မှောင်ခိုကုန်နဲ့ အသက်ဆက်နေရတဲ့ ရခိုင်ပြည်

The Diplomat သတင်းဝဘ်ဆိုက်မှာ ဆောင်းပါးရှင် Rajeev Bhattacharyya ရေးထားတဲ့ Smuggled Commodities From India and Bangladesh are Lifelines for Myanmar’s Arakan ကို ဆီလျော်အောင် ကောက်နုတ် ဘာသာပြန်ပါတယ်။ Rajeev Bhattacharyya ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။

By Admin 27 Dec 2024

ကုလားတန်မြစ်ဘေးက ပလက်ဝဆိပ်ကမ်းဆီ ရောက်လာတဲ့ အိန္ဒိယကုန်စည်တွေ။ ဓာတ်ပုံ - Rajeev Bhattacharyya
ကုလားတန်မြစ်ဘေးက ပလက်ဝဆိပ်ကမ်းဆီ ရောက်လာတဲ့ အိန္ဒိယကုန်စည်တွေ။ ဓာတ်ပုံ - Rajeev Bhattacharyya

ညနေရောက်ပြီဆိုရင် အရောင်အသွေးစုံ၊ လူမျိုးစုံ အယောက် နှစ်ဆယ်ကျော်လောက်ကို ပလက်ဝမြို့က ကုလားတန်မြစ်ကမ်းဘေးမှာ မြင်ရပါပြီ။ မြစ်တစ်ဘက်ကမ်း အိန္ဒိယနိုင်ငံဘက်ကနေ ဝင်လာတဲ့ ဘုတ်တွေကို ငေးကြည့်နေကြတာ ဖြစ်ပါတယ်။ ဘုတ်အများစုက ရခိုင်ပြည်နယ်ထဲက မြို့တွေဆီကို မြစ်ကြောင်းကတစ်ဆင့် ဆက်မောင်းသွားကြမှာပါ။

ခဏလောက်နေတော့ ကုန်စည် တနင့်တပိုးကို တာပေါ်လင်စနဲ့ ဖုံးပြီးသယ်လာတဲ့ ခပ်ကြီးကြီး ဘုတ်တစ်စင်း ဆိပ်ကမ်းဆီ ရောက်လာပါတယ်။ မရှေးမနှောင်းမှာပဲ မနိုင်ဝန် ထမ်းသယ်လာတဲ့ နောက်ထပ် ဘုတ်နှစ်စင်းလည်း ဆိပ်ကမ်းမှာ လာကပ်ပါတယ်။ ကမ်းမှာ စောင့်နေကြတဲ့ လူအုပ်ကတော့ အများစုက ဆိုင်သည်တွေ၊ ကုန်သည်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်က မှောင်ခိုသယ်လာတဲ့ ကုန်တွေကို အကြီးအကျယ် မှီခိုအားထားနေကြသူတွေပါ။ ဒီနောက်တော့ ဖုံးထားတဲ့ တာပေါ်လင်စတွေကို ကြိုးဖြေ၊ ပြီးရင် ကုန်တွေကို ကမ်းပေါ်မှာ ရပ်ထားတဲ့ ယာဉ်တွေ၊ ဆိုင်ကယ်တွေဆီ ပြောင်းတင်ကြပါတယ်။ ကုန်စည်တွေကို ဒီယာဉ်တွေနဲ့ သယ်ပြီး မြို့အနီးတဝိုက်က အခြားနေရာတွေဆီ သွားပို့ကြမှာပါ။

ပလက်ဝမှာလိုပဲ ရခိုင်ပြည်ထဲက လူတွေဟာလည်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က မှောင်ခိုဝင်လာတဲ့ ကုန်စည်တွေကို မှီခိုနေရပါတယ်။ မြန်မာပြည်ဘက်က ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေက ပိတ်ဆို့ခံထားရတဲ့အတွက် ဖြစ်ပါတယ်။ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်နဲ့ ချင်းတောင်ပိုင်းက ဒေသတွေမှာ စက်တပ်ယာဉ်နဲ့ သွားလာရ အဆင်ပြေတဲ့ ကားလမ်းတွေ နည်းပါးတဲ့အတွက်ကြောင့် ကုန်ပစ္စည်းတွေကို ရေကြောင်းကပဲ ဘုတ်နဲ့ အဓိက သယ်ပို့ကြတာ ဖြစ်ပါတယ်။

