“စီးပွားရေး လည်ပတ်နိုင်ဖို့ AA ရော၊ ကုန်သည်တွေရော အားလုံး ကြိုးစားလုပ်ဆောင်နေပါတယ်”

ရခိုင်က မြို့တွေ အားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ရင်တော့ စီးပွားရေးက ပိုအဆင်ပြေလာမှာပါ။ ဒေသတည်ငြိမ်လာရင်တော့ ရခိုင်ပြည်ရဲ့ စီးပွားရေးဟာ ဆယ်စုနှစ်တစ်ခုလောက်မှာ တဟုန်ထိုး တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။

By Admin 25 Mar 2025

 “စီးပွားရေး လည်ပတ်နိုင်ဖို့ AA ရော၊ ကုန်သည်တွေရော အားလုံး ကြိုးစားလုပ်ဆောင်နေပါတယ်”

DMG ၊ အင်တာဗျုး 

ရခိုင်မှာ တိုက်ပွဲကြောင့် ရပ်နားခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ပတ်ကြိုးစားနေကြသလို တပိုင်တနိုင် လုပ်ငန်းရှင်တွေဟာလည်း  စိုက်ပျိုးမွေးမြူရေးတွေကို စတင်လုပ်ဆောင်မှုတွေရှိနေပြီ ဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်က မြို့နယ် (၁၄) ခုကို သိမ်းပိုက်ထားပြီး ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ဒေသခံပြည်သူတွေအတွက် အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး ကဏ္ဍတွေကို စနစ်တကျလည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ 

လက်ရှိမှာ ရခိုင်က စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုရှိနေသလဲ၊ AA က စီးပွားရေးလုပ်ငန်းတွေ တိုးတက်ရေးနဲ့ပတ်သက်လို့ ဘာတွေလုပ်ဆောင်နေလဲ၊ AA အပေါ် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မျှော်လင့်ချက် စတာတွေကို ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးမောင်စောဝင်းကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။ 

DMG - လက်ရှိ ရခိုင်ပြည်ရဲ့ စီးပွားရေးလုပ်ငန်း အခြေအနေ ဘယ်လိုရှိနေလဲ။ 

လက်ရှိ ရခိုင်က စီးပွားရေးလုပ်ငန်းတွေက လည်ပတ်နေပါတယ်။ အခက်အခဲတွေလည်း အများကြီးရှိကြပါတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်ခါစလောက်တော့ မခက်ခဲတော့ဘူး။

DMG - လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မလည်ပတ်နိုင်သေးတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကိုလည်း ပြောပြပေးလို့ ရမလား။ 

ရခိုင်က စီးပွားရေးလုပ်ငန်း တော်တော်များများက လည်ပတ်ပြီလို့ ပြောလို့ရတာပေါ့။ ၆၀ ရာခိုင်နူန်းလောက် အထိပေါ့။ မလည်ပတ်နိုင်သေးတဲ့ လုပ်ငန်းတွေက ခရီးသွားလုပ်ငန်းတွေ၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေပေါ့။ တချို့လုပ်ငန်းတွေ မလည်ပတ်နိုင်တာက အဓိကတော့ လျှပ်စစ်မီး မရတာနဲ့လည်း ဆိုင်တာပေါ့။ ကုန်ဈေးနူန်းတွေလည်း အတော်ကျသွားပြီ။ ရခိုင်က ပြည်သူတွေ ကြိုးစားပြီး တိုင်းပြည်တည် ဆောက်တာတွေရော၊ စီးပွားရေးလည်ပတ်နိုင်ဖို့ကိုပါ လုပ်နေကြပါတယ်။ 

DMG - ရခိုင်မှာ ကုန်သွယ်ရေးတွေ စနစ်တကျလည်ပတ်ဖို့ ကုန်သည်ကြီးများအသင်းဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ကော ဘာများပြောချင်လဲ။ 

အဓိကတော့ ကုန်ဈေးနူန်းထိန်းနိုင်ဖို့၊ မလည်ပတ်နိုင်သေးတဲ့ လုပ်ငန်းတွေကို လည်ပတ်ဖို့ လုပ်ဆောင်ကြတာပေါ့။ ကုန်သည်ကြီးအသင်းရယ်လို့တော့ မဟုတ်ဘူး။ မြို့နယ်တိုင်းက ကုန်သည်တွေက စုဖွဲ့ပြီး လုပ်ကြတာရှိတယ်။ ဒါပေမဲ့ အရင်းအနှီးနည်း‌တော့ ထင်သလောက်မလုပ်နိုင်တာတွေလည်း ရှိတယ်။ 

