- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
" ကပစတွေကို သိမ်းပြီးမှသာ AA ရဲ့ တော်လှန်ရေး၊ ပြည်မမှာရှိတဲ့ တော်လှန်နေတဲ့ အဖွဲ့ ပေါင်းစုံရဲ့အား ရှေ့ အလားအလာ ပိုပြီးကောင်းနိုင်လိမ့်မယ် "
ကပစ စက်ရုံတွေဟာ စစ်ကောင်စီအတွက် အင်မတန် အရေးပါတာကြောင့် မဖြစ်မနေ သိမ်းရပါလိမ့်မယ်။ ဒါမှသာ ဖက်ဆစ်စစ်တပ်ရဲ့ လက်နက်ကျည်ထောက်ပံ့မှုကို ဖြတ်တောက်နိုင်ဖို့ထဲက တစ်ခုဖြစ်တယ်။
05 Mar 2025

DMG ၊ အင်တာဗျုး
ရခိုင်က မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်ဟာ လက်ရှိမှာ စစ်တွေ၊ ကျောက်ဖြူ အပါဝင် ရခိုင်ပြည်အရှေ့ဘက် စစ်မျက်နှာ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေကို မဟာမိတ်တပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဆိုတော့ ပြည်မဘက်က စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေ ခြိမ်းခြောက်ခံနေရပြီလား။ မြို့တော် စစ်တွေ၊ ကျောက်ဖြူတို့ရဲ့ စစ်ရေးအလားအလာ၊ စစ်ကောင်စီနဲ့ AA ဆွေးနွေပွဲ၊ တရုတ်ပါဝင်မှု အခန်းကဏ္ဍ၊ ၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းစတဲ့ အကြောင်းအရာတွေဟာ စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး အကဲခတ်သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကို DMG က မေးမြန်းထားပါတယ်။
DMG - ပထမဆုံးအနေနဲ့ စစ်အာဏာရှင် တော်လှန်ရေးနဲ့ AA ရဲ့ အခန်းကဏ္ဍကို သုံးသပ်ပေးပါ။
အခု မြန်မာနိုင်ငံရေး အခင်းအကျင်းရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးက တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားတယ်။ အထူးသဖြင့် ၁၀၂၇ ရှမ်းမြောက်မှာ ဖြစ်ပေါ်ပြီး နောက်ပိုင်းမှာ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ တိုက်ပွဲဖော်ဆောင်မှုနဲ့ မြို့တွေနယ်တွေ သိမ်းပိုက်ခြင်းဟာ တော်တော် ရှေ့ကို ရောက်လာတယ်။ အဲဒီအတွင်းမှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေကိုလည်း စောင့်ကြည့်လာရတယ်။
AA ရဲ့ လှုပ်ရှားမှုဆိုရင် အကုန်လုံးက သတိထားပြီးတော့ စောင့်ကြည့်တယ်။ လေ့လာတယ်။ သုံးသပ်တယ်။ နောက်ပြီးတော့ AA ဆီကို မဟာမိတ်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ တော်တော်များများ ချဉ်းကပ်ပြီး ဝင်ရောက်လာတယ်။ ဒီအချိန်မှာ ရခိုင်ပြည်မှာလည်း မြို့နယ်အများစုကို AA က သိမ်းပိုက်လိုက်တယ်။ AA နဲ့ ဆက်စပ်တဲ့ နေရာတွေမှာလည်း တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းပါဝင်မှုတွေရှိလာတယ်။