ရခိုင်မှာ ဘာကြောင့် မှောင်ခိုကုန်စည်တွေ လိုအပ်တာလဲ

မြန်မာစစ်ကောင်စီက တော်လှန်ရေးတပ်တွေ၊ သူတို့ထိန်းချုပ်ရာ နယ်မြေတွေကို ချေမှုန်းရာမှာ သုံးတဲ့ နည်းနာတွေထဲက တစ်ခုကတော့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပိတ်ဆို့တာပါ။ ဒီလိုပိတ်ဆို့ လိုက်ခြင်းအားဖြင့် အခြေခံ စားသောက်ကုန်တွေ အပါအဝင် အရေးပါတဲ့ ကုန်စည်တွေ အကုန် ပြတ်လပ်သွားပါတယ်။ စစ်တပ်ဟာ ရခိုင်မှာလည်း ဒီနည်းလမ်းကို ကျင့်သုံးပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေ အရှိန်မြင့်လာခဲ့ပြီးနောက်မှာတော့ မြန်မာစစ်တပ်ရဲ့ ဖြတ်တောက်မှုဟာ ပိုပြင်းထန်လာခဲ့ပါတယ်။

ထိုးစစ်တွေ အရှိန်မြှင့်လာပြီးနောက်မှာ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်ထဲက ၁၇ မြို့နယ်မှာ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားပါပြီ။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ဟာ မြန်မာပြည်မနဲ့ ရခိုင်တောင်ပိုင်းက ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေကို ပိတ်ပစ်လိုက်ပါတယ်။ ဒါနဲ့ပဲ ရခိုင်ဒေသခံတွေနဲ့ အာရက္ခတပ်တော်တို့ဟာ အိန္ဒိယနဲ့ ဘင်္ဂလာက ဝင်တဲ့ ကုန်စည်တွေကို အကြီးအကျယ် မှီခိုအားထားရတဲ့ အဆင့်ကို ရောက်သွားပါတယ်။

ဒါပေမဲ့ မြန်မာပြည်ထဲက အခြားသော တောတောင်ထူထပ်တဲ့ နယ်စပ်တွေနဲ့ မတူတာ တစ်ခုကတော့ ရှိပါတယ်။ ရခိုင်ပြည်ဟာ သီးနှံဖြစ်ထွန်းတဲ့ စိုက်ပျိုးမြေနဲ့ သင့်တင့်မျှတတဲ့ ရာသီဥတုရှိတယ်၊ များပြားလှတဲ့ ရေအရင်းအမြစ်တွေ ကြွယ်ဝတယ်၊ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်ဟာ ကိုယ့်ဒေသအတွက် ဆန်စပါး လုံလောက်စွာ ထွက်ရှိပါတယ်။

ဒေသတွင်း ကုန်စည် သယ်ယူပို့ဆောင်ရေးကို AA ရဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က စောင့်ကြည့် ကြီးကြပ်ပါတယ်။ ULA ရဲ့ ပလက်ဝဒေသ နိုင်ငံရေးတာဝန်ခံ ဦးကျော်ဇောဦးက ရခိုင်ပြည်မှာ ဟင်းသီးဟင်းရွက်ကို ‘လုံလောက်တဲ့ပမာဏအထိ’ စိုက်ပျိုးတဲ့အတွက် ဒီကုန်တွေကို အခြားဒေသကနေ တင်သွင်းစရာ မလိုဘူးလို့ ပြောပါတယ်။

“လက်ရှိအချိန်ထိကတော့ ရခိုင်ပြည်ဟာ ဆန်၊ ဟင်းသီးဟင်းရွက်၊ ငါး၊ ဆားနဲ့ သကြားအတွက် တခြားဒေသတွေကို မှီခိုနေစရာ မလိုဘူး။ ဒါပေမဲ့ ဒီပစ္စည်းတွေကလွဲရင် ကျန်တာ အားလုံးနီးပါး ကတော့ (တင်သွင်းဖို့) လိုအပ်ပါတယ်။ အနည်းအများပဲ ကွာမယ်” လို့ သူကဆိုပါတယ်။

စားသုံးဆီ၊ ဘီစကွတ်မုန့်၊ ဆပ်ပြာ၊ ပန်းကန်ဆေးရည်၊ ပရိဘောဂ၊ ဂျုံမှုန့်၊ အဝတ်အထည်၊ ဘတ္ထရီ အစရှိသဖြင့် ပစ္စည်းမျိုးစုံကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်ဆီ မှောင်ခိုတင်သွင်းပါတယ်။ ဒေသတွင်း အပြန်အလှန် ချိတ်ဆက်နေတဲ့ ရေလမ်းနဲ့ ကုန်းလမ်းတွေကနေ သွင်းတာပါ။ မကြာသေးခင်က ကျွန်တော် ကွင်းဆင်းသတင်းယူခဲ့တဲ့ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်တွေက စျေးဆိုင်တွေမှာ ဒီကုန်တွေ ရောင်းချနေတာကို တွေ့ခဲ့ရပါတယ်။

