" အမ်းမြို့နယ်က အရမ်းအေးတော့ စစ်ဘေးရှောင်တွေက ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုတွေ ရှိနေတယ်"

အခုအချိန်မှာ စစ်ဘေးရှောင်ရဲ့ အဓိက လိုအပ်ချက်ကတော့ စားသောက်ရေးအပြင် ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေကိုလည်း အဓိက လိုအပ်လို့ ရှိနေပါတယ်။

By Admin 15 Feb 2025

" အမ်းမြို့နယ်က အရမ်းအေးတော့ စစ်ဘေးရှောင်တွေက ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုတွေ ရှိနေတယ်"

DMG ၊ အင်တာဗျုး

စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရခိုင်ပြည်တွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်းကျော်အထိရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေထိုင်ရေးစသည့် ကဏ္ဍအသီးသီး၌ အခက်အခဲများစွာဖြင့် ဖြတ်သန်းနေရသည်။ 

ယင်းအထဲတွင် အမ်းမြို့နယ်မှ စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာလည်း လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီရရှိမှုနည်းပါးသဖြင့် စားဝတ်နေရေး အကျပ်အတည်းများရှိနေသည်။

တိုက်ပွဲကြောင့် လမ်းခရီးပိတ်ဆို့ခံထားရသဖြင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများကလည်း စစ်ဘေးရှောင်အရေး ကူညီရာတွင် အခက်အခဲများရှိနေကြသည်။

ယင်းအကြောင်းအရာများနှင့် ပတ်သက်ပြီး စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်း တာဝန်ခံ ကိုနိုင်နိုင်ဇော်ကို DMG က ဆက်သွယ်မေးမြန်းထားသည်။

DMG - လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်းက လက်ရှိ ဘာတွေလုပ်ဆောင်နေတာရှိလဲ။

ကျနော်တို့ လက်ရှိမှာ အသင်းရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ရခိုင်ဒေသအတွင်းမှာ မီးဘေး၊ ရေဘေးပြီးရင် ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကိုလည်း နိုင်တဲ့ဖက်က တာဝန်ထမ်းဆောင်လို့ရှိပါတယ်။

DMG - အမ်းမြို့နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေတွေကို ပြောပြပေးပါ။

ကျနော်တို့ ကောက်ထားတဲ့စာရင်း အရဆိုရင် စစ်ဘေးရှောင်ဦးရေ ၁,၇၀၀၊ ၁,၈၀၀ လောက်တော့ ရှိမယ်။ အခု လက်ရှိပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ မရောက်နိုင်တဲ့ နေရာတွေမှာလည်း လူဦးရအများကြီး ရှိနိုင်တယ်။ အရင်က အမ်းမြို့နယ်တစ်ခုတည်းမှာ စစ်ဘေးရှောင်ဦးရေ ၄,၀၀၀ ကျော် ၅,၀၀၀ အထိရှိတယ်။ ဒါပေမဲ့ လုံခြုံရေးအရ တစ်နေရာကနေ တစ်နေရာသို့ ရွှေ့ပြောင်းနေကြတော့ စာရင်းအတိအကျ ကောက်ရတာ ခက်တယ်။ ပြန့်ကြဲ ရွှေ့ပြောင်းနေကြတာ။

DMG - စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သိချင်ပါတယ်။

စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေး အခြေအနေကတော့ အခုဆိုရင် အရေပြားရောဂါက ဆိုးလွန်းတယ်ပေါ့နော်။ ရခိုင်ပြည်ရဲ့ မြို့နယ်အသီးသီးမှာ ဖြစ်နေတယ်။ ဥပမာ - ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ မြောက်ဦး စတဲ့ မြို့နယ်အသီးသီးမှာ အဓိကတော့ အရေပြားရောဂါပြဿနာ ဖြစ်နေတာပါ။ ရခိုင်ပြည်မှာ အမ်းမြို့နယ်နဲ့ တခြားမြို့နယ်က စစ်ဘေးရှောင်တွေ မတူညီတဲ့အချက် တစ်ခုရှိတယ်။ ဘာလဲဆိုတော့ အမ်းမြို့နယ်ဟာ အရမ်းအေးတယ်။ ဒါကြောင့် မကြာခဏ ကျန်းမာရေး ထိခိုက်တာတွေ ရှိတယ်။ အသက် သေဆုံးမှုတွေ ရှိပါတယ်။ မကြာသေးခင် လပိုင်းအတွင်းက အမ်းမြို့နယ်မှာ စစ်ဘေးရှောင် ၃ ယောက်တောင် သေဆုံးသွားခဲ့တယ်။ အသက် ၅၀ ကျော်တစ်ယောက်၊ အသက် ၃ နှစ်ကျော် တစ်ယောက်၊ ပြီးရင် အသက် ၁ နှစ်ဝန်းကျင် တစ်ယောက်ရှိတယ်။

DMG - စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခြေအနေက ဘယ်လိုရှိနေလဲ။