ဒီတော့ အထူးသဖြင့် ရခိုင်ရိုးမရဲ့ အရှေ့၊ ဧရာဝတီမြစ် အနောက်ခြမ်းမှာ တိုက်ပွဲတွေ ပေါ်လာတယ်။ ဒါကလည်း မြန်မာတစ်နိုင်ငံလုံးက ဖက်ဆစ်စစ်အစိုးရကို လက်မခံတဲ့အတွက် တော်လှန်ချင်တဲ့ စိတ်၊ သူတို့ရဲ့ အာဏာရှင်စနစ်ကို မုန်းတီးရွံရှာတဲ့ စိတ်နဲ့ ပူးပေါင်းလာတဲ့အခါမှာ အားကျစရာ၊ မိတ်ဖက်အဖြစ် ပူးစည်းစရာဆိုပြီးတော့ AA ကို ပေါင်းစည်း ဝင်ရောက်လာကြတယ်။ AA အားကို ယူပြီးတော့ အဲဒီနေရာတွေမှာ သိမ်းဆည်မှုတွေ ဖြစ်လာတယ်လို့ ကျနော် နားလည်ပါတယ်။
DMG - အာရက္ခတပ်တော်က မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေကို မဟာမိတ်တွေနဲ့ ထိုးစစ်ဆင်နေတယ် ဆိုတော့ ကပစ စက်ရုံတွေအတွက် ဘယ်လောက်အတိုင်းအတာထိ သက်ရောက်နိုင်လဲ။
ရခိုင်ရိုးမ အရှေ့ခြမ်းမှာရှိတဲ့ စစ်လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်တောင် ရှိမယ်။ ဒီစက်ရုံတွေကလည်း အင်မတန် အရေးပါတယ်။ စက်ရုံတွေက ထုတ်လုပ်လိုက်တဲ့ စစ်လက်နက်တွေ၊ ဗုံးတွေ၊ ကျည်တွေနဲ့ ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းပြီးတော့ အကြမ်းဖက်နေတာ ဖြစ်တယ်။ အဲဒီက ထွက်လာတဲ့ လက်နက်ခဲယမ်းတွေဟာ ပြည်သူတွေကို အကြမ်းဖက်ဖို့ အတွက် ဖက်ဆစ် မအလ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) အစိုးရက ထွက်တဲ့ လက်နက်တွေ၊ ကျည်တွေနဲ့ အားယူပြီးတော့ ပြည်သူတွေကို အကြမ်းဖက်နေတာ ဖြစ်တယ်။
ဒီစက်ရုံတွေဟာ စစ်ကောင်စီအတွက် အင်မတန် အရေးပါတာကြောင့် မဖြစ်မနေ သိမ်းရပါလိမ့်မယ်။ ဒါမှသာ ဖက်ဆစ်စစ်တပ်ရဲ့ လက်နက်ကျည်ထောက်ပံ့မှုကို ဖြတ်တောက်နိုင်ဖို့ထဲက တစ်ခုဖြစ်တယ်။ အဲဒီဟာတွေကို သိမ်းပြီးမှသာ ဒီတော်လှန်ရေးဟာ AA ရဲ့ တော်လှန်ရေး၊ တခြားပြည်မမှာရှိတဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့ပေါင်းစုံရဲ့ အားဟာပိုပြီးတော့ ရှေ့အလားအလာ ကောင်းနိုင်လိမ့်မယ်။
DMG - ပြည်မတိုင်း ၃ တိုင်းကို AA ရဲ့ ထိုးစစ်ဆင်လာမှုက နေပြည်တော်ကို ရိုက်ခတ်မှု ရှိလာနိုင်လား။