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့က စျေးဆိုင်တစ်ဆိုင်မှာ ရောင်းချနေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ကုန်စည်တွေ။  ဓာတ်ပုံ - Rajeev BhattacharyyaCaption

ဟိန္ဒူတစ်ဦးဖြစ်သူ ဒါမန်ဂျာရာ့ဂျ် ဆိုရင် ကျောက်တော်မြို့စွန်မှာ နေထိုင်တဲ့ နေ့စားအလုပ်သမားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ရခိုင်ကုန်သည်တွေနဲ့ ပုံမှန် ကူးလူးဆက်ဆံပြီး မြစ်ဆိပ်ကနေ မြို့ထဲက ဆိုင်တွေဆီ ပစ္စည်းပို့နေသူပါ။

“ကျွန်တော်တို့ဆီက ဒေသခံအများစုက အိန္ဒိယက ဝင်တဲ့ ကုန်ပစ္စည်းတွေကို အကြီးအကျယ် အားကိုးနေရတာပါ” လို့ သူကပြောပါတယ်။ “ပစ္စည်းတွေ မဝင်တော့ရင် ကျွန်တော်တို့ ငတ်သေကြလိမ့်မယ်” လို့ ဒါမန်ဂျာရာ့ဂျ်က ဆိုပါတယ်။

ဂျာရာ့ဂျ်ရဲ့ အဆိုအရ ကုန်စည်စီးဆင်းမှုဟာ ဆောင်းတွင်းပိုင်းမှာ ပိုများပြီး အိန္ဒိယနယ်စပ်ကနေ ကုလားတန်မြစ်ကြောင်းအတိုင်း ကျောက်တော်ကို ရောက်လာတဲ့ ဘုတ်ကြီးဘုတ်ငယ် အသွယ်သွယ်ဟာ အစီး ၄၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ မိုးတွင်းဆိုရင်တော့ ဒီအရေအတွက်ဟာ ၁၅ စီးလောက်အထိ ကျဆင်းသွားပါတယ်။ ကျောက်တော်က တခြား နေ့စားအလုပ်သမားတွေလည်း ဂျာရာ့ဂျ် နဲ့ အမြင်တူကြပါတယ်။ ဒီလူတွေထဲမှာ မွတ်ဆလင်အချို့လည်း ပါပါတယ်။

AA နဲ့ ULA ရဲ့ တာဝန်ခံတွေအပါအဝင် စျေးဆိုင်ပိုင်ရှင် တချို့နဲ့ အလွတ်သဘော ပြောကြည့်ရာမှာတော့ ရခိုင်ဒေသမှာ အိန္ဒိယနဲ့ ဘင်္ဂလာက ဝင်တဲ့ ကုန်စည်တွေထဲက အများဆုံး မှီခိုအားထားနေရတာဟာ လောင်စာဆီနဲ့ ဆေးဝါးလို့ ပြောကြပါတယ်။ မြန်မာစစ်ကောင်စီဟာ မြန်မာပြည်မထဲကနေ ရခိုင်ပြည်ထဲကို တောလမ်းတွေကတစ်ဆင့် ဒီနှစ်မျိုး တင်သွင်းခွင့်မရအောင် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်တယ်လို့ သူတို့က ထောက်ပြကြပါတယ်။

ဆေးဝါးအဝင်က ပုံသေမရှိ

ဆေးရုံတွေမှာ ဆေးဝါးရှားပါးတာကို ဇွန်လ ၁၇ ရက်နေ့က ရခိုင်ကို ကျွန်တော် သွားရောက်ခဲ့စဉ်မှာ သိသိသာသာ မြင်ခဲ့ရပါတယ်။ တပ်စုတစ်ခုရဲ့ တာဝန်ခံဆရာဝန်ဖြစ်သူ လူလတ်ပိုင်း တစ်ယောက်နဲ့ ကျွန်တော် တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူ့နာမည်နဲ့ သူတာဝန်ကျနေတဲ့ ဆေးရုံကို ထုတ်မပြောဖို့ သဘောတူပြီးမှ ဆုံခဲ့ကြတာပါ။ အကြောင်းရင်းက ဆေးဝါးကုသပေးနေတဲ့ နေရာတွေဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကို ခံရဖို့ အလားအလာ သိပ်များတာကြောင့်လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်းမှာ စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့ ကုသရေးဌာန ခြောက်နေရာအထိ ရှိခဲ့ကြောင်း သူကပြောပြပါတယ်။ ဒီလို ဗုံးကြဲခံခဲ့ရတဲ့ အထဲမှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းအကြားက ကျွန်တော် ရောက်ရှိခဲ့တဲ့ ကျန်းမာရေးဌာနတစ်ခုလည်း ပါဝင်ပါတယ်။

