်မှု ရှိနေသော ဧရိယာများတွင် သွားလာမှုကန့်သတ်မိန့်များ ထုတ်ပြန်ခြင်း၊ ကင်းလှည့်ခြင်းများ ပြုလုပ်သည်။

ULA သည် စေတနာ့ဝန်ထမ်း ကျောင်းဆရာများနှင့် ဆေးမှူးများ ခေါ်ယူပြီး အခြေခံပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။ AA ထိန်းချုပ်ဧရိယာများရှိ စာသင်ကျောင်းများသည် မြန်မာကို ဗဟိုပြုထားသည့် ပညာရေးစနစ်နှင့် မတူဘဲ ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုများ ပါဝင်သည့် သင်ရိုးတစ်ရပ်ကို သင်ကြားကြသည်။

ဆေးခန်းများတွင် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသည်။ အဆင့်မြင့်ကုသရေးများကတော့ အကန့်အသတ်ဖြင့်သာ ပေးနိုင်သေးသည်။ ဤသို့သော ကြိုးပမ်းမှုများသည် ရန်ပုံငွေ အားနည်းသော်လည်း ကာလတာရှည် ပြတ်လပ်နေခဲ့သော ကျန်းမာရေးဝန်ဆောင်မှု ကွက်လပ်ကို ဖြည့်စွမ်းပေးနိုင်သည့်အတွက် ပြည်သူလူထု၏ ထောက်ခံအားပေးမှုများ ရရှိသည်။

AA ဆေးခန်းတစ်ခု။ ဓာတ်ပုံ - Golden Era Media

ဤလုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ အရှေ့ဘက်တွင်ရှိသည့် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSA) ၏ အုပ်ချုပ်ရေးပုံစံနှင့် အလားသဏ္ဍာန်တူသည်။ ကမ္ဘာတစ်ဝန်းရှိ အခြားသော ခွဲထွက်ရေး လှုပ်ရှားမှုများနှင့်လည်း ပုံစံဆင်သည်။ ULA/AA ၏ ပိုင်နက်ကို နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုရ ခက်နေသေးသည်။ သို့သော်လည်း အဖွဲ့၏ အုပ်ချုပ်ရေးအင်အားက ပိုမိုကြီးထွား အားကောင်းလာလျက်ရှိရာ သူ့ပိုင်နက်ကို အာဏာရှိသလို အမှန်တကယ်လည်း အုပ်ချုပ်နေသည့် de facto ဒေသတစ်ရပ်အဖြစ် ရှိနေစေသည်။

ဆိုခဲ့ပါ အုပ်ချုပ်မှုပုံစံများ၏ ထိရောက်မှုက AA ၏ ရေရှည် အုပ်ချုပ်နိုင်စွမ်းကို အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုတို့နှင့်အတူ မဟာဗျူဟာမြောက် သံတမန်စွမ်းဆောင်ရည် တို့သည် နိုင်ငံတကာထံမှ အသိအမှတ်ပြုမှုနှင့် နိုင်ငံရေးအရ တရားဝင်မှုတို့ ရရှိရေးအတွက် အခြေခံကျကျ လိုအပ်ချက်များ ဖြစ်သည်။

လက်ရှိ နိုင်ငံရေး ရေချိန်ကို ကြည့်ရသလောက် ဆိုလျှင် AA အတွက် ဖြစ်လာနိုင်သည့် အလားအလာ သုံးမျိုးရှိသည်။

ပထမအလားအလာမှာ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ အတိုင်းအတာ တစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် လုပ်မည့် အနေအထားဖြစ်သည်။ AA ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်ကို 'ကွန်ဖက်ဒရိတ်အဆင့်ထက် မနိမ့်သည့်' အခြေအနေတစ်ရပ် ရရှိရန် မျှော်မှန်းကြောင်း တစိုက်မတ်မတ် ပြောကြားထားပြီးဖြစ်သည်။ သို့အတွက်ကြောင့် AA သည် ဖက်ဒရယ်မြန်မာနိုင်ငံအတွင်း၌ 'ဝ'ပုံစံနှင့် အလားတူသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ် တောင်းဆိုညှိနှိုင်းလာနိုင်သည်။

AA အတွက် ဒုတိယ ရွေးချယ်စရာမှာ ကိုယ်တိုင် လွတ်လပ်ရေး ကြေညာရန်ဖြစ်သည်။ AA အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မရဘဲ နိုင်ငံရေးနှင့် စီးပွားရေးအရ ဘေးဖယ်ခံရခြင်းမျိုးတော့ ကြုံရနိုင်ခြေ ရှိသည်။