AA က တိုင်း ၃ တိုင်းကို ဝင်ရောက်လာတာ ရခိုင်ပြည်နဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်လို့ပေါ့။ သိရသလောက် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အထူးသဖြင့် ဗမာ အများစုပါတဲ့ တော်လှန်ရေးအင်အားစုတွေက အစ ဖြစ်တယ်။ ဖြစ်နိုင်ရင် ဒီနေ့ တော်လှန်ရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကို AA ရဲ့ တပ်မှူးချုပ်တို့ ၊ KIO က ဂွမ်မော်တို့ ပုဂ္ဂိုလ်မျိုးတွေကို ဦးဆောင်ပေးစေချင်တဲ့ အသံမျိုးတောင် ကျယ်ကျယ်လောင်လောင် ထွက်လာတာ ရှိတယ်။ ဆိုတော့ ဒီပုဂ္ဂိုလ်တွေရဲ့ စစ်ဆင်ရေးဗျူဟာကို နှစ်သက်ကြတယ်ပေါ့။
ဒါကြောင့် အခု AA ရဲ့အခု တိုင်း ၃ တိုင်းကို ဖြန့်လာတဲ့ စစ်ဆင်ရေးကို အားရကြတယ်။ ပူးပေါင်းပါဝင်မှု ရှိတယ်။ အခု ဖြစ်နေတဲ့ စစ်ဆင်ရေးကနေ နောက်ထပ် ရှေ့ကိုသွားမယ့် ခြေလှမ်းဟာ နေပြည်တော်မှာရှိတဲ့ ဖက်ဆစ်စစ်တပ်ဟာ အိပ်လို့မရ၊ စားလို့မဝင်ဆိုတဲ့ အနေအထားမျိုး ထိရောက်နိုင်တယ်။ သူတို့တွေရဲ့ ထိုင်ခုံတွေဟာ လှုပ်လာတယ်။ ဖက်ဆစ်စစ်တပ်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ လုံးဝ ပြိုလဲသွားနိုင်တဲ့ အနေအထားအထိ ရောက်လာနိုင်ပါတယ်။
DMG - နောက်တစ်ခုက လက်ရှိ စစ်တွေနဲ့ ကျောက်ဖြူတို့ရဲ့ စစ်ရေးအရွှေ့က ဘယ်လိုဖြစ်လာနိုင်မလဲ။
ရခိုင်ပြည် မြို့တော် စစ်တွေပေါ့ဗျာ။ တနည်းအားဖြင့် အဲဒီမှာ အိန္ဒိယရဲ့ ရင်းနှီးမြုပ်နှံမှု ကုလားတန်စီမံကိန်း ရှိတယ်။ နောက်တစ်ခါ တရုတ်စီမံကိန်းရဲ့ အချက်အချာကျတဲ့ ကျောက်ဖြူမြို့၊ ဒီမြို့နှစ်မြို့ကိုတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာ ဆက်ဆံရေးအရသော်လည်းကောင်း ဒီနိုင်ငံကြီးတွေရဲ့ ရင်းနှီးမြုပ်နှံမှုအရ သော်လည်းကောင်း တိုက်ပွဲတွေက ဖယ်ထားပြီးတော့ ညှိနှိုင်းပေးခြင်းအားဖြင့် AA လည်း ရခိုင်ပြည်ကို အတိုင်းအတာတစ်ခုအထိ နားလည်မှုနဲ့ အုပ်ချုပ်မှုရမယ် ဆိုရင်တော့ ပြည်သူတွေလည်း ထိခိုက်သေကြေ ပျက်စီးမှု သက်သာမယ်။ ဟိုဖက် ဒီဖက်အတွက် ကောင်းလိမ့်မယ်။ ဒါနိုင်ငံရေးအရ တွေးကြည့်တာလေ။
သို့သော် အခုက မအလ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) စစ်တပ်က အဲဒီလိုမျိုး နိုင်ငံရေးအတွေးအခေါ် အယူအဆ မရှိဘူး။ သူတို့ကတော့ ဘယ်လောက်ပဲ ပြည်သူတွေနာနာ ဘယ်တိုင်းရင်းသားပဲ ပြာဖြစ်သွား ဂရုမစိုက်ဘူးပေါ့။ အရာရာကို ကိုယ့်ခုံမြဲရင် ပြီးရော ဆိုပြီး အနေထားရောက်လာတယ်ပေါ့ဗျာ။ ဒီဟာရဲ့ နောက်ဆက်တွဲအရ အခုဆိုရင် ကျောက်ဖြူနဲ့ အနီးအနား နေရာတွေ၊ နေဗီတွေရှိတဲ့ နေရာမျိုးမှာ ကျည်ပေါက်လာတယ်။ ထိုနည်းတူပဲ စစ်တွေမြို့ရဲ့ အစွန်မြို့ကို ရံထားတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ ကျည်ပေါက်လာတယ်။ ဆိုလိုတာကတော့ ဒီကိစ္စက မကြာခင်မှာ ပွဲပြတ်သွားနိုင်တယ်။