မြို့လယ်မှာ ရှိတဲ့ ဒီကျန်းမာရေးဌာနမှာ ဆရာဝန် ၂ ယောက်နဲ့ လက်ထောက် ၅၀ ရှိပါတယ်။ ဒီအထဲမှာ သူနာပြုတွေနဲ့ ရောဂါရှာဖွေရေး ဓာတ်မှန်ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ ULA ဟာ ဒီမြို့နယ်ကို စစ်တပ်လက်အောက်ကနေ ဧပြီလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ ကျန်းမာရေးဌာနကို လည်ပတ်နေတာ ဖြစ်ပါတယ်။ အဲဒီကို ကျွန်တော် ရောက်ခဲ့တုန်းကတော့ လူနာ ခြောက်ဦး ဆေးကုသမှုခံယူနေတာကို တွေ့ခဲ့ရပါတယ်။

ရခိုင်ပြည်ထဲက ကျန်းမာရေးဌာနတစ်ခုမှာ လူနာကြည့်နေတဲ့ ဆရာဝန်တစ်ယောက်။ ဓာတ်ပုံ - Rajeev Bhattacharyya

ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးတွေ အကြီးအကျယ် ရှားပါးနေတဲ့အတွက် ဆေးကုရတာ စိန်ခေါ်မှု သိပ်များတယ်လို့ ဆရာဝန်က ထောက်ပြပါတယ်။ 

“လက်ရှိ အာရက္ခဒေသ လွတ်မြောက်နယ်မြေတွေထဲမှာ ဆရာဝန်က အယောက် ၂၀ လောက်ပဲရှိတယ်” လို့ သူကပြောပါတယ်။

ဒီဆေးဝါးတွေ ဘယ်ကရလဲလို့ ကျွန်တော်မေးတော့ သူက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ရတယ်လို့ ဖြေပါတယ်။

 “ဒီကိုတော့ အိန္ဒိယဘက်က ပိုဝင်ပါတယ်။ ဆေးဝါး ဝင်တာက ပုံမှန်မရှိဘူး။ ကုန်တွေက နယ်စပ်ကနေ အဝေးကြီးလာရတာ ဆိုတော့ လိုအပ်တဲ့ နေရာတွေကို ရောက်ဖို့ ယာဉ်တွေ ဘုတ်တွေနဲ့ သယ်လာရတာ။ ကျွန်တော်တို့မှာ အခုရှိနေတဲ့ ဆေးဝါးအများစုက စစ်မဖြစ်ခင်တည်းက ရှိနေတဲ့ဟာတွေ။ ဆေးဝါးက နေရာတိုင်းမှာ ရှားတယ်။ ဥပမာဆိုရရင် ဗိုက်ခွဲမွေးရာမှာ ပုံမှန်ဆိုရင် ခြုပ်ကြိုးသုံးမျိုး သုံးတယ်။ အခုတော့ ကျွန်တော်တို့ တစ်မျိုးတည်းနဲ့ ဖြစ်အောင်လုပ်နေတာ” ဟု သူကပြောပါတယ်။

ဆေးဝါးစျေးနှုန်းတွေလည်း အလွန်အမင်း ထိုးတက်သွားတယ်လို့ သူကပြောပါတယ်။ ဝင်ငွေနည်းတဲ့ လူတန်းစားတွေအဖို့တော့ ဆေးဝါးဖိုး မတတ်နိုင်လို့ အဲဒီ ဆေးခန်းတွေကိုပဲ အားကိုးနေရတယ်လို့ ဒီဆရာဝန်ကက ပြောပါတယ်။ 

ရခိုင်ဘက်မှာ အဓိက အဖြစ်များတာကတော့ ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းကိုက်ရောဂါလိုမျိုး ရေကြောင့်ဖြစ်ရတဲ့ ရောဂါတွေပါ။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ သာမန်အဖျား လူနာတွေလည်း ပုံမှန်ရှိပြီး တခါတခါ အစာအိမ်ကင်ဆာ သမားတွေလည်း ရောက်တယ်လို့ သိရပါတယ်။

