မြန်မာပြည်တွင်းစစ်မှာ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ဝင်ပါတော့မည်လား

ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ဤအစီအစဉ်၌ ARSA လက်နက်ကိုင်အဖွဲ့ကိုပါ ထည့်သွင်းနိုင်အောင် ကြိုးပမ်းနေသည်ဟုပါ သတင်းက ဆိုသည်။ အာတာအူလာအပါအဝင် ARSA ခေါင်းဆောင်များသည်လည်း ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံထားရသည်ဖြစ်ရာ မြန်မာစစ်ကောင်စီကို တိုက်ခိုက်ရေးတွင် ARSA လည်း ပါဝင်လာအောင် ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကြိုးပမ်းနိုင်ဖွယ် ရှိသည်။

By Admin 18 Apr 2025

မြန်မာပြည်တွင်းစစ်မှာ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ဝင်ပါတော့မည်လား

ရာဗီချန်ဒရာကူးမား

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိနှစ်ဦးသည် ဧပြီလ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်လာခဲ့သည်။ Nicole Chulik (တောင်အာရှနှင့် အလယ်အာရှရေးရာ ဒုလက်ထောက်) နှင့် Andrew Herrup (အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက်) တို့ဖြစ်သည်။ 

သူတို့နှင့်အတူ ရောက်ရှိလာသူမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံ Susan Stevenson ဖြစ်သည်။ သူတို့သည် ဒါကာတွင် ရခိုင်ဒေသ၏ အလားအလာနှင့် ဆက်စပ်နေသည့် နိုင်ငံရေးနှင့် စစ်ရေး မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြသည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများတွင် ဖော်ပြကြသည်။

ဆွေးနွေးချက်များအနက် အပြီးသတ်ညှိနှိုင်းရန် အသင့်ရှိနေသည့် ကိစ္စရပ်တစ်ခုမှာ ဗမာစစ်တပ် အပြီးတိုင် ကျရှုံးရေးအတွက် ရခိုင်နှင့် ချင်းပြည်နယ်တို့ရှိ လက်နက်ကိုင်များအတွက် ထောက်ပံ့ရေးဇုန်တစ်ခု ထားရှိရန်ဖြစ်သည်။ ပြီးခဲ့သည့်လက ပစိဖိတ်ဒေသဆိုင်ရာ အမေရိက စစ်မျက်နှာမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိုဝဲလ် ပီ ဘောင်းဝဲလ် ဒါကာသို့ ရောက်ရှိစဉ်ကလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ဤအစီအစဉ်ကို လေသံပစ်ခဲ့သေးသည်။

Northeast News သတင်းဌာနက ဧပြီလ ၁၅ ရက်နေ့တွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးတစ်ရပ်၌ AA နှင့် CNF အပါအဝင် လက်နက်ကိုင် တပ်ပေါင်းစုအတွက် ထောက်ပို့နှင့် နည်းနာများ ပံ့ပိုးရာတွင် ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ တပ်ခွဲသုံးခုအထိ ပါဝင်နိုင်ခြေရှိသည်ဟု ဖော်ပြထားသည်။ အဆိုပါ တပ်ခွဲများမှာ ၁၀၊ ၁၇ နှင့် ၂၄ တို့ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်မှ ထိပ်တန်း လုံခြုံရေး သတင်းရင်းမြစ်များထံမှ သိရသည်ဟု Northeast News က ဖော်ပြသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများတွင်တော့ ပါဝင်မည်မဟုတ်ဟုလည်း အဆိုပါ သတင်းဆောင်းပါးက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်ဆိုလျှင် ထောက်ပံ့ရေးစခန်းအတွက် နေရာတစ်ခုပင် ရွေးထားပြီဖြစ်သည်။ နတ်မြစ်နှင့်နီးပြီး တက္ကနာမြို့မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာတွင် ရှိသော ဆစ်ခါလီဒေသဖြစ်သည်။ ဤနေရာသို့ အရပ်သားများ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ထားသည်။ 
ကော့ဘဇားလေဆိပ် တွင်လည်း တူရကီလုပ် ဒရုန်းယာဉ်များ အသုံးပြုနိုင်အောင် နေရာတိုးချဲ့ ဆောက်လုပ်နေပြီး မြန်မာဘက်မှ လက်နက်ကိုင်များကို ကူညီထောက်ပံ့ဖွယ်ရှိသည်။ 