တတိယရွေးစရာမှာ လက်ရှိအနေအထားအရ မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ AA အနေဖြင့် နိုင်ငံအဖြစ် အသိအမှတ်ပြု မခံရသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပြည့်အဝ အသိအမှတ်ပြုမှု မရှိဘဲ ကုန်သွယ်ရေးနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံနေခြင်းမျိုး ဖြစ်သည်။

လွတ်လပ်ရေးနှင့် ခွဲထွက်ရေး လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်လေ့လာခြင်း

တရားဝင် အုပ်ချုပ်ခွင့်ရရှိရေး၊ ထို့ထက်ပိုလျှင် လွတ်လပ်ရေးအထိ ကြိုးပမ်းနေသော AA အဖို့ ကမ္ဘာတစ်ဝန်းရှိ အခြားသော ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ပြဌာန်းရေး လှုပ်ရှားမှုများမှ သင်ခန်းစာယူနိုင်သည်များ ရှိသည်။

အီရီထရီးယား (၁၉၉၃) - အီရီထရီးယားနိုင်ငံသည် စိတ်ဝင်စားဖွယ် ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ဤနိုင်ငံသည် လက်နက်ကိုင်လမ်းစဉ်၊ အပြည်ပြည်ဆိုင်ရာ သံခင်းတမန်ခင်း၊ ဗျူဟာမြောက် အသိအမှတ်ပြုမှု တို့ကို ပေါင်းစပ် ကျင့်သုံးပြီး လွတ်လပ်ရေးရလာခြင်း ဖြစ်သည်။ ကနဦးတွင် ကမ္ဘာ့ပါဝါကြီးများက သူ့ကို နိုင်ငံအဖြစ် အသိအမှတ်ပြုရန် လက်တွန့်ခဲ့ကြသည်။ သို့သော်လည်း အီရီထရီးယားသည် ကုလသမဂ္ဂက ပံ့ပိုးစီစဉ်ပေးသည် ဆန္ဒခံယူပွဲဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ခိုင်မာစေခဲ့သည်။

AA အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းနေသည့် တချိန်တည်း၌ လက်နက်ကိုင်တော်လှန်ရေးနှင့် နယ်မြေထိန်းချုပ်ရေးကို ရေရှည်ခိုင်မြဲအောင် လုပ်ဆောင်နိုင်ရေးအတွက် အီရီထရီးယား၏ အောင်မြင်မှုကို လေ့လာနိုင်သည်။ ဤနည်းလမ်း အထမြောက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူးရှင်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံပြီး မိမိ၏ နယ်မြေတောင်းဆိုမှုကို ခိုင်မာအောင် ပြုလုပ်ခြင်းဖြင့် လုပ်ဆောင်နိုင်သည်။

ကုလားတန်စီမံကိန်းနှင့် ပတ်သက်၍ မီဇိုရမ်အမတ်နှင့် AA တာဝန်ရှိသူအချို့ နယ်စပ်တစ်နေရာတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ဆုံစဉ်။ ဓာတ်ပုံ - The Lairam Times

အရှေ့တီမော (၁၉၉၉-၂၀၀၂) - အရှေ့တီမောဟု ခေါ်ကြသည့် တီမောလက်စတီ နိုင်ငံ၏ လွတ်လပ်ရေးသည် အဖြေပြတ်သားသည့် ဆန္ဒခံယူပွဲနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးဆိုင်ရာ ကြားဝင်ဖျန်ဖြေမှုတို့၏ ရလဒ်ဖြစ်သည်။ တီမောသူပုန်အုပ်စုများသည် လက်နက်ကိုင် တော်လှန်ရေးအပြင် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိရန်အတွက် ပြည်ပတွင် တက်ကြွလှုပ်ရှားသူများ၊ သံတမန်ပိုင်းအရ အသိပေးလုပ်ဆောင်မှုများကို ထည့်သွင်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာမှ စာနာမှုအကူအညီ ပေးရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများမှ တစ်ဆင့်လည်း အားယူခဲ့ကြသည်။

AA အနေဖြင့် ဤမိုဒယ်ကို နမူနာယူ၍ မြန်မာပြည်ပြင်ပတွင် ရောက်ရှိနေကြသည့် ရခိုင်များကို စုစည်းပြီး နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှုနှင့် အကူအညီ ရရှိရေးအတွက် ကြိုးပမ်းနိုင်သည်။