DMG - တိုက်ပွဲကြောင့် ရပ်တန့်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသေးလဲ။

ရပ်တန့်ခဲ့ရတဲ့ စီးပွားရေးတွေ လည်ပတ်နိုင်ဖို့က ဒေသတည်ငြိမ်ဖို့ လိုတာပေါ့။ နောက်တစ်ချက်က နည်းပညာတွေနဲ့ အရင်းအနှီး လိုအပ်တာပေါ့။ ULAA/AA အစိုးရကတော့ အတက်နိုင်ဆုံးကြိုးစားဖြည့်ဆည်း ပေးနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ကြိုးစားနေကြပါတယ်။ ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ ရခိုင့်စီးပွားရေး ပြန်ပြီးအဆင်ပြေလာမှာပါ။

DMG - ရခိုင်က တချို့စီးပွားရေးလုပ်ငန်းရှင်တွေဆိုလည်း စစ်ဘေးရှောင်ရင်း ပြည်မဘက်မှာ အခြေချသွားတာတွေ ရှိတယ်။ ဒါက ရခိုင်စီးပွားရေးအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ။ 

စီးပွားရေးလုပ်ငန်းရှင်တွေ ပြည်မဖက်စစ်ရှောင်သွားတာကလည်း ရခိုင်ပြည်စီးပွားရေးမှာ အဓိက ယိုစိမ့်မှုလို့ ပြောရတာပေါ့။ ရခိုင်မှာ ကျန်ခဲ့တာက သာမန်စီးပွားရေသမား အနည်းငယ်လောက်ပဲ ကျန်ခဲ့တာပါ။

DMG - ရခိုင်က မြို့နယ်အများစုကို သိမ်းထားတဲ့ AA ကကော စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဆောင်နေတယ်လို့ သိရလဲ။ 

ULA/AA ကတော့ သူတို့သိမ်းထားတဲ့ မြို့နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ကုန်ဈေးနူန်း တည်ငြိမ်ဖို့၊ ဒေသထွက်ကုန်တွေကို ဖြန့်ဖြူးရောင်းချနိုင်အောင် လုပ်ဆောင်နေတာတွေ ရှိပါတယ်။ စီးပွားရေး လည်ပတ်နိုင်ဖို့ ကုန်သည်တွေရော၊ အာရက္ခတပ်တော်ရော အားလုံး ကြိုးစားလုပ်ဆောင်နေ ပါတယ်။ 

DMG - ရခိုင်ပြည် ပြန်လည်ထူထောင်ရေးမှာ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ ဘယ်လို မျှော်မှန်းထား တာတွေ ရှိလဲ။

ရခိုင်က မြို့တွေ အားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ရင်တော့ စီးပွားရေးက ပိုအဆင်ပြေလာမှာပါ။ ဒေသတည်ငြိမ်လာရင်တော့ ရခိုင်ပြည်ရဲ့ စီးပွားရေးဟာ ဆယ်စုနှစ်တစ်ခုလောက်မှာ တဟုန်ထိုး တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။

DMG - တခြားဖြည့်စွက်ပြီး ဘာများပြောချင်ပါလဲ။

ဖြည့်စွက်ပြီး ပြောလိုတာကတော့ ရခိုင်ပြည်ဟာ ပထဝီနိုင်ငံရေးအရ ကမ္ဘာမှာ အရေးပါတဲ့ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။ သံယံဇာတပေါကြွယ်ဝတဲ့ ပြည်လည်း ဖြစ်ပါတယ်။ လူဦးရေ ထူထပ်တဲ့ တိုင်းပြည်နှစ်ခုနဲ့လည်း ဆပ်စပ်နေပါတယ်။ ကုန်သွယ်စီးပွားရေးကို လွတ်လွတ်လပ်လပ်လုပ်နိုင်ရင်‌တော့ မကြာတဲ့ကာလမှာ စီးပွားရေးက ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ 

DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။