ပလက်ဝဒေသ ပထဝီ စီးပွားရေးအခွင့်အလမ်းနဲ့ ကုလားတန်စီမံကိန်း သုံးသပ်ချက်

ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေကို အာရက္ခတပ်တော်က မသိမ်းပိုက်သေးသ၍ ကုလားတန်မြစ်ရဲ့ စီမံကိန်းဟာ မရေရာသေးပါဘူး။ အာရက္ခတပ်ဟာ ရခိုင်ပြည်အလုံးစုံကို သိမ်းပိုက်လိုက်ရင်ရော အိန္ဒိယအစိုးရဟာ အာရက္ခပြည်သူ့အစိုးရကို အသိအမှတ်ပြု ဆက်ဆံလာနိုင်လား။

By Admin 23 Apr 2025

ပလက်ဝဒေသ ပထဝီ စီးပွားရေးအခွင့်အလမ်းနဲ့ ကုလားတန်စီမံကိန်း သုံးသပ်ချက်

DMG ၊ အတွေးအမြင်

ကုလားတန်စီမံကိန်းဟာ ဘာလဲ

Kaladan Multi-Modal Transit Transport Project (KMTTP) ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ဒေလီမြို့မှာ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။

ကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံ၊ Kolkata ဆိပ်ကမ်းကနေ စစ်တွေကို ဘင်္ဂလားပင်လယ်အော်ကနေ ရေကြောင်းဆက်သွယ်ပြီး၊ စစ်တွေကနေ ပလက်ဝမြို့ကို ကုလားတန်မြစ်ကြောင်းအတိုင်း ရေလမ်းကြောင်း၊ ပလက်ဝကနေ မီဇိုရမ်ပြည်နယ်၊ Zorinpui ကို အမြန်လမ်း(ကားလမ်း)နဲ့ ကုန်းကြောင်းရေကြောင်း အသွယ်သွယ် ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ကုလားတန်စီမံကိန်းဟာ သဘောတူစာချုပ်ချုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ အခု ၂၀၂၅ အထိ အခက်အခဲမျိုးစုံကြောင့် မပြီးမြောက်သေးပေ။

လက်ရှိမှာ စီမံကိန်းရဲ့အချက်အချာဖြစ်တဲ့ ပလက်ဝကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး ULA အရာရှိတချို့နဲ့ မီဇိုရမ် အမတ်တို့ဟာ စီမံကိန်း ပြန်လည်အကောင်ထည်ဖော်နိုင်ရန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့တာကိုလည်း တွေ့ရတယ်။ သို့သော် စီမံကိန်းပြီးမြောက်မယ့်အလားအလာ မတွေ့ရသေးပေ။

အေအေဟာ စီမံကိန်းရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ ပလက်ဝဒေသနဲ့ ကုလားတန်မြစ်ကို ထိန်းချုပ်ထားနိုင်သော်လည်း စစ်တွေဆိပ်ကမ်းနဲ့ ရခိုင်ရေပိုင်နက်ကို စစ်ကောင်စီ ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ စစ်တွေကို အာရက္ခတပ်တော် သိမ်းနိုင်ရင်ရော ဒီစီမံကိန်းဖြစ်မြောက်လာမှာလား။

စစ်တွေကို အာရက္ခတပ်တော်သိမ်းလိုက်ရင် အိန္ဒိယအစိုးရဟာ စီမံကိန်းကိစ္စကို စစ်ကောင်စီနဲ့ စကားပြောစရာ မလိုတော့ဘဲ အာရက္ခပြည်သူ့အစိုးရနဲ့ တိုက်ရိုက်ပြောဆို ဆွေးနွေးလာရမှာဖြစ်ပါတယ်။