ကိုဆိုဗို (၂၀၀၈) - နေတိုး၏ ကြားဝင်စွက်ဖက်မှုနှင့် ကုလသမဂ္ဂ၏ ကာလတစ်ခုကြာ စီမံခန့်ခွဲမှု အပြီးတွင် ကိုဆိုဗိုဒေသသည် အမေရိကန်ပြည်ထောင်စုနှင့် အင်အားကြီး ဥရောပပါဝါများ၏ ထောက်ခံမှုမှတစ်ဆင့် လွတ်လပ်ရေး ရရှိခဲ့သည်။ 'ကိုဆိုဗို၏ လွတ်လပ်ရေးကြေညာချက်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းမရှိ' ဟူသည့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ ဆုံးဖြတ်ချက် ကလည်း ကိုဆိုဗို၏ လိုအင်ကို ကူညီအားဖြည့်ပေးခဲ့သည်။

ကိုဆိုဗိုသည် ဆာဘီးယား၊ ရုရှားနှင့် တရုတ်တို့က ကန့်ကွက်သည့်အတွက် ကုလသမဂ္ဂတွင် အဖွဲ့ဝင်ဖြစ်ခွင့် မရသော်လည်း ကုလအဖွဲ့ဝင် နိုင်ငံပေါင်း ၁၀၀ ကျော်ထံမှ နိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို ရရှိထားသည်။ AA သည် နိုင်ငံတကာ အားပေးထောက်ခံမှုနှင့် လူသားချင်းစာနာမှု အကူအညီများ ရရှိရေးအတွက် ကိုဆိုဗို၏ အောင်မြင်သော သံတမန်ရေး မဟာဗျူဟာအတိုင်း လျှောက်လှမ်း၍ ရနိုင်သည်။

တောင်ဆူဒန် (၂၀၁၁) - ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ တစိတ်တပိုင်းအဖြစ် တောင်ဆူဒန်သည် ကုလ ထောက်ခံသည့် ဆန္ဒခံယူပွဲကျင်းပကာ ပြည်သူလူထု၏ ၉၉ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် လွတ်လပ်ရေးရယူနိုင်ခဲ့သည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ သက်ဆိုင်သူများထံမှ ရေရှည်တည်တံ့သည့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် AA ၌ ပုံစံတူ ကြားဝင်ဖျန်ဖြေရေး လုပ်ငန်းစဉ်မျိုးတော့ ရှိမနေပေ။ မည်သို့ပင်ဆိုစေ ဒေသတွင်း ကြားဝင်ဖျန်ဖြေမှု၊ တရုတ်နှင့် အာဆီယံ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများမှ တစ်ဆင့် နိုင်ငံတကာ၏ ကြားဝင်ဖျန်ဖြေမှုကို ယူနိုင်သည်။ ဤနည်းအားဖြင့် ၎င်း၏ အန္တိမပန်းတိုင်ဖြစ်သည့် အသိအမှတ်ပြု အုပ်ချုပ်ရေးအစီအမံတစ်ရပ် ရရှိနိုင်သည်။

ဆိုမာလီလန်း (၁၉၉၁ မှ လက်ရှိအထိ) - ဆိုမာလီလန်းသည် မဖြစ်မနေ လေ့လာစရာတစ်ရပ် ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ AA နှင့် အလားသဏ္ဍာန် တူနိုင်သည်။ နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မရသော်လည်း ဤဒေသသည် စနစ်တကျလည်ပတ်သည့် အုပ်ချုပ်ရေးတစ်ရပ်ကို ထူထောင်ထားနိုင်သည်။ ရွေးကောက်ပွဲများ ကျင်းပနိုင်သလို တည်ငြိမ်သည့် နိုင်ငံခြားကုန်သွယ်ရေးလည်း ရှိသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ အင်အားစုများနှင့် သံတမန်ဆက်ဆံရေးကိုလည်း အုပ်ချုပ်ရေးအာဏာ ကိုင်စွဲထားသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ဆောင်ရွက်သည်။

