အာရက္ခပြည်နှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး ဆန်းစစ်ချက်

AA သည် အဓိက အရေးကြီးအခန်းကဏ္ဍဖြစ်သော အိမ်နီးချင်းနိုင်ငံများနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်နေသည်ကို မြင်ရသည်။ အိမ်နီးချင်းနိုင်ငံဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယဖြစ်ပြီး နိုင်ငံနှစ်ခုလုံးတွင် မတူညီသည့် အကျိုးကြောင်းဆက်နွယ်မှုများ ရှိနေကြသည်။

By Admin 12 Feb 2025

အာရက္ခပြည်နှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး ဆန်းစစ်ချက်

ခိုင်ရိုးလ - ရေးသည်။

ရခိုင်ပြည်တစ်ခုလုံးနီးပါးကို စစ်ရေးအရ သိမ်းပိုက်ထားနိုင်သည့် အာရက္ခတပ်တော်သည် လက်ရှိတွင် Defecto Government တစ်ခုအဖြစ် ရခိုင်ဒေသကို ထိန်းချုပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ယန္တယားများဖြင့် လည်ပတ်ရန် ကြိုးစားနေသည်။

အာရက္ခတပ်တော်သည် ကိုယ်ပိုင်သီးခြား လွတ်လပ်စွာအုပ်ချုပ်ရေးနှင့်အတူ ကွန်ဖက်ဒရိတ် (Confederate) နိုင်ငံရေးပုံစံ (Political Model) နိုင်ငံရေးရည်မှန်းချက်ကို ကြွေးကြော်ထားသည်။ AA ခေါင်းဆောင်များသည် Practical politicians (လက်တွေ့နိုင်ငံရေးသမားများ)ဖြစ်ပြီး ရခိုင်ပြည်တော်သစ်ကို တစ်ဆင့်ချင်း အကောင်အထည်ဖော်နေကြောင်း နိုင်ငံရေးသမားများက မှတ်ချက်ပေးကြသည်။

AA သည် အဓိက အရေးကြီးအခန်းကဏ္ဍဖြစ်သော အိမ်နီးချင်းနိုင်ငံများနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်နေသည်ကို မြင်ရသည်။ အိမ်နီးချင်းနိုင်ငံဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယဖြစ်ပြီး နိုင်ငံနှစ်ခုလုံးတွင် မတူညီသည့် အကျိုးကြောင်းဆက်နွယ်မှုများ ရှိနေကြသည်။

တစ်ဖက်တွင်လည်း ယင်းနှစ်နိုင်ငံနှင့် စစ်ကောင်စီသည် ယနေ့အချိန်ထိ ဒီပလိုမေစီ (Diplomacy) သံတမန်ဆက်ဆံရေးရှိနေပြီး အာရက္ခတပ်တော်သည် G to G (တရားဝင်အစိုးရ အချင်းချင်းချိတ်ဆက်မှု) အဆင့်ကို မရောက်နိုင်သေးပေ။ သူ့လမ်းကြောင်း သူ့အနေအထားနှင့် ထိုးဖောက်နေခြင်းဖြစ်ကြောင်း နိုင်ငံ‌ရေး အကဲခတ်တို့က ပြောသည်။

"ဒီနှစ်နိုင်ငံဟာ အချိန်တိုအတွင်းမှာ အသိအမှတ်ပြု ဆက်ဆံမယ်ဆိုတာက နည်းနည်းဝန်လေးနေတယ်။ တစ်ဖက်ကလည်း နိုင်ငံအချင်းချင်း၊ အစိုးရအချင်းချင်း ဆက်ဆံတဲ့မူကလည်း ရှိနေသေးတယ်။ ULA/AA ကို အသိအမှတ်ပြု ဆက်ဆံဖို့ဆိုတာ အခက်ခဲရှိသေးတယ်" ဟု နိုင်ငံရေးအကဲခတ်သူ ဦးဖေသန်းက ရှုမြင်သည်။

