ရခိုင်တောင်ပိုင်း ဒေသခံများ ခရီးသွားထောက်ခံစာ ယူရာတွင် အခက်ခဲအချို့ရှိနေ

စစ်ဘက်ဆိုင်ရာ လုံခြုံရေးအခြေအနေအရ ရခိုင် တောင်ပိုင်း မြို့နယ်များရှိ ကုန်းလမ်း၊ ရေလမ်းတလျှောက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ဆေးရေးဂိတ်များ ချထားပြီး ခရီးသွားထောက်ခံစာပါ သူများကိုသာ မြို့နယ်ဖြတ်ကျော်ခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

By Admin 28 Apr 2025

ထိန်းချုပ်နယ်မြေထဲက AA ၏ စစ်ဆေးရေးဂိတ်တစ်နေရာ။ ဓာတ်ပုံ - APM။
ထိန်းချုပ်နယ်မြေထဲက AA ၏ စစ်ဆေးရေးဂိတ်တစ်နေရာ။ ဓာတ်ပုံ - APM။

DMG ၊ ဧပြီ ၂၈ 

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်က ဒေသခံများမှာ မြို့နယ်ဖြတ်ကျော် ခရီးဝေး သွားလာခွင့် ထောက်ခံစာ ULA ထံမှ တောင်းခံရာတွင် အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။

တောင်ပိုင်း ဒေသခံများအနေဖြင့် ရခိုင်ပြည် အနှံ့သို့ မြို့နယ်ဖြတ်ကျော်၍ ခရီးသွားလာရာတွင် ULA/ AA က ထုတ်ပေးသော ခရီးသွားထောက်ခံစာလိုအပ်ပြီး ယင်းထောက်ခံစာ တောင်းခံရာ၌ မလွယ်ကူဖြစ်နေကြခြင်းဟု ဆိုသည်။

“အရင်ဆုံး ကျေးရွာတာဝန်ခံ ဒါမှမဟုတ် တိုက်နယ်တာဝန်ခံဆီက ထောက်ခံစာ တောင်းရတယ်။ အဲဒီထောက်ခံ ညစာတွ ရပြီးတဲ့ အခါကျမှ မြို့နယ်ရုံးကိုသွားပြီး ခရီးသွားထောက်ခံစာ ထပ်တောင်းရတယ်။ ဆိုတော့ အရေးပေါ် သွားရမယ့် လူအတွက် မလိုအပ်ဘဲ အချိန်ကြန့်ကြာတယ်။ ဝေးလံတဲ့ နေရာက လူတွေဆိုရင် တစ်နေရာကနေ တစ်နေရာကိုသွားတဲ့ လမ်းမှာတင် တစ်ရက်နှစ်ရက်ထိ အချိန်ကုန်သွားပြီ” ဟု မအီမြို့ခံ အမျိုးသမီးတစ်ဦးက ပြော သည်။ 

အမ်းနှင့် တောင်ကုတ်မြို့နယ်တို့သည် ပြည်မနှင့် ဆက်စပ်နေပြီး လက်ရှိ မကွေးနှင့် ပဲခူးတိုင်းနယ်စပ် တလျောက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ရှိနေသည်။ အလားတူ မာန်အောင်နှင့် ကျောက်ဖြူမြို့ကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး လက်ရှိ ကျောက်ဖြူတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ထို့ကြောင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအခြေအနေအရ ရခိုင် တောင်ပိုင်း မြို့နယ်များရှိ ကုန်းလမ်း၊ ရေလမ်းတလျှောက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ဆေးရေးဂိတ်များ ချထားပြီး ခရီးသွားထောက်ခံစာပါ သူများကိုသာ မြို့နယ်ဖြတ်ကျော်ခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ခံစာ ယူရာတွင် တစ်နေရာမှ တစ်နေရာသို့ အဆင့်ဆင့် ဖြတ်နေရ၍ အချိန်ကြန့်ကြာခြင်းနှင့် လမ်းစရိတ်ငွေ အပိုကုန်ကျခြင်းတို့ကိုလည်း ကြုံနေကြရသည်။  

“လုံခြုံရေးအရ ထောက်ခံစာယူရတာကို လက်ခံပါတယ်။ ဒါပေမဲ့ အလွယ်တကူဖြစ်အောင် အစိုးရအနေနဲ့ ဝန် ဆောင်မှုပေးသင့်တယ်။ အခုက ထောက်ခံစာအတွက် ငွေကြေးမပေးရပေမယ့် ထောက်ခံစာကို သွားယူဖို့ လမ်းစရိတ်က မလွယ်ဘူး။ ဒါကြောင့် ခရီးသွား ထောက်ခံစာကို ကျေးရွာအဆင့်၊ အုပ်စုအဆင့်တွေနဲ့ အလွယ်တကူရအောင် စီစဉ်ပေးစေချင်တယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  

လက်ရှိ ရခိုင်မြောက်ပိုင်းဒေသက ULA/ AA ထိန်းချုပ်စိုးမိုးထား နေရာအနှံ့အပြားတွင် အလွယ်တကူ လွတ်လပ်စွာ သွားလာ၍ ကူးသန်းသွားလာခွင့် ရရှိနေကြပြီဖြစ်သည်။ သို့သော်လည်း ရခိုင်တောင်ပိုင်း မြို့နယ်များက ဒေသခံများ မှာ ထောက်ခံစာ အခက်အခဲကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေကြရခြင်း ဖြစ်သဖြင့် ဖြေလျှော့ပေး စေလို ကြောင်း တောင်းဆိုကြသည်။

လက်ရှိ AA သည် ပလက်ဝနှင့် မြို့နယ် ၁၅ ခုထိကို သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ကိုယ်ပိုင် အုပ်ချုပ်ရေး ယန္တယား ဖြင့် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ၊ အခွန်၊ ရဲ စသည့် ဌာနဆိုင်ရာနှင့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများလုပ် ကိုင်နေသည်။