တချိန်တည်း၌ အတည်မပြုနိုင်သော်လည်း ပြီးခဲ့သော ရက်ပိုင်းအတွင်း အာရက္ခတပ်တော်၏ ထိပ်ပိုင်းအရာရှိ သုံးဦးခန့်နှင့်အတူ ချင်းအမျိုးသားတပ်ဦး CNF ခေါင်းဆောင်နှစ်ဦးလည်း ဒါကာသို့ ရောက်ရှိခဲ့သည် ဆိုသော သတင်းများကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် မီဒီယာအချို့တွင် ဖော်ပြကြသည်များ ရှိသည်။

တက္ကနာအနီးရှိ အဆိုပါ ထောက်ပံ့ရေးစခန်းအား အသက်အန္တရာယ် မဖြစ်စေသည့် ကူညီပံ့ပိုးမှုများ ပေးအပ်ရာနေရာ အဖြစ် အသုံးချမည့် တချိန်တည်း၌ မွတ်ဆလင်ဒုက္ခသည် ၈ သောင်းအား ဘူးသီးတောင်နှင့် မောင်တောရှိ ၎င်းတို့၏ နေရပ်သို့ ပြန်ပို့ရာတွင် ကြားခံ ထောက်ပံ့ရေးစခန်း (Aid Corner) အဖြစ်ပါ သုံးနိုင်ခြေ ရှိသည်ဟု Northeast News ကဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ဤအစီအစဉ်၌ ARSA လက်နက်ကိုင်အဖွဲ့ကိုပါ ထည့်သွင်းနိုင်အောင် ကြိုးပမ်းနေသည်ဟုပါ သတင်းက ဆိုသည်။ အာတာအူလာအပါအဝင် ARSA ခေါင်းဆောင်များသည်လည်း ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံထားရသည်ဖြစ်ရာ မြန်မာစစ်ကောင်စီကို တိုက်ခိုက်ရေးတွင် ARSA လည်း ပါဝင်လာအောင် ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကြိုးပမ်းနိုင်ဖွယ် ရှိသည်။

ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်သည် ယူနန်ပြည်နယ်မှ ရခိုင်ကမ်းခြေအထိ လမ်းဖောက်ကာ ဘင်္ဂလားပင်လယ်အော်ဆီ လက်လှမ်းလာသည့် တရုတ်ကို ဆန့်ကျင်ရန် လှုပ်ရှားလာသည့် အမေရိကန်၏ ခြေလှမ်းများကို အားတက်သရော ကူညီလိုဟန်ရှိသည်။ အာရေဗီယံ ပင်လယ်ဆီ ချဲ့ထွင်သည့် တရုတ်၏ အလားတူ ခြေလှမ်းတစ်ရပ်မှာလည်း ပါကစ္စတန်နိုင်ငံရှိ ဘာလိုချီစတန်ပြည်နယ်တွင် ခြိမ်းခြောက်ခံနေရသည်။

အာဏာကို ဆက်လက်ကိုင်ထားလိုပုံပေါ်သည့် ယူနွတ်အဖို့တော့ မွတ်ဆလင်ဒုက္ခသည် တစ်သန်းကျော်ကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ဝါရှင်တန်၏ ကစားပွဲကို အားပေးထောက်ခံခြင်းသည် အသေးစား စတေးမှုတစ်ရပ် ဖြစ်ဟန်ရှိသည်။ သို့သော်လည်း ဤလုပ်ရပ်က ဘင်္ဂလားဒေ့ရှ်ကို မြန်မာ့ပြည်တွင်းစစ်ထဲသို့ ဆွဲသွင်းလိုက်သလို ဖြစ်သွားနိုင်သည်။ 

တချိန်တည်း၌ တရုတ်သည် ဘင်္ဂလားဒေ့ရှ်တွင် ရင်းနှီးမြှုပ်နှံမှု အကြီးစားများ ဆောင်ရွက်ရန်ရှိသလို နောက်လတွင်လည်း စီးပွားရေး သံတမန်အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ရှိနေရာ ဤဖြစ်ရပ်က ဘေဂျင်းကို အမျက်သင့်စေမည့် အနေအထား၌ ရှိနေပေသည်။

ရည်ညွှန်း 

၁။ Chinese Covert Intervention In Myanmar Amidst Possible Proxy War With US By Subir Bhaumik, Eurasia Review, သရုပ်ဖော်ပုံ - Eurasia Review
၂။ Bangladesh May Be Drawn into Myanmar Conflict, Teknaf’s Silkhali Eyed as Potential Military Base, BD Digest
၃။ Silkhali, north of Teknaf, identified as site for Bangladesh Army’s supply base for Myanmar operations, Northeast News