အားသာချက်အနေဖြင့် ရခိုင်ပြည်နှင့် မိုင် ၂၀၀ ခန့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံနယ်စပ်မျဉ်း တစ်လျှောက်ကို အာရက္ခတပ်တော်က စစ်ရေးဖြင့် နယ်မြေထိန်းချုပ်ထားပြီးဖြစ်သည်။ တစ်ဖက်မှာလည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာရက္ခတပ်တော်တို့၏ ဆက်ဆံရေးမှာ ထင်သာမြင်သာ တိုးတက်မှု နှေးကွေးနေခြင်းဖြစ်သည်။

လောလောဆယ်တွင် အန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်တို့သည် ဒီပလိုမေစီအရ Formal Trade (တရားဝင် ကုန်သွယ်မှု) မစတင်နိုင်သေးသော်လည်း (Informal Trade) အလွတ်သဘော တရားမဝင်ကုန်သွယ်မှုအနေဖြင့် ဆက်ဆံမှုများရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပြီး သူ၏ Government Bureaucratic System (အစိုးရဗျူရိုကရေစီစနစ်) အလုပ်လုပ်ပုံစံကလည်း နှေးကွေးသည်။ AA နှင့် ဆက်ဆံရေးမူဝါဒများကို စဉ်းစားရာတွင် ဗဟိုနှင့် ဖက်ဒရယ်အစိုးရကြား နိုင်ငံရေးသမားများနှင့် Decision Maker (ဆုံးဖြတ်ချက် ချမှတ်သူ) များတွင် ကြန့်ကြာနေမှုများရှိနေကြောင်း ခန့်မှန်းကြသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး အိန္ဒိယသည် နှစ်မျိုးခွဲပြီး ဆက်ဆံမှုကိုမြင်ရသည်။ အဓိက ကုလတန်စီမံကိန်းကို လည်ပတ်နိုင်ရေး စစ်ကောင်စီနှင့် သံတမန်အခင်းအကျင်းတွင် ဆက်ဆံလျက်ရှိနေသည်။ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ပြီးခဲ့သည့် ဇန်နဝါရီတတိယအပတ်က စစ်တွေမြို့သို့ရောက်ခဲ့ပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသို့ ရောက်ခဲ့သည်။

တစ်ဖက်မှာလည်း မီဇိုရမ်ပြည်နယ် အာဏာပိုင်များသည် မီဇိုရမ်-ပလက်ဝ အဝေးပြေးလမ်းမစီမံကိန်း ဆက်လက်ဖောက်လုပ်နိုင်ရေး AA နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။

ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ မီဇိုရမ်အမတ်နှင့် AA တာဝန်ရှိသူအချို့ နယ်စပ်တစ်နေရာတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ဆုံစဉ်။ ဓာတ်ပုံ - The Lairam Times 

ကုလားတန်စီမံကိန်းသည် မီဇိုရမ်-ပလက်ဝ ကားလမ်းပြီးလျှင် ကျောက်တော်-စစ်တွေအထိ ရေကြောင်းဖြင့်သွားလာနိုင်ရန် အဆင်သင့်ရှိနေသည်။ ၂၀၂၄ နိုဝင်ဘာလက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနသည် NUG၊ AA၊ CNF၊ CB တို့နှင့် သီးခြားစီ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြသည်။

သို့သော် မြန်မာနိုင်ငံစစ်ပွဲများကြောင့် နယ်စပ်ဒေသများတွင် အရွေ့များဖြစ်နေသော်လည်း အိန္ဒိယသည် သိသာပြောင်းလဲခြင်းမျိုး မလုပ်နိုင်ဘဲ စောင့်ကြည့်နေသေးကြောင်း နိုင်ငံရေးအကဲခတ်တို့က ရှုမြင်သည်။

တစ်ဖက်တွင်လည် စစ်ကောင်စီမရှိလျှင် နယ်စပ်ဒေသအတွင်း လုံခြုံရေးစိန်ခေါ်မှုများ ဖြစ်လာမည်ဆိုသည့် အကြောင်းပြချက်ကို လက်ခံပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် စစ်ကောင်စီအပေါ် ကူညီပေးချင်နေသည့် အနေအထားကိုလည်း မြင်ရကြောင်း ဆိုသည်။ ထို့အတူ ဘင်္ဂလားဒေ့ရှ်နှင့် အာရက္ခတပ်တော်တို့သည် နယ်စပ်တွင် စစ်ဘက်ဆိုင်ရာ ရင်းနှီးနားလည်မှု၊ ဆက်ဆံရေးကောင်းမွန်ကြောင်း သိရသည်။