ယခင် ULA-အိန္ဒိယ ဆက်ဆံရေး

ကုလားတန်စီမံကိန်းဟာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေနဲ့ ၂၀၁၇ မွတ်ဆလင် အရေးတို့ကြောင့် ကြန့်ကြာခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပလက်ဝကနေ ကျောက်တော်ကိုသွားတဲ့ အိန္ဒိယနိုင်ငံသား ၅ ယောက်အပါအဝင် လူဆယ်ဦးကို အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့နောက် အိန္ဒိယနိုင်ငံသားတစ်ဦး အသက်ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ၂၀၁၉ ကာလတုန်းက နိုင်ငံရေးအခင်းအကျင်းတွေကြောင့် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယဘက်ကနေ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အာရက္ခတပ်တော်နဲ့ အိန္ဒိယကြား ဆက်ဆံရေးဟာလည်း ထင်သလောက် မရင်းနှီးခဲ့ပေ။ စီမံကိန်းဖြစ်မြောက်ရေးနဲ့ အခြားနိုင်ငံရေး သံတမန်ရေးအတွက် စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တဲ့ အိန္ဒိယအစိုးရဟာ အာရက္ခတပ်တော်ကို ချဉ်းကပ်အလေးထားတဲ့ မူဝါဒမျိုးကို မတွေ့ခဲ့ရပေ။

အိန္ဒိယအစိုးရရဲ့ မျော်မှန်းချက်

ရာစုနှစ်တစ်ခုကြာ မပြီးမြောက်သေးတဲ့ ကုလားတန်စီမံကိန်းဟာ အိန္ဒိယအစိုးရအတွက် စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေးအရပါ အရေးပါတဲ့ စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ အီရန်နိုင်ငံရှိ အိန္ဒိယပိုင် Chabahar ဆိပ်ကမ်းပြီးရင် စစ်တွေဆိပ်ကမ်းဟာ အိန္ဒိယရဲ့ နှစ်ခုမြောက် နိုင်ငံခြားဆိပ်ကမ်းဖြစ်ပါတယ်။

ကုလားတန်စီမံကိန်းဟာ အိန္ဒိယအစိုးရရဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို လွှမ်းမိုးနိုင်ရေးပေါ်လစီ (Act East Policy) ရဲ့ မဟာဗျုဟာမြောက် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ တရုတ်ရဲ့လွှမ်းမိုးမှုကို တုံ့ပြန်ရေးနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို စီးပွားရေးအရ ဆက်လက်ခြေဆံ့နိုင်ရေးအတွက် ဒီစီမံကိန်းဟာ အလွန်အရေးပါပါတယ်။

အိန္ဒိယအနေနဲ့ အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရ ကူညီပေးခဲ့တာဟာလည်း ကုလားတန်မြစ်စီမံကိန်းရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အိန္ဒိယဟာ ကုလားတန်စီမံကိန်းကို လုံးဝလက်မလျော့ဘဲ ပြီးမြောက်အောင် အကောင်အထည်ဖော်မယ်လို့ ခန့်မှန်းရပါတယ်။ 

အာရက္ခတပ်တော်ရဲ့ စီးပွားရေးမူဝါဒ

အာရက္ခပြည်သူ့အစိုးရဟာ ရခိုင်ပြည်အတွက် အကျိုးရှိမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လှိုက်လှဲစွာ ဖိတ်ခေါ်တယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ ရခိုင်ဒေသအတွင်း တိုက်ပွဲဖော်ဆောင်ရာမှာလည်း နိုင်ငံခြားပိုင် စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို မထိခိုက်ရအောင် တိုက်ပွဲဖော်ဆောင်တာကို လေ့လာတွေ့ရှိရပါတယ်။

၂၀၁၉၊ နိုဝင်ဘာလမှာ အာရက္ခတပ်တော် (AA)က အိန္ဒိယနိုင်ငံသားတစ်ချို့ကို ဖမ်းဆီးခဲ့ပြီး ULA နဲ့ အိန္ဒိယကြား ဆက်ဆံရေး အနည်းငယ်တင်းမာခဲ့တယ်လို့ ယူဆရပါတယ်။ သို့သော် ပလက်ဝနဲ့ ကုလားတန်မြစ်ကြောင်း တစ်လျောက်ကို အာရက္ခတပ်တော်က ထိန်းချုပ်လိုက်ပြီးနောက် ULA နဲ့ အိန္ဒိယကြားမှာ သံတမန်ရေး အဆင်ပြေလာတာကို တွေ့ရှိရတယ်။