နောက် ရခိုင်ပြည်မှာ ပလက်ဝအပါဝင် မြို့နယ် ၁၅ မြို့နယ်ကို သိမ်းထားပြီးတော့ နားနေတဲ့ ကာလတစ်ခု ရောက်သွားပြီးဆိုတဲ့အချိန်မှာ အကယ်၍ တက်ပြီး သိမ်းဖို့ဆိုရင်တော့ AA အတွက် သိပ်ခက်ခဲလိမ့်မယ် မထင်ဘူး။ ဒီအခက်ခဲတွေကိုလည်း AA ကျော်နိုင်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ပြည်ရဲ့ နယ်မြေအားလုံးနီးပါး တနံတလျား သိမ်းလာပြီးတော့ ဒီနေရာတွေကို ဝိုင်းလိုက်ပြီးဆိုရင်တော့ ဒီဟာတွေက ရခိုင်ပြည်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ ကျောက်ဖြူနဲ့ မြောက်ပိုင်းမှာရှိတဲ့ စစ်တွေကလည်း AA က ဝိုင်းဝန်းထိန်းချုပ်ထားပြီးသား ဖြစ်တယ်။
ပြည်သူ တစ်ရပ်လုံးကလည်း ဒီနေရာတွေကို သိမ်းဖို့ မျှော်လင့်နေတယ်။ ဆိုတော့ ပြည်သူအားလည်း ပါတယ်။ ဒီစစ်အာဏာရှင် ဖက်ဆစ်စစ်တပ်ဟာလည်း နေရာတိုင်းမှာ ကျရှုံးနေတယ်။ အကယ်၍ AA ကသာ သိမ်းမယ်ဟေ့ ဆိုရင် သူတို့ကြောက်လန့်ပြီး အလံဖြူထောင်ပြီးတော့ လက်နက်ချသွားနိုင်တယ်ဆိုတဲ့ အနေအထားမျိုးမြင်တယ်။ သိပ်တော့ ကြာမယ် မဟုတ်ပါဘူး။ ရခိုင်ပြည်ဟာ AA ရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝရောက်သွားလိမ့်မယ်လို့ ခန့်မှန်းမိတယ်။
DMG - စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကိုသာ AA သိမ်းပိုက်နိုင်ရင် တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးတွေ ဘယ်လို ရှိလာနိုင်လဲ။
မြို့တော် စစ်တွေ၊ ကျောက်ဖြူတွေကို ပြတ်ပြတ်သားသား သိမ်းပိုက်လိုက်ပြီဆိုရင် သေချာပေါက် အဲဒီနိုင်ငံတွေကတော့ ကိုယ်စားလှယ်လွှတ်ပြီး တစ်နည်းမဟုတ် တစ်နည်း နိုင်ငံရေးနည်းအရ ချဉ်းကပ်ပြီးတော့ စကားပြောကြရမှာ ဖြစ်ပါတယ်။ ဒါကတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလားတန်စီမံကိန်းဆိုတာ အိန္ဒိယရဲ့ ကုန်းတွင်းပိတ် ပြည်နယ်တွေကို ထောက်ပံ့ဖို့အတွက် အရေးပါတယ်။ ဒီအတွက်လည်း ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးပြီး လုပ်ထားတာ။ ဒီအတွက် သူတို့ဒေသဖွံ့ဖြိုးဖို့ ရခိုင်ပြည်မှာ အုပ်ချုပ်လာမယ့် AA ရဲ့ ခေါင်းဆောင်တွေနဲ့ သေချာပေါက် စကားပြောကြရမှာ။