ဒီလို ဝေးလံခေါင်များ ဒေသတွေမှာ ဆေးဝါးကုသပေးရင်းနဲ့ ဆေးဝါးပြတ်လပ်တာအပြင် တခြားသော ပြဿနာတွေလည်း ရှိပြန်ပါတယ်။ ဒီဒေသမှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ပြိုလဲလုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။

 “ဆေးခန်းတွေဟာ အချိန်မရွေး ဗုံးကြဲခံရနိုင်တယ် ဆိုပြီး ဒေသခံတွေက ဆေးလာကုဖို့ ကြောက်ကြတယ်” လို့ အဆိုပါဆရာဝန်က ကျွန်တော့်ကို ဖြေပါတယ်။ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဝေးလံခေါင်ဖျား နေရာတွေက မလာနိုင်တဲ့ လူနာတွေဆီ လွှတ်ပေးတယ်လို့လည်း သူကပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာတော့ စိတ်ဓာတ်ကျဖွယ် မြင်ခဲ့ရပါတယ်။ ဒီစခန်းတွေရဲ့ အခြေအနေက သိပ်တော့ အားတက်ဖွယ်ရာ မကောင်းဘူးလို့ ဒီဆရာဝန်က ပြောပါတယ်။ စခန်းတွေမှာလည်း ဆေးဝါးရှားပါးပြီး သူတို့အပေါ်ပဲ လုံးလုံး မှီခိုနေရတာလို့ သူကပြောပါတယ်။

စစ်ရှောင်စခန်းတွေထဲက သေရေးရှင်ရေး အခြေအနေ

ဇွန်လ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့မှာ ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုဆီကို ကျွန်တော် ရောက်ခဲ့ပါတယ်။ လူ ၁၀၀ ဝန်းကျင်ရှိတဲ့ အဲဒီစခန်းမှာ ဆေးကုဖို့ စောင့်နေသူ ခြောက်ယောက်ထက်မနည်း မြင်ခဲ့ရပါတယ်။ မြန်မာစစ်တပ်ဆီမှာ အဖမ်းခံထားရတာကနေ ထွက်ပြေးရင်း မိုင်းနင်းမိလို့ ခြေတစ်ဘက်ပြတ်သွားတဲ့ အမျိုးသားတစ်ဦးကိုလည်း တွေ့ခဲ့ရပါတယ်။ သက်ကြီးပိုင်းနှစ်ယောက်နဲ့ မွေးကင်းစ ကလေးနှစ်ယောက်လည်း ဆေးဝါး အလုံအလောက် ကုသခွင့်မရလို့ ဆုံးပါးသွားတယ်လို့ သူတို့က ပြောကြပါတယ်။

ရခိုင်တခွင် သတင်းယူခဲ့စဉ်က ပုဏ္ဏားကျွန်းက ဒုက္ခသည်စခန်းတစ်ခုနဲ့ ဘူးသီးတောင်က ဒုက္ခသည်စခန်း နှစ်ခုဆီ ကျွန်တော် ရောက်ခဲ့ပါတယ်။ ဒီစခန်း သုံးခုလုံးမှာ လူနာတွေ အမြောက်အများ ရှိနေတာ မြင်ခဲ့ရပါတယ်။ ရောဂါကလည်း အမျိုးစုံပါ။ စခန်းတိုင်းမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်နေတာချည်းပါပဲ။ စစ်ကောင်စီဟာ နိုင်ငံရဲ့ တခြားနေရာတွေ ရှိကြတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို  ရခိုင်က ဒုက္ခသည်စခန်းမှာ စာနာမှုအကူအညီတွေ ပေးခွင့် တားမြစ်ထားပါတယ်။

ရခိုင်ပြည်ထဲက ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်စုစုပေါင်း ၅၅၃,၆၉၆ ဦးရှိပြီး ဒီအထဲမှာ ၅၇ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ULA ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီဒေသခံ ပြည်သူတွေအတွက် အစားအစာ၊ ဆေးဝါး၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ အရေးပေါ်ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒီအစီရင်ခံစာမှာ အလေးပေး ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ AA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကာလအတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ဒဏ်ရာရသူ အရပ်သား အရေအတွက်ဟာ ၅၀၀ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများ အဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ စာနာမှု အကူအညီပေးကြဖို့လည်း ဒီအဖွဲ့က တောင်းခံထားပါတယ်။