ကမ္ဘာ့ပထဝီနိုင်ငံရေး အကျိုးစီးပွားများ

ခွဲထွက်လာသည့် နိုင်ငံများအပေါ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုသည် နိုင်ငံတကာ တရားဥပဒေ စံချိန်စံညွှန်းများထက် ပထဝီနိုင်ငံရေး အကျိုးစီးပွားများနှင့်သာ ကြီးကြီးမားမား သက်ဆိုင်သည်။ ကမ္ဘာ့ ပါဝါကြီးများသည် နိုင်ငံသစ်များအား ၎င်းတို့၏ မဟာဗျူဟာ ဦးစားပေးမှုများ၊ မဟာမိတ်များနှင့် ပြိုင်ဘက်များနှင့် အညီ လက်ခံကြခြင်း သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းဆန်ကြခြင်း ဖြစ်သည်။ ပမာဆိုရလျှင် အနောက်နိုင်ငံများသည် ရုရှားနှင့် ဆာဘီးယား၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ကိုဆိုဗိုလွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။

အက်ဘခါဇီယာနှင့် တောင်ပိုင်းအိုဆီရှား ဒေသများကို ရုရှားက နိုင်ငံအဖြစ် အသိအမှတ်ပြုထားခြင်းသည်လည်း ထိုဒေသများသည် အနောက်အုပ်စုက အားပေးထောက်ခံသည့် ဂျော်ဂျီယာနိုင်ငံအပေါ် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေ၍ ဖြစ်သည်။ ဤသည်ကို ထောက်ရှုလျှင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အနောက်နိုင်ငံများကဲ့သို့ အဓိကကျသည့် ပလေယာများ၏ အကျိုးစီးပွားက AA ဦးဆောင်သည့် ရခိုင်ပြည်၏ အလားအလာကို ဆုံးဖြတ်ပေးနိုင်ခြေ ရှိနေပေသည်။

တရုတ်အဖို့ကမူ မြန်မာနိုင်ငံအတွင်း တည်ငြိမ်ရေး၊ အထူးသဖြင့် ရခိုင်ပြည်နယ်၏ တည်ငြိမ်ရေးသည် သော့ချက်ကျသည့် ဗျူဟာမြောက်အကျိုးစီးပွားတစ်ရပ် ဖြစ်သည်။ ရခိုင်ပြည်နယ်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ အစရှိသဖြင့် ရပ်ဝန်းနှင့် လမ်းစီမံကိန်း ရင်းနှီးမြှုပ်နှံမှု အများအပြား တည်ရှိရာနေရာ ဖြစ်သည်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်စီမံကိန်း ရေနံသိုလှောင်ကန်များအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်နယ်သည် တရုတ်အတွက် အရေးပါသည့်နယ်မြေ ဖြစ်သလို ရေကြောင်းသွားလာရေး စင်္ကြံတစ်ခုလည်း ဖြစ်သည်။ တရုတ်သည် ဤဒေသမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိမည် ဖြစ်သဖြင့် မလက္ကာရေလက်ကြားအပေါ် မှီခိုအားထားနေရသည့် ပျော့ကွက်ကို ဖာထေးနိုင်မည် ဖြစ်သည်။

ထို့အပြင် မြန်မာသည် အနောက်နှင့် အိန္ဒိယ၏ အရှေ့တောင်အာရှအပေါ် သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရန်ကြိုးပမ်းနေသည့် တရုတ်အတွက် ကြားခံနိုင်ငံ ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန်ရှုတ်ချမှုများ ရှိနေလင့်ကစား တရုတ်သည် မြန်မာစစ်တပ်နှင့် လက်တွေ့ကျကျ ချဉ်းကပ်ဆောင်ရွက်မှုကို ဆက်လက်ကျင့်သုံးနေသည်။ EAO ကြီးများအပေါ်၌လည်း အတော်အသင့် သြဇာညောင်းသည်။

မြန်မာပြည်တွင် တရုတ်၏ ကိုယ်ကျိုးစီးပွားများ ပါဝင်ပတ်သက်နေသည်ကို ထောက်ရှုရလျှင် AA သည် တရုတ်နှင့် သံတမန်ဆက်ဆံရေး လမ်ကြောင်းကို သတိကြီးစွာထား၍ မောင်းနှင်ရန် လိုအပ်မည်ဖြစ်သည်။ AA/ULA က မျှော်မှန်းထားသည့် မည်သည့် အုပ်ချုပ်ရေးအစီအမံမျိုးမဆိုသည် ဘေဂျင်း၏ ဒေသတွင်း ဆန္ဒများနှင့် ကိုက်ညီသည့် တရုတ်စီးပွားရေးနှင့် လုံခြုံရေး အာမခံချက်များ ပေးနိုင်ရမည်။