ထိုနည်းတူ ကျောက်ဖြူစီမံကိန်းဆိုတာလည်း တရုတ်ရဲ့ စွမ်းအင်ပိုင်းဆိုင်ရာ ဂတ်စ်တို့၊ ရေနံတို့ကို ထောက်ပို့တဲ့ လမ်းကြောင်းပေါ်မှာ ရှိတယ်။ ဒီဟာအတွက်လည်း သူတို့ သေချာပေါက် AA က တာဝန်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ သံတမန်ရေး အရသော်လည်းကောင်း ပုံစံတစ်မျိုးမျိုးနဲ့တော့ ချဉ်းကပ်ဆက်သွယ် ပြီးတော့ ဒီကိစ္စကို အဖြေရှာကြရမှာပေါ့လေ။
DMG - AA က နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုပြီး ကမ်းလှမ်းချက် စာတစ်စောင်ထုတ်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ဆိုတော့ ရှေ့ဆက်ဘယ်လို မြင်တွေ့ရနိုင်ခြေရှိလဲ။
ဂွမြို့ကို သိမ်းပြီး AA က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ စာထုတ်တာ။ ဒါကတော့ AA က သူ့အနေနဲ့ ရခိုင်ပြည် မြောက်ဖျားကနေ ဝင်လာပြီးတော့ နောက်ဆုံး တောင်ဖက်အစွန်းဆုံး ဂွမြို့ကို သိမ်းပြီးတဲ့အချိန်မှာ ရခိုင်ပြည်ကို ဆုပ်ကိုင်နိုင်ပြီဆိုတဲ့ အနေအထားနဲ့ ကြေညာတာ။ ဒါက အင်မတန် သဘာဝကျပါတယ်။ တစ်ဖက်မှာ AA ကမ်းလှမ်းလိုက်တဲ့ ထုတ်ပြန်ချက်ကိုက ရှင်းရှင်းပြောလို့ရှိရင် မအလ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) စစ်ဘီလူးက ဒီဟာကို ဘယ်လို နည်းနဲ့မှ တုံ့ပြန်လာတာ မရှိဘူး။ တုံ့ပြန်ဖို့ကလည်း အင်မတန် သွေးဆာနေတဲ့ သူတစ်ယောက် ဖြစ်တယ်။ ဒီဟာတွေ ဆုံးရှုံးသွားလည်း ဂရုမစိုက်ဘူးဆိုတဲ့ အနေအထားမျိုးလည်း မြင်ရတယ်။
ဒါကြောင့်လည်း စစ်ကောင်စီဟာ တဖြည်းဖြည်းနဲ့ နယ်မြေပေါင်းစုံမှာ ဆုံးရှုံးလာတာ ဖြစ်တယ်။ ဒီဟာအတွက်ကို တချို့တချို့သော ပုဂ္ဂိုလ်တွေက အသံတွေ ပေးကြတာပေါ့။ နိုင်ငံရေးအရ ဖြေရှင်းရတော့မယ်။ အာဆီယံအပါဝင် တခြားသော နိုင်ငံတွေကလည်း ဒီဟာမျိုးတွေကို ခေါ်ပြီးတော့ ညှိပေးတာမျိုး ရှိတယ်။ ဒါပေမဲ့ သူတို့(စစ်ကောင်စီ)က အမြဲတမ်း အပေါ် စီးမှာ နေမယ်။ သူတို့ပြောတဲ့ အတိုင်းပဲ လုပ်ရမယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ ဒီအချိန်အထိ အာဏာရှင်ဆန်ပြီးတော့ တစ်ကိုယ်ကောင်း သူ့ကိုယ်ကျိုးလောက်ပဲ ကြည့်တာ ဖြစ်တယ်။ ဒါကြောင့် အခုအချိန်အထိ နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှု မရနိုင်တာပါ။ အခုဆို နိုင်ငံတကာကလည်း ဖမ်းဝရမ်းထုတ်တဲ့ အဆင့်အထိ ဖြစ်လာတယ်ဆိုတဲ့အခါမှာ စေ့စပ်ညှိနှိုင်းဖို့ နိုင်ငံရေး စကားပြောဖို့က ခက်နေပါအုံးမယ်။ တစ်နည်းအားဖြင့် ပြောရရင် ဒီစစ်မိစ္ဆာအုပ်စုကို ရှင်းပလိုက်ပြီးမှသာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတို့၊ အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်လာလိမ့်မယ်လို့ မြင်တယ်။