လွတ်မြောက်နယ်မြေတွေမှာ ဆေးဝါးပြတ်လပ်လို့ အရပ်သားတွေ သေဆုံးမှု သတင်းတွေကတော့ ပုံမှန်ဆိုသလို ကြားနေရပါတယ်။ အစိုးရဆေးရုံတွေ ဆေးပေးခန်းတွေဟာ စစ်တပ် ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ ဂွနဲ့ မာန်အောင်မြို့တွေမှာသာ ရှိပါတယ်။ AA ထိန်းချုပ်နယ်မြေက ပြည်သူတွေကတော့ ဖမ်းဆီးအရေးယူခံရမှာ ကြောက်လို့ ဒီဆေးရုံတွေကို သွားလေ့သွားထ မရှိကြပါဘူး။

ဆေးဝါးနည်းတူ အရေးကြီးတဲ့ လောင်စာဆီ

ဆေးဝါးရရှိနိုင်ခြေနဲ့ စျေးနှုန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီက လောင်စာဆီ ဘယ်လောက်ရနိုင်သလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။ အခြားပစ္စည်းတွေလိုပဲ ဆေးဝါးကိုလည်း စက်လှေတွေ ဘုတ်တွေနဲ့ သယ်ရတာပါ။ ဒီတော့ ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းဟာ လောင်စာဆီစျေးနှုန်း၊ စက်လှေတွေရဲ့ ဆီစားနှုန်းနဲ့ တိုက်ရိုက် အချိုးကျနေပါတော့တယ်။

ULA ရဲ့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းရွှေရဲ့ ပြောကြားချက်အရဆိုရင် ဒီဇယ်ဆီစျေးနှုန်းဟာ ၂၀၂၃ ခုနှစ်တုန်းက တစ်လီတာကို ၁၂၀၀၀ ကျပ် ($5.71) ရှိခဲ့ရာက လက်ရှိမှာ ၄၀၀၀၀ ကျပ် ($19.06) အထိ ပေါက်စျေးရှိပြီး ဓာတ်ဆီစျေးကလည်း ၁၀၀၀ ကျပ် ($0.48) ကနေ ၁၉၀၀၀ ကျပ် ($9.05) အထိ ဖြစ်သွားတယ်လို့ သိရပါတယ်။ 

“အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ဝင်တဲ့ ကုန်စည်တွေက အကုန်စျေးနှုန်း ထိုးတက်သွားတာ။ လောင်စာဆီဆိုရင်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စျေးနှုန်းက ဆယ်ဆအထိ မြင့်တက်သွားတယ်။ စျေးနှုန်းတွေကတော့ တစ်မြို့နဲ့တစ်မြို့ မတူဘူး။ ခရီးဝေးဝေးသယ်ရလေ စျေးပိုကြီးလေပဲ” လို့ သူက ပြောပါတယ်။

ဒီနေရာမှာ စကားစပ်လို့ ပြောရရင် အိန္ဒိယနယ်စပ်နဲ့ ၁၀၉ ကီလိုမီတာ အကွာမှာရှိတဲ့ ပလက်ဝမြို့မှာတော့ ဓာတ်ဆီ တစ်လီတာကို ၁၁၀၀၀ ($5.24)၊ ဒီဇယ် တစ်လီတာကို ၈၅၀၀ ($4.05) သာ ရှိပါတယ်။

အိန္ဒိယက ရောက်လာတဲ့ လောင်စာဆီပေပါတွေကို မင်းပြားမှာ တွေ့ရတာပါ။ ဓာတ်ပုံ - Rajeev Bhattacharyya