အဓိပ္ပာယ်မှာ AA သည် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရမည်၊ ရခိုင်ပြည်နယ်တွင် နိုင်ငံရေး တည်ငြိမ်အောင် ထိန်းထားနိုင်ရမည်၊ ရခိုင်လူထုနှင့် တရုတ်အကျိုးစီးပွားများ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရမည်ဟု ဆိုလိုရင်း ဖြစ်လေသည်။

အိန္ဒိယသည်လည်း နောက်ထပ် သော့ချက်ကျသည့် ဒေသတွင်း ပလေယာဖြစ်သည်။ နယူးဒေလီ၏ အရှေ့မျှော်မူဝါဒ (Act East Policy) သည် နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် သြဇာပါဝါကို အရှေ့တောင်ဒေသအထိ ဖြန့်ကြက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အိန္ဒိယက အဓိက စိုးရိမ်ပူပန်နေသည်မှာ နိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များတွင် တည်ငြိမ်ရေး၊ မြန်မာနှင့် အာဆီယံတွင် တရုတ်သြဇာကို တန်ပြန်ရေးတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှိနေသည့် အိန္ဒိယ၏ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများတွင် ကုလားတန် သယ်ယူပို့ဆောင်ရေး ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းတို့ ပါဝင်သည်။ တရုတ်ကဲ့သို့ပင် အိန္ဒိယသည်လည်း ဆုတ်သာတက်သာ သံတမန်နည်းလမ်း ကျင့်သုံးသည်။ မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံသလို AA အပါအဝင် အိန္ဒိယနယ်စပ်တလျှောက် လှုပ်ရှားနေကြသည့် EAO များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်မှု ရှိသည်။

AA သည် နယူးဒေလီနှင့် နှစ်ဘက် ထိတွေ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။ နှစ်ဘက်လုံးနှင့် ဆိုင်သည့် လုံခြုံရေး ကိစ္စရပ်များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားသည့် ချိတ်ဆက်ဆောင်ရွက်မှုများ လိုအပ်သည်။ AA အနေဖြင့် ဒေသတွင်း တည်ငြိမ်မှုကို အာမခံခြင်း၊ အိန္ဒိယ အရှေ့မြောက် နယ်စပ်တလျှောက် လက်နက်ကိုင် အန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် ၎င်း၏ အခန်းကဏ္ဍကို ထင်ရှားပေါ်လွင်အောင် ပြသနိုင်သည်။

ရခိုင်ပြည်နယ်ရှိ အိန္ဒိယ၏ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးလိုသည့် စိတ်ဆန္ဒရှိကြောင်းလည်း ပြသရမည်။ အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ၊ အိန္ဒိယသမုဒ္ဒရာရှိ စီးပွားရေး မျှော်မှန်းချက်များနှင့် ကိုက်ညီသည့် ကုန်သွယ်ရေး မိတ်ဘက် အဆိုပြုချက်များနှင့် အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း တင်ပြနိုင်ရမည် ဖြစ်သည်။ အိန္ဒိယသည် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင် AA ကိုယ်တိုင်က တရုတ်သြဇာကို တန်ပြန်မည့် နောက်ထပ် အင်အားစုတစ်ရပ်အဖြစ် ရှိနေသည်ကို မြင်လိုသည်။

 အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဖွံ့ဖြိုးသည့် ပြည်နယ်များအား စစ်တွေနှင့် ပလက်ဝတို့မှ တစ်ဆင့် ဆက်သွယ်မည့် ကုလားတန်ဘက်စုံစီမံကိန်း လမ်းကြောင်း။ (ဓာတ်ပုံ - Wikipedia)

အမေရိကန်နှင့် ဥရောပအင်အားကြီးများသည် ၎င်းတို့၏ ပိုမိုကျယ်ပြန့်သည့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အာဂျန်ဒါများနှင့် ကိုက်ညီမည်ဆိုလျှင် AA ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး လှုပ်ရှားမှုကို အားပေးထောက်ခံမည့်ဟန် ရှိသည်။ ရခိုင်ဒေသတွင် AA ၏ အုပ်ချုပ်ရေးမိုဒယ်သည် ဒီမိုကရေစီတန်ဖိုးများနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာမှုများ ပြသနိုင်မည် ဆိုပါက အနောက်အုပ်စုထံမှ သံတမန် ချိတ်ဆက်ဆောင်ရွက်မှုများနှင့် အကူအညီများ ရနိုင်ခြေ ရှိသည်။