DMG - စစ်ကောင်စီနဲ့ AA တို့ ကူမင်းမြို့မှာ ဆွေးနွေးဖို့ရှိတယ်လို့ သိထားရတယ်။ ဒီဆွေးနွေးပွဲက ရခိုင်စစ်ရေး အရှိန်ကို လျှော့ချနိုင်မယ်လို့ ပြောလို့ရနိုင်မလား။
ကျနော် ထင်တယ်၊ သိပ်တော့ ဖြစ်နိုင်ဖွယ် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စောစောက ဖြေတဲ့အထဲမှာလည်း ပါတယ်။ ဂွမြို့ကို သိမ်းပြီးတဲ့အခါမှာ ဆွေးနွေးဖို့ တည့်တည့်ပြောတာလေ။ ဒါပေမဲ့ တုံ့ပြန်တာ မရှိဘူးဗျ။ နောက်တစ်ခုကလည်း အခု ရခိုင်ပြည်မှာ စောစောက ပြောသလို ကျောက်ဖြူတို့ စစ်တွေတို့မှာ ကျည်ပေါက်လာပြီ။ သိမ်းပိုက်ဖို့ဆို ဒီနယ်မြေက ကျနော်တို့ နယ်မြေလေဗျာ။ ကျနော်တို့ ဘက်ခြမ်းထဲမှာ ကျနော်တို့ ရခိုင်ပြည်သူတွေပဲရှိတာ။ ဘယ်အချိန်မှာဖြစ်ဖြစ် ဘင်္ဂလားပင်လယ်ကို မောင်းထုတ်ပစ်လို့ရတဲ့ အနေအထား ရှိတယ်။ ဒုက္ခပေးနိုင်တာကတော့ လေကြောင်းကနေပြီးတော့ ဗုံးလာကြဲမယ်။ ပင်လယ်ကနေပြီးတော့ အဝေးကနေ လှမ်းပစ်မယ်ဆိုတဲ့ အနေအထားလောက် ဖြစ်နေမှာပဲ။
ဒါကတော့ ကာလတစ်ခု ဖြတ်ရမှာ။ တရုတ်ကြီးကနေပြီးတော့ မင်းတို့ ညှိနှိုင်း ဘာညာဆိုတဲ့ဟာတွေက မအလ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)မှာ ကိုယ်တိုင်က ဒီလိုမျိုးတွေးခေါ်ဖို့ လိုက်လျောလိုတဲ့ ဆန္ဒမပေါ်တော့ ဘယ်လိုနဲ့မှ မဖြစ်နိုင်ဘူးလေ။ နောက် AA ရဲ့ ဦးစီးချုပ်က ပြောပြီးသား အင်္ဂါဂြိုလ်က လာတားရင်တောင် တိုက်မှာပဲ ဆိုတာမျိုး ပြောထားပြီးသား။ အခုစလည်း စနေပြီဆိုတော့ ဒီအချိန်မှ အဲဒီလို ညှိနှိုင်းလို့လည်း အဖြေတစ်ခုတော့ ရမယ် မထင်ပါဘူး။
DMG - တရုတ်ရဲ့ ကြားဝင်မှုက ရခိုင်ပြည် စစ်ရေးကို အပြောင်းအလဲဖြစ်လာနိုင်မလား။
အစောပိုင်းတုန်းကတော့ ကျနော်တို့လည်း ဒီလို မျှော်မှန်းတယ်ပေါ့ဗျာ။ ဘာဖြစ်ဖြစ် တရုတ်ဆိုရင် စစ်တပ်ပေါ်မှာရော၊ AA ဆိုလည်း တရုတ်နယ်စပ် ကချင်ဘက်မှာ ဌာနချုပ် အခြေစိုက်ဆိုတော့ အချိန်မှာ သူရဲ့ဖိအားဟာ ပိုပြီး သက်ရောက်လိမ့်မယ်လို့ မှန်းခဲ့ကြတယ်။ ဒါပေမဲ့ အခုမြောက်ပိုင်းအဖွဲ့တွေနဲ့ ညှိနှိုင်းတဲ့အခါမှာ တရုတ်ရဲ့ ဖိအားဟာ effective သက်ရောက်မှု မဖြစ်ဘူး၊ အားနည်းတယ်။ ဒါတစ်ချက်။