အာရက္ခပြည်သူ့အစိုးရဘက်ကလည်း ကုလားတန်စီမံကိန်းနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်တာကို မတွေ့ရပေ။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ULA အစိုးရဘက်ကရော စီမံကိန်းရဲ့ လုံခြုံရေးကို တာဝန်ယူလာနိုင်မှာလားဆိုတဲ့ မေးခွန်းတွေ ထုတ်စရာရှိပါတယ်။

ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေကို အာရက္ခတပ်တော်က မသိမ်းပိုက်သေးသ၍ ကုလားတန်မြစ်ရဲ့ စီမံကိန်းဟာ မရေရာသေးပါဘူး။ အာရက္ခတပ်ဟာ ရခိုင်ပြည်အလုံးစုံကို သိမ်းပိုက်လိုက်ရင်ရော အိန္ဒိယအစိုးရဟာ အာရက္ခပြည်သူ့အစိုးရကို အသိအမှတ်ပြု ဆက်ဆံလာနိုင်လား။

ကုလားတန်စီမံကိန်း အနာဂတ်ဦးတည်ရာ

အိန္ဒိယဟာ နိုင်ငံခြားရေးရာပေါ်လစီတွေ ချမှတ်တဲ့နေရာမှာ “ကိုယ်ကျိုးစီးပွားကြည့်မူဝါဒ (self-interest policy)”တွေ ဦးစားပေး ချမှတ်တတ်ပါတယ်။ စစ်ကောင်စီ အခြေအနေကောင်းရင် စစ်ကောင်စီနဲ့ ပေါင်းမယ်။ စစ်ကောင်စီ အခြေအနေမဟန်ရင် တခြားပူးပေါင်းလို့ရတဲ့ အဖွဲ့အစည်းကို ပေါင်းမယ်ဆိုတဲ့ မူဝါဒမျိုးပါ။

အဲဒါကြောင့် ရခိုင်ပြည်ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ရင် သူ့ရဲ့ အကျိုးစီးပွားအတွက် အာရက္ခတပ်တော်ကို ချဉ်းကပ်လာနိုင်တယ်လို့ ခန့်မှန်းယူဆနိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့စီမံကိန်းတွေနဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကြီးတဲ့ ဒေသတစ်ခုမှာ ခြေကုပ်စရာ နေရာတစ်ခုဖြစ်နေတဲ့ ကုလားတန်စီမံကိန်းကို အိန္ဒိယအစိုးရအနေနဲ့ လက်လျော့စရာ အကြောင်းမရှိပါဘူး။

အနာဂတ်ရခိုင်ဒေသအတွင်း တရုတ်-အိန္ဒိယ အားပြိုင်မှုကိုလည်း အာရက္ခတပ်တော်အနေနဲ့ သတိထားကာ လိမ်မာပါးနပ်စွာ ကိုင်တွယ်သင့်ပါတယ်။ ရခိုင်ပြည်အတွက် အကျိုးအမြတ်ရှိတဲ့ ကုလားတန်စီမံကိန်းနဲ့ အခြားနိုင်ငံခြားရင်းနှီးမြှပ်နှံမှုစီမံကိန်းတွေဟာ ရခိုင်လူထုအတွက် အကျိုးအမြတ်သာမက စီးပွားရေး-နိုင်ငံရေး ပဋိပက္ခတွေကိုလည်း ဖန်တီးလေ့ရှိပါတယ်။

ဒါကြောင့် အလုံးစုံသေချာအောင် အာရက္ခပြည်သူ့အစိုးရဘက်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံရေး မူဝါဒနဲ့ သံတမန်ရေးရာ အိမ်စာတွေကို အခုကတည်းက ကြေညာထားသင့်တယ်ဟု အကြံပြုရင်း။

မျိုးငြိမ်းနိုင် - ရေးသည်