သို့သော်လည်း အမေရိကန်၏ နိုင်ငံရေး ဦးဆောင်မှုပုံစံ အပြောင်းအလဲ၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒီမိုကရေစီ နောက်ပြန်လျှောကျနေသည့် ခေတ်ရေစီးကြောင်း တို့ကြောင့် တည်တံ့ခိုင်မြဲသည့် သံတမန် ဆက်ဆံရေး ဆိုသည်မှာလည်း ပုံသေကားကျ မျှော်လင့်ရန် ခက်ခဲနေပြန်သည်။

ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်သည်။ ဒါကာသည် မတည်ငြိမ်မှု အရိပ်အယောင်များ၊ ဒုက္ခသည် သွားလာလှုပ်ရှားမှုများအပေါ် စိုးရိမ်ပူပန်မှုများ ပြသလျက်ရှိသည်။ အထူးသဖြင့် မွတ်ဆလင် ဒုက္ခသည်များ နေရပ်စွန့်ခွာရသည့် သမိုင်းကြောင်းကြောင့် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် သူ့မြေပေါ်တွင် ရှိနေသည့် မွတ်ဆလင်ဒုက္ခသည် တစ်သန်းကျော် မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်သွားသည်ကို အဓိက မြင်တွေ့လိုသည်။

AA အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းချက်အား ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်မည်ကို တားဆီးလိုပါက မွတ်ဆလင်ဒုက္ခသည်အရေးကို မည်သို့ဖြေရှင်းရန် စီမံထားသနည်း ဆိုသည့် မေးခွန်းများနှင့် ပတ်သက်၍ အဖြေပေးရမည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် အလားအလာရှိသော ကုန်သွယ်ရေး အတွက်လည်း AA ဘက်က ပွင့်လင်းမှု ပြသသင့်သည်။

AA/ULA က ၎င်း၏ သံတမန်ရေးရာများကို မည်သို့ပင် ကိုင်တွယ်ဖြေရှင်းစေကာမူ မြန်မာစစ်ကောင်စီကတော့ တပ်တော်၏ နိုင်ငံတော်အဆင့် အသိအမှတ်ပြုမှု ရရှိရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေး ကြိုးပမ်းမှုကို ဆန့်ကျင်ကန့်ကွက်မည်သာ ဖြစ်သည်။ ထိုးစစ်များ အရှိန်မြှင့်နိုင်သည်။

ဗုံးကြဲမှုများနှင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်။ AA အနေဖြင့် အုပ်ချုပ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဖျန်ဖြေမှုတစ်ရပ် ရှာဖွေခြင်းတို့ လုပ်ဆောင်နေသည့် တချိန်တည်း၌ ရေရှည် ခုခံတော်လှန်ရေးအတွက်လည်း ပြင်ဆင်ရမည် ဖြစ်သည်။

အာရက္ခတပ်တော်နှင့် မြန်မာစစ်ကောင်စီအကြား အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်းပေးခဲ့ဖူးသူ ဂျပန်နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါနှင့် စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ဆုံစဉ်။ ဓာတ်ပုံ - MRTV

AA/ULA အနေနဲ့ နိုင်ငံရေးအရ တရားဝင်မှု ရရှိအောင် ဘယ်လိုဆောင်ရွက်နိုင်သလဲ

နိုင်ငံများတွင် သူ့နိုင်ငံအလိုက် ထည့်သွင်းတွက်ချက်သည့် ပထဝီနိုင်ငံရေး အကျိုးစီးပွားများ ရှိကြသည်။ ထို့အပြင် နိုင်ငံသစ်များကို အသိအမှတ်ပြုရေးနှင့် ပတ်သက်လာလျှင် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေး ဆိုင်ရာ ဝက်စ်ဖယ်လီယန် စံနှုန်းကလည်း ထပ်တိုး စိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်။ ကုလသမဂ္ဂအပြင် အာဆီယံကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများမှာ ကြားဝင်မစွက်ဖက်ရေးမူကို စွဲကိုင်ထားကြလေရာ တရားဝင် အသိအမှတ်ပြုရေးမှာ အလားအလာမရှိ ဖြစ်နေရသည်။

AA အနေဖြင့် "အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်" ကို ယာယီ အစီအမံတစ်ရပ်အဖြစ် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ကာ ဤအခက်အခဲကို ကျော်ဖြတ်၍ ရနိုင်ခြေ ရှိသည်။ အလားတူမော်ဒယ်မှာ အင်ဒိုနီးရှားနိုင်ငံမှ အာချေးပြည်နယ် ဖြစ်သည်။ AA သည်လည်း နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှု မရယူမီ မြန်မာပြည်တွင်း၌ပင် ယခုထက် ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိအောင် ကနဦး လုပ်ဆောင်၍ ရနိုင်သည်။

