- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
ရခိုင်တွင် စီးပွားရေးအကြပ်အတည်းကြောင့် ရွှေပေါင်နှံရောင်းချသူ များပြားနေ
ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ နိုင်ဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက လမ်းပိတ်ဆို့ထားမှုကြောင့် ကုန်စည်ပြတ်တောက်ကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိနေသည်။
30 May 2024

DMG ၊ မေ ၃၀
အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်ကြား စစ်ရေးအရှိုန်မြင့်တက်နေသည့် ရခိုင်ဒေသတွင် စီးပွားရေး အကြပ်အတည်းများကြောင့် ရွှေပေါင်နှံရောင်းချသူ များပြားလာနေသည်ဟု ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။
စားဝတ်နေရေး အဆင်မပြေမှုကြောင့် စုဆောင်းထားသည့်် ရွှေတိုရွှေစများကို ပေါင်နှံရောင်းချသူများ နေ့စဉ်တိုးများလာသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။
“အခုက ရွှေလာဝယ်တဲ့သူ မရှိသလောက်ပါပဲ။ နေ့တိုင်း ရွှေလာပေါင်သူတွေနဲ့ လာရောင်းတဲ့သူတွေ အများကြီးပဲ။ လာရောင်းတဲ့သူတွေက ဒီမြို့နယ်ကပဲ မဟုတ်ဘူး၊ တခြားမြို့နယ်တွေကပါ လာရောင်းကြတာ” ဟု ကျောက်တော်မြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ နိုင်ဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက လမ်းပိတ်ဆို့ထားမှုကြောင့် ကုန်စည်ပြတ်တောက်ကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိနေသည်။
အလုပ်လက်မဲ့ဦးရေလည်း များပြားလာသည့်အပြင် အဓိက ငွေကြေးစီးဆင်းနေသည့် ဘဏ်လုပ်ငန်းများလည်း ရပ်တန့်နေသဖြင့် Mobile Banking များကိုသာ အသုံးပြုရခြင်းကြောင့် နှောင့်နှေးမှုများ ရှိနေသည်။
“အခုက စားကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေတဲ့အထဲ အလုပ်အကိုင်ကလည်း မရှိတော့ စုဆောင်းထားတဲ့ ရွှေတွေကိုပဲ ထုတ်ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရတယ်။ အငတ်မှမနေနိုင်တာ။ အဲဒါတွေကုန်ရင်တော့ ငတ်ဖို့ပဲ ကျန်တော့တယ်” ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျပ်ငွေတန်ဖိုးကျဆင်းကာ ရွှေဈေး၊ နိုင်ငံခြားငွေဈေးများ ထိုးတက်နေခြင်းကြောင့် ပေါင်နှံရောင်းချမှုများကို အကန့်အသတ်ဖြင့်သာ လက်ခံနေရကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
ယမန်နေ့ မေ ၂၉ ရက်နေ့ ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၅၅ သိန်းကျော်နှင့် ၁၅ ပဲရည် တစ်ကျပ်သားကို ငွေကျပ် ၅၂ သိန်းကျော်ရှိပြီး၊ ယနေ့တွင် ငွေကျပ် ၅၈ သိန်းကျော်နှင့် ငွေကျပ် ၅၄ သိန်းကျော် အထိ မြင့်တက်နေကြောင်း သိရသည်။
“ရွှေလာရောင်းတဲ့သူတွေက နေ့စဉ်တိုးတိုးလာတာ။ ကျနော်တို့မှာလည်း ငွေသားရှာရတာ အခက်အခဲရှိတာရယ် ရွှေဈေးနှုန်းထိုးတက်နေတာတွေကြောင့် အကန့်အသတ်နဲ့ပဲ လုပ်ပေးနေရတယ်” ဟု မြောက်ဦးမြို့ခံ ရွှေဆိုင်သည်တစ်ဦးက ဆိုသည်။
ရခိုင်တွင် ကုန်စည်စီးဆင်းမှု၊ ငွေကြေးစီးဆင်းမှု အခက်အခဲများကြောင့် ဒေသခံများမှာ စိန်ခေါ်မှုပေါင်းများစွာကို ကြုံတွေ့နေကြရသည်။