မောင်တောနယ်စပ်တွင် တာဝန်ကျနေသည့် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တစ်ဦးက "ကျနော်တို့ ပထမဆုံး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေဝင်ပြီး အခြေစိုက်တပ်ရင်းတွေ တည်ဆောက်ခဲ့တယ်။ ဒါကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကလည်း သိပါတယ်။ အထိုက်အလျှောက် ရင်းနှီးကြတယ်" ဟု ပြောပြသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများထဲ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့သည် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေး အတွေ့အကြုံနည်းပါးသည်ကို မြင်ရသည်။ တခြားအိမ်နီးချင်းနိုင်ငံ ထိုင်းနှင့် တရုတ်တို့သည် KNU၊ UWSA၊ RCSS၊ KIA၊ MNDAA စသည့် လက်နက်ကိုင်အဖွဲ့တို့နှင့် အလွတ်သဘော ဆက်ဆံရေးကောင်းမွန်ကြသည်။

ဘင်္ဂလားဒေ့ရှ်သည် နယ်စပ်တွင် ယခင်ကတည်းက အင်အားကြီးသည့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ ရှိမနေခြင်းလည်း ဖြစ်နိုင်သည်။ ယခုအခါတွင် AA ပေါ်လာခြင်းဖြစ်သည်။

ပြီးလျှင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာလည်း မြန်မာနိုင်ငံ အရှေ့မြောက်ခြမ်းက တရုတ်၊ ထိုင်းကဲ့သို့ ကုန်သွယ်ရေးမျိုး ဖြစ်မနေပေ။ ကုန်သွယ်ရေးမြှင့်တင်ရန် စိတ်အားထက်သန်မှု လျော့နည်းပြီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဆက်လက်ဖြစ်လာမည့်အရွေ့ကို စောင့်ကြည့်နေဟန်တူသည်။

"နှစ်နိုင်ငံ အကျိုးစီးပွား၊ ဒေသရဲ့ အကျိုးစီးပွား အခြားလူမှုရေး ပြဿနာတွေ ... ဥပမာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေနဲ့ပတ်သက်ရင် AA နဲ့ မဖြေရှင်းလို့ မရတဲ့ အခြေအနေရောက်ရှိလာတယ်" ဟု ဦးဖေသန်းက သုံးသပ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ရခိုင်ပြည်အရေးကို နားလည်ထားပုံမှာ နယ်စပ်ဒေသ၏ မတည်ငြိမ်မှုနှင့် သန်းချီသော မွတ်ဆလင်ဒုက္ခသည် ဆိုင်ရာကိစ္စကို အဓိက ဦးစားပေး ပုံစံမျိုးမြင်ရကြောင်း ပြောဆိုနေကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - AFP

နောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ နယ်စပ်နှင့် အခြားဆက်ဆံရေးအပေါ် ဆုံးဖြတ်ချက်များကို လေ့လာကြည့်သော် စစ်ဘက်နှင့် နယ်စပ်လုံခြုံရေးအဖွဲ့များထံမှ တက်လာသည့် သတင်းအချက်အလက်များကို အခြေခံပြီး ဗဟိုကနေ ဆုံးဖြတ်ချက်ချပေးနေကြောင်း ပြောကြသည်။

"ဘင်္ဂလားဒေ့ရှ်ဟာ တကယ့်ကို မဟာဗျူဟာအရ အရေးပါတဲ့အတွက် အဓိကတော့ ခေါင်းဆောင်တွေက စေ့စပ်သေချာသတိထားပြီး ကိုင်တွယ်ညှိနှိုင်းရမယ့် အနေအထားမှာရှိတယ်" ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ရှုမြင်သည်။