အကယ်၍သာ AA/ULA က ၎င်း၏ ပိုင်နက်မြေများများတွင် ထိရောက်သည့် အုပ်ချုပ်ရေးစနစ်တစ်ရပ် ထူထောင်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်လျှင် အုပ်ချုပ်ရေးအာဏာ လက်ဝယ်ရှိထားသည့် 'de facto' အဆင့် အသိအမှတ်ပြုမှု ရရှိအောင် ကုန်သွယ်ရေး သဘောတူညီချက်များ၊ နိုင်ငံရေး ချိတ်ဆက် ဆောင်ရွက်မှုများမှ တစ်ဆင့် ရယူနိုင်သည်။ ဆိုမာလီလန်း၏ ချဉ်းကမ်းဆောင်ရွက်မှုမှာ ဤပုံစံဖြစ်သည်။ အရှေ့တီမောနိုင်ငံ ဖြစ်စဉ်တွင် မြင်ခဲ့ရသည့်အတိုင်း ဆိုလျှင်လည်း AA သည် နိုင်ငံတကာမှ အားပေးကူညီမှုများ ရရှိရန်အတွက် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ မှတစ်ဆင့် အားယူ၍ ရနိုင်သည်။

မွတ်ဆလင်ဒုက္ခသည်အရေးသည် နိုင်ငံတကာ၏၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၏ အဓိက စိုးရိမ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။ ဤသည်က AA အတွက် အခွင့်အရေး ဖြစ်နိုင်သည်။ AA အနေဖြင့် လူနည်းစုများ၏ အခွင့်အရေး၊ လူတိုင်းအကျုံးဝင်သည့် အုပ်ချုပ်ရေးနှင့် ပဋိပက္ခ ဖြေရှင်းရေးတို့ကို လက်တွေ့ ဆောင်ရွက်ပြခြင်းအားဖြင့် တာဝန်ယူမှုရှိသည့် အုပ်ချုပ်ရေး အာဏာပိုင်တစ်ရပ်နေရာကို ရယူနိုင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း တစ်နေရာ။ ဓာတ်ပုံ - Dhaka Tribune

ဘင်္ဂလားဒေ့ရှ် သာမက နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးသည် မွတ်ဆလင်များ အပါအဝင် လူနည်းစု တိုင်းရင်းသားများအပေါ် AA ၏ ဆက်ဆံပုံကို မျက်စိဒေါက်ထောက် စောင့်ကြည့်ကြမည် ဖြစ်သည်။ ခွဲထွက်ရေးကြိုးပမ်းမှု အများအပြားသည် ၎င်းတို့၏ အုပ်ချုပ်ရေး ချို့ယွင်းချက်များကြောင့် တရားဝင်မှုအတွက် ရုန်းကန်ကြရသည်။ အထူးသဖြင့် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးနှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးတို့တွင် ချို့ယွင်းချက်များကြောင့် ဖြစ်သည်။

AA အနေဖြင့် လူတန်းစေ့ အကျုံးဝင်သည့် မူဝါဒများ အကောင်အထည်ဖော်ပြီး လူနည်းစုအခွင့်အရေးများကို အကာအကွယ် ပေးခြင်း၊ စစ်ရေး အဖွဲ့အစည်း ပုံစံမှသည် အရပ်သား ဦးဆောင်သည့် အစိုးရပုံစံသို့ အသွင်ပြောင်းလဲခြင်းတို့ ဆောင်ရွက်ကာ ယုံကြည်မှုပုံရိပ်ကို မြှင့်တင်၍ ရနိုင်သည်။ တပ်တော်က အုပ်ချုပ်နေသည့် ဒေသများတွင် အကျင့်ပျက်မှု တိုက်ဖျက်ရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လွတ်လပ်သော အင်စတီကျူးရှင်းများနှင့် လုပ်ထုံးလုပ်နည်းများ ထူထောင်နိုင်သည်။ ဤလုပ်ရပ်များက ခိုင်မာသည့် နိုင်ငံတော်အဆင့် အစိုးရတစ်ရပ်အဖြစ် AA ၏ တောင်းဆိုချက်ကို အားကောင်းစေမည် ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ပြောရမည်မှာ စီးပွားရေးအရ ရေရှည်တည်တံ့ခိုင်မြဲမှု ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် ပတ်သက်လာလျှင် ဤအချက်က အထူးအရေးပါသည်။ လွတ်လပ်သော ရခိုင်ပြည်သည် ဘဏ္ဍာရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မည် ဖြစ်သလို ပြင်ပအကူအညီများအပေါ် အလွန်အမင်း မှီခိုနေမည် မဟုတ်ကြောင်းကိုပါ AA ဘက်က လက်တွေ့ ဆောင်ရွက်ပြရမည် ဖြစ်သည်။