ရခိုင်ပြည် ဝေးလံခေါင်ဖျား ဒေသတွေမှာ နေထိုင်ကြသူတွေကတော့ ကုန်စျေးနှုန်းတက်တာ၊ လောင်စာဆီ ရှားပါးတာကို အဆိုးဆုံး ခံစားကြရသူတွေပါ။ မြစ်ကြောင်းတွေနဲ့ အဝေးဆုံးက ကျေးရွာတွေမှာ နေထိုင်ကြသူတွေအဖို့ ခရီးသွားလာရတာဟာ သြချလောက်အောင်ကို ကုန်ကျစရိတ်ကြီးမားပါတယ်။ ဆိပ်ကမ်းဆီ၊ စက်လှေဆီကို ရောက်ဖို့အတွက် ချိုင့်ခွက် ဗလပွရှိတဲ့ လမ်းတွေပေါ်မှာ ခြေလျင်သော်လည်းကောင်း၊ ဆိုင်ကယ်နဲ့သော်လည်းကောင်း သွားရတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၃ ရက်နေ့မှာ ကျွန်တော် ကျောက်တော်မြို့ကနေ ပလက်ဝမြို့ဆီ ထွက်လာတော့ ဘုတ်ပေါ်မှာ ဦးစံသာကျော်ဆိုတဲ့ ကုန်သည်တစ်ဦးနဲ့ မေးမြန်းပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ စီးလာတဲ့ ဘုတ်ဟာ အလယ်အလတ် အရွယ်အစားဖြစ်ပြီး လိုက်ပါလာသူ ခရီးသည် ၁၅ ဦးရှိပါတယ်။ သူ့ရွာဟာ ကျောက်တော်မြို့နဲ့ ၃၅ ကီလိုမီတာဝေးတဲ့ နေရာမှာ ရှိပြီး ရွာမှာ လောင်စာဆီလည်း မရှိတဲ့အတွက် တစ်ပတ်လောက် စောင့်နေခဲ့ရတယ်လို့ ဦးစံသာကျော်က ပြောပါတယ်။ နောက်မှ မိတ်ဆွေတစ်ယောက်ရဲ့ ဆိုင်ကယ်နဲ့ ဘုတ်ဆိပ်ကို လာခဲ့ရတာ ဖြစ်ပါတယ်။

AA ရဲ့ အငယ်တန်း တာဝန်ခံတစ်ဦးကတော့ သူတို့ဟာ လောင်စာဆီနဲ့ အခြားကုန်စည်တွေ ပြတ်တောက်နိုင်တဲ့ ပြဿနာအတွက် ကြိုတင်ပြင်ဆင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ 
“စစ်ပွဲကာလမှာ လောင်စာဆီနဲ့ ဆေးဝါးပြတ်တောက်ပြီး အကြီးအကျယ် အဆက်ပြတ်သွားနိုင်တယ်လေ။ ဒါကြောင့် စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ အခြေအနေကို အသုံးချပြီး ဒီပစ္စည်းတွေကို အဆင်ပြေတဲ့ နေရာတွေမှာ အများအပြား သိုလှောင်ခဲ့တယ်” လို့ သူကပြောပါတယ်။

ဆေးဝါးနဲ့ လောင်စာဆီအတွက် AA ကို မှီခိုနေရတဲ့ ဒုက္ခသည်စခန်းနဲ့ ဆေးခန်းအရေအတွက် အများအပြား ရှိနေတာကို မြင်ခဲ့ရပါတယ်။

ရေရေရာရာ မရှိတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ထောက်ပံ့ရေးလမ်းကြောင်းတွေ

ရခိုင်ပြည်ထဲကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က လောင်စာဆီနဲ့ ကုန်စည်တွေ တင်သွင်းရာမှာ တခါတလေတော့လည်း အနှောင့်အယှက် အမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားတာမျိုး ရှိပါတယ်။ မောင်တောမှာဆိုရင် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပစ္စည်းသွင်းရာမှာ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ နယ်စပ်တလျှောက် မြေပြင်နဲ့ ရေပြင်မှာ ယိုပေါက်တွေ ရှိတဲ့ နေရာတွေကနေ မြန်မာဘက်ကို ပစ္စည်းသွင်းနိုင်ခဲ့ကြပါတယ်။ ဘူးသီးတောင်နဲ့ ရသေ့တောင်က ဆိုင်တွေမှာဆိုရင် အိန္ဒိယထက် ဘင်္ဂလားဒေ့ရှ်က ကုန်စည်တွေ ရောင်းချမှု ပိုများပါတယ်။

မောင်တောဒေသမှာ လပေါင်းများစွာ တိုက်ပွဲဆင်နေခဲ့တဲ့ AA ဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာတော့ နောက်ဆုံးလက်ကျန် အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ AA ဟာ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုကို တားမြစ်လိုက်ပါတယ်။ စစ်ရေးလိုအပ်ချက်နဲ့ အများပြည်သူ လုံခြုံရေးအတွက်လို့ AA က ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အစ္စလာမစ် အကြမ်းဖက်အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို နှိမ်နင်းဖို့အတွက် အခုလို တားမြစ်မိန့် ထုတ်ပြန်တာ ဖြစ်ပုံရပါတယ်။