နောက်တစ်ခုက ရခိုင်ပြည်ရဲ့ တည်ရှိနေမှုက တရုတ်ရဲ့ ပြည်နားမှာ ကပ်နေတာ မဟုတ်ဘူး။ ပထဝီအနေ အထားတွေက စကားပြောပါလိမ့်မယ်။ ဒါကြောင့် မအလ(ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်)ရဲ့ အာဏာသိမ်း စစ်တပ်ကို ဖိအားပေးကောင်း ပေးနိုင်လိမ့်မယ်။ ရခိုင်ပြည်ကတော့ သူတို့နဲ့ အများကြီး ကြားမှာ အလှမ်းကွာနေတဲ့အတွက် အပြည့်အဝ ဖိအားက ရောက်လာလိမ့်မယ်လို့ မထင်ပါဘူး။
DMG - ဒီနှစ် (၂၀၂၅ ခုနှစ်) ရခိုင်ပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး အလားအလာ ဘယ်လို သုံးသပ်နိုင်မလဲ။
ယုံကြည်မှုကတော့ ၂၀၂၅ ခုနှစ်မှာ ရခိုင်တစ်ပြည်လုံးဟာ AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားလိမ့်မယ်လို့ မြင်ပါတယ်။ AA ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီဆိုရင် ဒေသလုံခြုံရေးအတွက် စောစောက ပြောတဲ့ အင်အားကြီးနိုင်ငံတွေ ရင်နှီးမြုပ်နှံမှုတွေလည်း ရှိတယ်ဆိုတော့ သူတို့ကလည်း သံတမန်ရေးအရလည်းကောင်း သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်သော်လည်းကောင်း မဖြစ်မနေ ရခိုင်ပြည်မှာ ပြည်သူတွေကို အခုလို လက်နက်ကြီးပစ်တာ လေယာဥ်နဲ့ ပစ်တာတို့ သေချာပေါက် တစ်နည်းနည်းနဲ့ သူတို့ ဟန့်တားပေးနိုင်လိမ့်မယ်လို့ မြင်တယ်။
တစ်ဖက်မှာလည်း ပြည်မမှာရှိတဲ့ နိုင်ငံရေးအခင်းအကျင်းပေါ့ဗျာ။ အပြောင်းအလဲ တစ်ခုတော့ ဖြစ်လာမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုတောင်မှ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေဟာ AA အနေနဲ့ ဆိုလည်း တိုင်းသုံးတိုင်းကို ဝင်လာတယ်။ အရှေ့ဘက်က တိုက်လာတဲ့ တပ်တွေပေါ့ဗျာ။ အခုဆို ပဲခူးတိုင်းလိုဟာမျိုးမှာ ဆိုရင် တော်တော်လေး ရောက်လာပြီဖြစ်တယ်။
တခြားအထက်ပိုင်းမှာ ဆိုရင်လည်း မေမြို့ (ပြင်ဦးလွင်) တို့၊ နောင်ချိုတို့လိုအထိ ဆင်းလာကြတဲ့ အနေအထား တွေ့ရတယ်။ အထက် ကချင်ဘက်မှာဆိုလည်း ဒီတိုင်းပဲ အောက်ကို တဖြည်းဖြည်းနဲ့ ဆင်းလာတဲ့ အနေအထားမျိုးတွေကို မြင်နေရတဲ့အတွက် ရခိုင်ပြည်သူတွေအတွက်ကတော့ ပြန်လည်ထူထောင်ရေးနဲ့ ရခိုင်ပြည် တည်ဆောက်ရေးဘက်မှာ နေပြီး ၂၀၂၅ နှောင်းပိုင်းမှာ စတင်ပြီးတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဖို့ အတွက် လမ်းကြောင်းကို မြင်နေရတယ်လို့ ကျနော် ပြောချင်တယ်။
DMG - အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။