ရခိုင်တွင် ကမ်းလွန် သဘာဝဓာတ်ငွေ့သိုက်များ၊ ငါးလုပ်ငန်းများရှိသလို ခရီးသွားလုပ်ငန်းလည်း အလားအလာရှိသည်။ AA အနေဖြင့် ဤသယံဇာတ ရင်းမြစ်များကို အသုံးပြုနိုင်ရေးအတွက် တရုတ်နှင့် အိန္ဒိယကဲ့သို့ နိုင်ငံများနှင့် စီးပွားရေးမိတ်ဖက် ဆောင်ရွက်ရန် ညှိနှိုင်းကာ တိုင်းပြည်၏ ဘဏ္ဍာရေးတည်ငြိမ်မှုကို အင်အားဖြည့်၍ ရနိုင်သည်။

ရေရှည်ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုသည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် သော့ချက်ဖြစ်သည်။ AA သည် နိုင်ငံရေး တည်ငြိမ်မှု၊ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေရေးရာ အကာအကွယ်၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး အစီအစဉ် အစရှိသည်တို့ကို အာမခံပေးကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည်။

နိဂုံး

အာရက္ခတပ်တော်၏ နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးစွမ်းရည်က AA/ULA ကို ရခိုင်ပြည်၏ နိုင်ငံရေးအနာဂတ်တွင် အခရာကျသည့် မောင်းနှင်အားတစ်ရပ်အဖြစ် အခိုင်အမာ ရှိနေစေသည်။ ရခိုင်ပြည်လွတ်လပ်ရေးကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန် အသိအမှတ်ပြုနိုင်ခြေ မရှိလှသော်လည်း AA ထိန်းချုပ်မှုအောက်တွင် အချုပ်အခြာအာဏာ ပိုင်ဆိုင်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တစ်ရပ် ဖြစ်နိုင်ခြေ အလားအလာကတော့ ပိုပိုတိုးလာနေသည်။

နိုင်ငံတကာ၏ တုံ့ပြန်မှုသည် စီးပွားရေး အကျိုးအမြတ်၊ လုံခြုံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များနှင့် ပိုမိုကျယ်ပြန့်သည့် ပထဝီနိုင်ငံရေး အတွက်အချက်များ အပေါ် မူတည်ပါလိမ့်မည်။ ထိရောက်သည့် အုပ်ချုပ်ရေးနှင့် စီးပွားရေးအရ ရပ်တည်ရှင်သန်နိုင်စွမ်းတို့သည် မည်ကဲ့သို့သော အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းချက်များ အတွက်မဆို အရေးပါနေသည်ကို အရှေ့တီမော၊ ကိုဆိုဗိုနှင့် ဆိုမာလီလန်းကဲ့သို့ သင်ခန်းစာများ၌ တွေ့ရသည်။

မြန်မာပြည်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများ၏ အုပ်ချုပ်ရေး သဘောသဘာဝ ဆင့်ကဲပြောင်းလဲမှု၊ AA သြဇာ ကြီးထွားလာခြင်းနှင့် ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာခြင်းအပေါ် တုံ့ပြန်ရန်အတွက် ဒေသတွင်း အရေးပါ အရာရောက်သူများက သူတို့၏ မူဝါဒများကို မည်သို့ ပြင်ဆင်ညှိနှိုင်းကြသနည်း ဆိုသည်ကိုလည်း ထပ်တိုး သုတေသနပြု လေ့လာသင့်ပေသည်။

စောသန္တာအေး

The Diplomat တွင် ဖော်ပြထားသည့် Can the Arakan Army Win Recognition for Its Rule Over Rakhine State? စာစုကို ဘာသာပြန်ပါသည်။

မူလဆောင်းပါးရှင် ခိုင်မင်းသန့်သည် ပဋိပက္ခဒေသများရှိ သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေးကို အထူးပြုလေ့လာပြီး သြစတြေးလျနိုင်ငံ နယူးဆောက်ဝေး တက္ကသိုလ် (UNSW) တွင် ပါရဂူဘွဲ့ ပြုစုနေသူတစ်ဦး ဖြစ်သည်။