"သူတို့ကတော့ ဆက်ဆံရေးရှိကြမယ်။ ဒါပေမဲ့ လျှို့ဝှက်လုပ်ငန်းဖြစ်နေဦးမယ်။ ထုတ်ပြောဖို့ခက်မယ်။ တစ်ဖက်မှာ မြန်မာနိုင်ငံအစိုးရနဲ့ သံတမန်ဆက်ဆံရေးရှိနေတဲ့အခါ AA ကို သူတို့မြင်တာက တိုင်းရင်းသားတော်လှန်ရေး အင်အားစုတစ်ခုလို့ပဲ မြင်မှာပေါ့။ ဟိုဖက်ကနိုင်ငံတွေက အချုပ်အခြာ အာဏာပိုင်တွေဖြစ်တယ်" ဟု ဦးမျိုးကျော်က သုံးသပ်သည်။

နတ်မြစ်တလျှောက် ရေကြောင်းသွားလာမှုများကို အာရက္ခတပ်တော်က တားမြစ်စစ်ဆေးမှုများ ရှိနေသဖြင့် တက္ကနာ(ရခိုင်အခေါ် ကယုချောင်း)ဆိပ်ကမ်းမှတစ်ဆင့် လည်ပတ်နေသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေးသည် ကသောင်းကနင်းဖြစ်နေရကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာ ဒေလီစတား၏ သတင်းတွင်ဖော်ပြသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ နေ့တွင် ရန်ကုန်မှ ကုန်စည်များ တင်ယူလာသော သင်္ဘောသုံးစီးအား အာရက္ခတပ်တော်က နတ်မြစ်ဝ၌ ခေါ်ယူထိန်းသိမ်းခဲ့ကာ ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့သည်။

"ရန်ကုန်ကနေ ကုန်သွယ်တဲ့သင်္ဘောတွေကို AA က စစ်ဆေးထိန်းသိမ်းတာကတော့ လုပ်စရာရှိတာလုပ်တာ ဖြစ်သလို သူတို့ကိုလည်း အသိပေးရာရောက်တယ်။ ဒါတွေကတော့ ကိုယ့်ပြည်မှာ အာဏာသက်ရောက်တာကို လုပ်ပြတာဖြစ်တယ်။ ဒီအချိန်မှာ AA က လုပ်သင့်တယ်ထင်လို့ လုပ်တာလို့ မြင်တယ်" ဟု ရခိုင့်နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

ထို့အတူ ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုမှာ အရေးပါနေပြီး AA အနေဖြင့် ရခိုင်ပြည်ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့လျင် ဆက်ဆံရေးပုံစံ ပြောင်းလာနိုင်ကြောင်း ယူဆနေကြသည်။

"ဘင်္ဂလားဒေ့ရှ်မှာ ဘာပဲထွက်ထွက် စိုက်ပျိုးမြေမရှိဘူး။ လူဦးရေလည်းများတယ်။ ရခိုင်မှာက ကိုယ့်ဧရိယာနဲ့ကိုယ် ကိုယ့်ပြည်ကို စိုးမိုးနိုင်ခဲ့ရင် ဆက်ဆံရေးပုံစံတွေ ပြောင်းလာမယ်" ဟု ဦးမျိုးကျော်က ဆိုသည်။

ရခိုင်ပြည်သိမ်းတိုက်ပွဲများကြောင့် မြန်မာဘက်မှ ကုန်စည်များကို ဘင်္ဂလားဒေ့ရှ် တက္ကနာဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းမှုသည် ပြီးခဲ့သော ၂ နှစ်အတွင်း သိသိသာသာ ကျဆင်းခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့တင်သွင်းသည့် ကုန်စည်တန်ချိန် နှစ်သိန်းနီးပါးရှိခဲ့သော်လည်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တန်ချိန် ၇ သောင်းခန့်သာ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်အတွင်းလည်း တန်ချိန် တစ်သောင်းခန့်သာ တင်သွင်းနိုင်သေးကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူး သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။

