- တစ်ကမ္ဘာလုံးကို အကူအညီ ပေးမနေနိုင်တော့ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော
- ကျောက်ဖြူတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှု ဆက်တိုက်ရှိနေ
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် BIMSTEC အစည်းအဝေးမှာ အိန္ဒိယ၊ထိုင်း ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံ
- မြန်မာ့ငလျင်အတွက် အမေရိကန် ပျက်ကွက်ချိန်မှာ တရုတ်က ခြေလှမ်းသာသွားခဲ့ပြီ
- ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများ အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ရေး ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောင်းဆို
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် BIMSTEC အစည်းအဝေးမှာ အိန္ဒိယ၊ထိုင်း ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံ
မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံတွင် ကျင်းပသည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်စဉ် အိန္ဒိယ၊ ထိုင်းနှင့် နီပေါဝန်ကြီးချုပ်တို့နှင့် သီးခြားတွေ့ဆုံမှုများ ရှိခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Apr 2025

DMG ၊ ဧပြီ ၅
မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံတွင် ကျင်းပသည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်စဉ် အိန္ဒိယ၊ ထိုင်းနှင့် နီပေါဝန်ကြီးချုပ်တို့နှင့် သီးခြားတွေ့ဆုံမှုများ ရှိခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စစ်ကောင်စီခေါင်းဆောင်သည် ဧပြီလ ၄ ရက်နေ့တွင် အစည်းအဝေးတက်ရောက်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်သည် သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေးအပါအဝင် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု ထိုင်းအရာရှိများက ပြောကြားကြောင်း ရိုက်တာက ဖော်ပြသည်။ ထိုင်းနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးများသည် စနေနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် ရှိသည်ဟုလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယုံကြည်ရပြီး လူတိုင်းအကျုံးဝင်သည့် ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ စောစောစီးစီး ပြန်လျှောက်ရန် တိုက်တွန်းပြောကြားခဲ့သည်ဟု အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဗီခရမ်မီစရီက ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကြာသေးမီကမှ တရုတ်နှင့် ရုရှားနိုင်ငံတို့ဆီ အလည်သွားထားသည်ဖြစ်ရာ အိန္ဒိယအဖို့လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထိတွေ့ဆက်ဆံဖို့ အကြောင်းဖန်လာသည်ဟု စင်္ကာပူအခြေစိုက် လေ့လာသူ အန်ရှုမန်ချောင်ဒရီက ပြောသည်။ "မိုဒီလက်ထက်မှာ အိန္ဒိယဟာ ဒေသတွင်း စာနာမှုအကူအညီတွေ ထိပ်ဆုံးက ပေးနေသူအဖြစ် ပုံဖော်ထားတာဆိုတော့ ငလျင်ဘေးအလွန် ကူညီကယ်ဆယ်ရေး တွေက (မြန်မာနဲ့) တိုက်ရိုက်တွေ့ဆုံဖို့ လမ်းကြောင်း ပိုလွယ်သွားစေပါပြီ" ဟုလည်း သူကပြောသည်။
ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) တွင် မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဘူတန်နှင့် နီပေါနိုင်ငံတို့ ပါဝင်သည်။ လက်ရှိ၌ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဖွဲ့၏ အလှည့်ကျဥက္ကဌအဖြစ် ၂၀၂၇ ခုနှစ်အထိ တာဝန်ယူရမည် ဖြစ်သည်။