ရခိုင်တွင် လွတ်လပ်သော မွတ်ဆလင်ပြည် ထူထောင်ရေး ဘင်္ဂလားဒေ့ရှ် ပါတီကြီးက တရုတ်ကိုပြော

ဒါကာမြို့သို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်ပြည် ကွန်မြူနစ်ပါတီ (CPC) ကိုယ်စားလှယ်များနှင့် ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် ယခုကဲ့သို့ အဆိုပြု ပြောကြားခဲ့ခြင်းဟု ဂျမားပါတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

By Admin 28 Apr 2025

ဂျမားပါတီမှ ကိုယ်စားလှယ်များနှင့် တရုတ်ပြည် ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Westin ဟိုတယ်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - Facebook
ဂျမားပါတီမှ ကိုယ်စားလှယ်များနှင့် တရုတ်ပြည် ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Westin ဟိုတယ်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - Facebook

DMG ၊ ဧပြီ ၂၈

ရခိုင်ဒေသရှိ မွတ်ဆလင်အများစု နေထိုင်ရာ ဧရိယာများတွင် လွတ်လပ်သော မွတ်ဆလင်ပြည် ထူထောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအကြီးဆုံး နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ဂျမားပါတီ (Jamaat-e-Islami / ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ကွန်ဂရက်) က တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ပြောကြားလိုက်သည်။

ဒါကာမြို့သို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်ပြည် ကွန်မြူနစ်ပါတီ (CPC) ကိုယ်စားလှယ်များနှင့် ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် ယခုကဲ့သို့ အဆိုပြု ပြောကြားခဲ့ခြင်းဟု ဂျမားပါတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံမှု၌ ဂျမားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ အဗ္ဗဒူလာမိုဟာမက်တာဟာ ဦးဆောင်သည့် ပါတီကိုယ်စားလှယ်များနှင့် CPC ဘက်မှ ပါတီဗဟိုကော်မတီ၏ တောင်အာရှနှင့် အရှေ့တောင်အာရှရေးရာ ဗျူရိုမှ ပင်ရွှီဘင်း (Peng Xiubin) တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း ဂျမားက ထုတ်ပြန်သည်။

အစည်းအဝေးအပြီးတွင် သတင်းထောက်များနှင့် တွေ့ဆုံချိန်၌ တာဟာက “ဘင်္ဂလားဒေ့ရှ်မှာ မွတ်ဆလင်ဒုက္ခသည် ၁၁ သိန်း ၁၂ သိန်းလောက် လူမဆန်တဲ့ အခြေအနေနဲ့ နေထိုင်နေကြရပါတယ်။ သူတို့ကို အစားအစာနဲ့ အဝတ်အထည် ထောက်ပံ့တာက အဖြေမဟုတ်ပါဘူး။ နေရပ်ပြန်ပို့ဖို့၊ မိခင်မြေမှာ ပြန်လည်ထူထောင်စေဖို့ကမှ ခိုင်မာတဲ့ အဖြေဖြစ်ပါတယ်။ ဒါကြောင့် မွတ်ဆလင်အများစု နေထိုင်ကြတဲ့ ဒီဒေသမှာ “လွတ်လပ်တဲ့အာရကန်ပြည်” ထူထောင်ရေးအတွက် ကျွန်တော်တို့ အဆိုပြုခဲ့ပါတယ်” ဟု ပြောကြားကြောင်း The Daily Star သတင်းဌာနက ဖော်ပြသည်။

တရုတ်သည် မြန်မာနှင့် အားကောင်းသော ဆက်ဆံရေးရှိပြီး မြန်မာ့အရေးတွင် ကြီးမားသည့် အခန်းကဏ္ဍ၌ ရှိနေသဖြင့် ယခုကဲ့သို့ တရုတ်ကို အဆိုပြုရခြင်းဟုလည်း တာဟာက ပြောကြားသည်။

မိမိတို့၏ ပြောကြားချက်ကို CPC ကိုယ်စားလှယ်များကလည်း တရုတ်အစိုးရထံသို့ အသိပေးသွားမည်ဟု အာမခံ ပြောကြားသွားကြောင်း တာဟာ၏ ပြောကြားချက်အရ သိရသည်။

၁၉၇၁ ခုနှစ်တွင် ထူထောင်ခဲ့သည့် ဂျမားပါတီသည် လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး အစ္စလာမ္မစ် နိုင်ငံရေးပါတီဖြစ်သည်။ နိုင်ငံထူထောင်စဉ်ကာလက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် ပါတီ ခေါင်းဆောင်အချို့ အရေးယူခံရပြီးနောက် ၂၀၁၃ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခွင့် အပိတ်ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ် သြဂုတ်လတွင် ထိုစဉ်က အာဏာရ ရှိတ်ဟာဆီနာအစိုးရသည် ဂျမားပါတီကို အပြည့်အဝ ပိတ်ပင်ရန် စီစဉ်ခဲ့သော်လည်း ထိုလ၌ပင် ဟာဆီနာအစိုးရ ပြုတ်ကျပြီးနောက်တွင် ဂျမားအပေါ် ချမှတ်ထားသည့် တားမြစ်မိန့်များအားလုံးကို ယာယီအစိုးရသစ်က ဖယ်ရှားပေးခဲ့သည်။