ထို့အတူ အိန္ဒိယနိုင်ငံသည် ရခိုင်ပြည်တွင် ကုလားတန်စီမံကိန်းကို ရင်းနှီးမြှုပ်နှံ့ထားသူဖြစ်သဖြင့် မဖြစ်မနေ ဆက်လက် အကောင်ထည်ဖော်လာနိုင်ကြောင်း ရှုမြင်ကြသည်။ အဆိုပါစီမံကိန်းကို အကြောင်းပြုပြီး ရခိုင်ဘက်ကလည်း ဖြတ်သန်းခ အခွန်ကောက်ရုံ တစ်ခုတည်းမဟုတ်ဘဲ သွင်းကုန်များတင်ပို့နိုင်အောင် ကြိုးပမ်းရမည်ဟု ပြောဆိုနေကြသည်။

"အိန္ဒိယ ကုန်းတွင်းပိတ်ပြည်နယ်တွေရဲ့ ဝင်ပေါက်ဟာ စစ်တွေမြို့ဖြစ်နေတဲ့အတွက် ရခိုင်ပြည်က ထွက်ကုန်တွေကိုလည်း အဲဒီဖက်ကို ပို့လို့ရနိုင်အောင် ကြိုးစားရမယ်။ အဲဒီကနေ ရခိုင်ပြည်အတွက် လိုအပ်တဲ့ ဆေးဝါး၊ စက်ပစ္စည်း စတဲ့ အခြေခံကုန်စည်တွေကို တင်သွင်းနိုင်ရမယ်" ဟု ဦးမျိုးကျော်က ထောက်ပြသည်။

ကုလားတန်စီမံကိန်းထဲမှ စစ်တွေဆိပ်ကမ်းအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးဟု အမည်ပေးထားသည့် အိန္ဒိယစီမံကိန်းသည် ရခိုင်၏ အရေးပါဆုံးသော ကုလားတန်မြစ်ကြောင်းကို အစုံအဆန် ဖြတ်သန်းကုန်သွယ်မည့် စီမံကိန်းဖြစ်ပြီး ဒေသနေပြည်သူများ အကျိုးပြုနိုင်မည်။

ထိုစီမံကိန်းကို ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ အန္ဒိယ-မြန်မာအစိုးရတို့က နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် စီမံကိန်းစတင်နိုင်ရန် အန္ဒိယသည် ၂၀၀၂ ခုနှစ်ကတည်းက စီစဉ်ခဲ့ကာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းတွင် ကုန်းလမ်း၊ ရေလမ်း နှစ်ခုပါဝင်မည်ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝ-ဇူရမ်ပူလမ်းပိုင်း ဖောက်လုပ်မှုကို အန္ဒိယအစိုးရ၏ အိုင်အာကွန့်အင်တာနယ်ရှင်နယ်ကုမ္ပဏီက တာဝန်ယူသည်။ ယင်းအပြင် ချင်းပြည်နယ် ပလက်ဝနှင့် မီဇူရမ်ပြည်နယ်ကို ချိတ်ဆက်ပေးမည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ကုန်းတွင်းပိုင်းကို အရှေ့၊ အနောက်၊ တောင်ပိုင်းဒေသများနှင့် ချိတ်ဆက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြားခံအဖြစ်ရှိနေသဖြင့် ဘင်္ဂလားဒေ့ရှ်ကို ရှောင်ကွင်းကာ ရခိုင်ကနေ ပင်လယ်ထွက်ပေါက်အသစ် လမ်းကြောင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်အခင်းအကျင်းတွင် AA သည် စစ်နိုင်ပြီး နယ်မြေသိမ်းပိုက်ထားနိုင်ခြင်းမှာ အားသာချက်များစွာ ရှိနေပြီး မြို့တော်စစ်တွေကို သိမ်းပိုက်ပြီးပါက နိုင်ငံခြားဆက်ဆံမှုများ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ်သူ ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

"စစ်တွေမြို့တော် ကျသွားပြီဆိုရင် AA ဟာ နောက်ဆုံးမှာ သူတို့ အသိအမှတ်ပြုတာ မပြုတာထား... လွတ်လပ်ရေးတောင် လိုအပ်ရင် ကြေညာရမယ်။ ပြီးတော့မှ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယက အသိမှတ်ပြုလိုက်ရင် သူတို့ တရားဝင်ဆက်ဆံလို့ရပြီ" ဟု ဆိုသည်။