ကျန်းမာရေး ချို့တဲ့ချက်တွေနဲ့ ထပ်တူ စားဝတ်နေရေးမှာလည်း အခက်အခဲတွေအများကြီး ရှိပါတယ်ဗျ။ တချို့နေရာတွေကို အလှူရှင်တွေက မရောက်နိုင်ဘူး။ မရောက်နိုင်တဲ့အခါကျတော့ ကြုံသလို ဖြေရှင် နေကြရတာရှိတယ်။ ပြီးရင် တချို့ဆိုရင် ရိုးမတောင်တလျှောက်မှာ အဲလိုမျိုး ခက်ခက်ခဲခဲဖြတ်သန်းနေကြတာတွေ အများကြီး မြင်တွေ့ရတယ်။ နေထိုင်ရေးပိုင်းကလည်း တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ပါဘူး။ IDP စခန်းမှာနေတဲ့သူတွေက စားသောက်ရေးပိုင်းမှာ လိုအပ်ချက်ရှိပေမယ့် အမိုးအကာ ပြည့်စုံပါတယ်။ တချို့ ကတော့ စားသောက်ရေးပိုင်းမှာရော အမိုးအကာပိုင်းမှာရော နှစ်ဖက်စလုံးမှာ အဆင်မပြေတာတွေ ရှိပါတယ်ဗျ။ အခုအချိန်မှာ စစ်ဘေးရှောင်ရဲ့ အဓိက လိုအပ်ချက်ကတော့ စားသောက်ရေးအပြင် ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေကိုလည်း အဓိက လိုအပ်လို့ ရှိနေပါတယ်။

DMG - ကူညီကယ်ဆယ်ရေးလုပ်တဲ့အချိန် ဘယ်လို အခက်အခဲတွေ ကြုံရတာရှိလဲ။

အခုအချိန်မှာ ရခိုင်မှာက အင်တာနက်လိုင်း၊ ဖုန်းလိုင်းဖြတ်တောက်ထားတော့ အခက်အခဲကတော့ အများကြီးပါပဲ။ ကျနော်တို့က မြေပြင်ကိုသွားပြီးတော့ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်ရှိလဲ စာရင်းကောက်ပြီး မနက်ဖန် ကူညီကယ်ဆယ်ရေး သွားပေးတဲ့ အချိန်မှာ အဲဒီလူဦးရေထက် အများကြီး ဖြစ်သွားပြီ။ သတင်းတွေ မရဘူးပေါ့။ နောက်ပြီးတော့ စစ်ပွဲကြောင့် ကျနော်တို့ရဲ့ အသက်အန္တရာယ်ပိုင်းက စိုးရိမ်ရတယ်။ အခုအချိန် ကူညီကယ်ဆယ်ရေး ပေးဖို့သွားတဲ့အခါ ဆိုရင် မိုင်းအကြွင်းအကျန် လေကြောင်း အန္တရာယ်က လွဲပြီးတော့ တခြားဟာတွေ စိုးရိမ်မှု မရှိတော့ဘူးဗျ။ အခုက (AA) ထိန်းချုပ်နယ်မြေတွေမှာ သွားတာလာတာ အခုဆိုရင် အဆင်ပြေသွားပြီ။

DMG - လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်းအနေနဲ့ ဒေသတွင်းမှာ တခြား ဘာတွေလုပ်ဆောင် ပေးနေတာ ရှိလဲ။

စစ်ပွဲတွေကြားမှာ မိဘတွေ သေဆုံးသွားရတဲ့ ကလေးသူငယ်တွေ၊ ပြီးရင် စစ်ပွဲကြားမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရသူတွေ လုံးဝခက်ခက်ခဲခဲနဲ့ရှိနေတဲ့ ကလေးငယ်တွေကို ကျနော်တို့ ပညာရေး အခမဲ့စရိတ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက နေစပြီးတော့ ပေးနေတာတွေရှိပါတယ်။ ပြီးရင် စစ်ပွဲတွေကြားမှာ အသက်ဆုံးရှုံးသွားရတဲ့ မိသားစုဝင်တွေကိုငွေ ထောက်ပံ့ကြေးပေးတာတွေ၊ အိုးအိမ်ဆုံရှုံးသွားရတဲ့ သူတွေကိုလည်း ထောက်ပံ့ကြေးပေးဖို့အတွက် လုပ်ဆောင်လို့ ရှိနေပါတယ်ခင်ဗျ။

DMG - စစ်ဘေးရှောင်အရေးနဲ့ ပတ်သက်လို့ ဘာတွေ ဖြည့်စွက်ပြောချင်တာရှိမလဲ။

စစ်ဘေးရှောင် ရခိုင်ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေကို နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့ဆို‌တော့ ကျနော်တို့ အနေနဲ့လည်း မဖြစ်နိုင်သေးတဲ့ အချိန်ကာလတစ်ခုမှာ ကိုယ်တို့ရဲ့ အသက်ရှင်သန်ရေးဟာ အဓိက ဦးစားပေးဖြစ်နေတာဆိုတော့ ခက်ခဲကြမယ်မှန်း သိပါတယ်။ ဒါပေမယ့်လည်း အားတင်းပြီးတော့ ခက်ခဲမှုတွေကို ဖြေရှင်းကြရမှာပါ။ ဒီခက်ခဲမှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀ လောက်က ဖြတ်သန်းခဲ့တဲ့ နှစ်တွေနဲ့ စာကြည့်ရင် ခက်ခဲမှုမျိုးတူပေမယ့်လည်း စိတ်ခွန်အားပိုင်းမှာတော့ အများကြီး အားသာချက် ရှိမယ်လို့ ယုံကြည်ပါတယ်။

DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။