လောလောဆယ်တွင် တရားဝင်စီမံချက်ချပြီး ဆက်ဆံရေးများ လုပ်မရသော်လည်း စီးပွားရေး၊ လူမှုရေးကိစ္စများတွင် အပြန်အလှန်နားလည်မှု ညှိနှိုင်းပြီးလုပ်နိုင်ကြောင်း သူက ဆက်ပြောသည်။

"အခုကတော့ ပညာသားပါပါ နည်းလမ်းလုပ်ရမယ်။ AA ခေါင်းဆောင်တွေ လုပ်တတ်ပါတယ်" ဟု နိုင်ငံရေးအကဲခတ်သူ ရှေ့နေဦးကြီးမြင့်က ရှုမြင်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ ရက္ခိုင့်တပ်တော်နှင့် ထိတွေ့ဆက်ဆံသင့်ပြီး ရခိုင်ပြည်တစ်ဝန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်နိုင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သင့်ကြောင်း နိုင်ငံတကာပဋိပက္ခများကို International Crisis Group (ICG) က ၂၀၂၄ ဩဂုတ်လကုန်ပိုင်းက ထောက်ပြထားသည်။

အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် AA အပေါ် ဆက်ဆံရေးတင်းမာနေပါက နယ်စပ်ဒေသ လုံခြုံရေးနှင့် မွတ်ဆလင်ဒုက္ခသည်အရေးကို လက်တွေ့ကျကျ ဖြေရှင်းရာတွင် လုံးဝအဆင်မပြေနိုင်ကြောင်း သုံးသပ်နေကြသည်။

ထို့ကြောင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Jahangir Alam Chowdhury က ဘင်္ဂလားဒေ့ရှ်အစိုးရသည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးနှင့် ထိတွေ့ဆက်ဆံနေကြောင်း The Telegraph India သတင်းစာသို့ ပြောကြားခဲ့သေးသည်။

အလားတူ အိန္ဒိယသည်လည်း AA ကို အသိအမှတ်ပြု ဆက်ဆံခြင်းမရှိခဲ့လျှင် သူတို့၏ မဟာဗျူဟာမြောက် ပင်လယ်ထွက်ပေါက်လည်းဖြစ် တရုတ်နှင့် ပထဝီနိုင်ငံရေး အားပြိုင်မည့် ကုလားတန်စီမံကိန်းသည် ချော့မွေ့တော့မည် မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်နေကြသည်။

ကာလအခိုက်အတန့်တစ်ခုတွင် ဒုက္ခသည်များ နေရပ်ပြန်ရေးသည် ဘင်္ဂလားဒေ့ရှ်-AA ဆက်ဆံရေး အဓိကသော့ချက်ဖြစ်ပြီး ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစင်္ကြံ စီမံကိန်းသည် အိန္ဒိယနှင့် AA အကြား အနာဂတ်ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလာနိုင်သည်။

"အိမ်နီးချင်းနိုင်ငံတွေနဲ့ ကျနော်တို့ဘက်က လုပ်နိုင်တဲ့ဟာတွေကို အကုန်လုံး အပြုသဘောဆောင်ပြီးမှ ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်" ဟု အာရက္ခတပ်တော် အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ထုတ်ပြောထားသည်။

မည်သို့ပင်ဆိုစေကာမူ အိမ်နီးချင်းနိုင်ငံများသည် AA နှင့် ပတ်သက်ဆက်နွယ်စရာ၊ အကျိုးအကြောင်းများစွာ မြေပြင်တွင် ရှိနေသည်။

မကြာမီကာလတစ်ခုတွင် အာရက္ခတပ်တော်သည် သီးခြားလွတ်လပ်သော အုပ်ချုပ်ရေးနှင့်အတူ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည်လည်း ရွေးချယ်မှုအသစ်များနှင့် ကြုံတွေ့လာမည်ဖြစ်ကြောင်း သုံးသပ်နေကြသည်။