ဒါမျိုးတားမြစ်ချက်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်စည်စီးဝင်မှုကိုလည်း လျော့နည်းသွားစေပါတယ်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးဌာနဖြစ်တဲ့ Directorate General of Forces Intelligence ဟာ ရခိုင်ပြည်ထဲက ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့နေတယ်လို့ သတင်းတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။ AA ကလည်း အလားတူ စွပ်စွဲပြောကြားထားတာတွေ ရှိပါတယ်။ ဒီလုပ်ရပ်က AA ကို အစ္စလာမစ်အဖွဲ့တွေ့အပေါ်မှာ ပြင်းထန်တဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ဆင်ရေးတွေ ဆောင်ရွက်လာစေပါတယ်။ ဒီလိုနဲ့ ယခင်တည်းက မတည်ငြိမ်တဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်နားက ဒေသတွေဟာ ပိုမိုပြီး လှုပ်ခတ်လာပါတယ်။

အိန္ဒိယနယ်စပ်မှာကျတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အခြေအနေတွေက ပြောင်းပြန်ပါ။ ဒီဒေသကို AA နဲ့ သူ့ရဲ့ မဟာမိတ် ချင်းညီနောင်တို့က လွန်ခဲ့တဲ့ လေးနှစ်လောက်တည်းက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီ့အပြင်ကို အိန္ဒိယဘက်က ကုန်စည်စီးဝင်မှုဟာ ဘင်္ဂလားဒေ့ရှ်ဘက်က စီးဝင်မှုထက် ပမာဏအများကြီး ပိုပါတယ်။

ဒါပေမဲ့ အိန္ဒိယနယ်စပ်ဘက်မှာလည်း စိန်ခေါ်မှု လုံးလုံး မရှိတာတော့ မဟုတ်ပြန်ပါဘူး။ လွန်ခဲ့တဲ့ ဇူလိုင်လမှာဆိုရင် ဗဟို လိုင်လူငယ် အစည်းအရုံး (Central Young Lai Association) ဟာ မီဇိုရမ်ပြည်နယ်က လောင်စာဆီတွေ ချင်းပြည်တောင်ပိုင်းဆီ တင်ပို့မှုကို တားမြစ်ခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ် အစိုးရကလည်း မြန်မာနိုင်ငံထဲကို လောင်စာဆီ တင်ပို့တာဟာ ဒေသခံတွေနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက် ဒီကုန်စည် “အကြီးအကျယ် ပြတ်လပ်မှု” ဖြစ်စေတယ်ဆိုပြီး နယ်စပ်ဧရိယာသုံးခုမှာ တားမြစ်မိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ULA တာဝန်ခံတွေကတော့ မီဇိုလူမျိုးနဲ့ ချင်းလူမျိုးအကြားမှာ လူမျိုးအရ ဆက်စပ်နေတာ၊ AA နဲ့ CNF (ချင်းအမျိုးသားတပ်ဦး) ကြားမှာ “ဆက်ဆံရေး တင်းမာမှုတွေ” ရှိတာတွေကြောင့် မီဇိုရမ်ဘက်က အခုလို ပိတ်ဆို့မှုတွေ လုပ်လာတာလို့ ပြောကြပါတယ်။ ချင်းပြည်ထဲမှာ အကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ CNF ဟာ ပလက်ဝကို AA သိမ်းပိုက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပလက်ဝမှာက ရခိုင် တိုင်းရင်းသားအုပ်စုထဲမှာ မပါဝင်တဲ့သူတွေနဲ့ ချင်းလူမျိုးတွေ တော်တော်များများ နေထိုင်နေကြတာပါ။ ချင်းပြည်ထဲက လက်နက်ကိုင်အုပ်စု ခြောက်ခု စုပေါင်းထားတဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ AA တို့ မဟာမိတ်ဖွဲ့ထားတာကိုလည်း CNF က မလိုလားပါဘူး။ 

ဇူလိုင်လမှာ ရပ်တန့်သွားတဲ့ ကုန်စည်စီးဆင်းမှုဟာ စက်တင်ဘာလမှာ ပြန်လည် စတင်ခဲ့တယ်လို့ AA နဲ့ ULA တာဝန်ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ မီဇိုရမ်ကနေ ချင်းပြည်တောင်ပိုင်းဆီ ပြန်လည်တင်ပို့ခဲ့တဲ့ ကုန်စည်တွေထဲမှာ လောင်စာဆီနဲ့ ဆေးဝါးတွေလည်း ပါတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မီဇိုရမ်က ကုန်စည်တွေ ရခိုင်ပြည်ထဲကို တင်သွင်းမှုကတော့ ယိုင်နဲ့နဲ့အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။

မီဇိုရမ်ဟာလည်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသထဲက အခြားသော နယ်စပ်ပြည်နယ်တွေလိုပဲ ကုန်စည်ပြတ်လပ်မှုကို ကြုံရင်ကြုံသလို ရင်ဆိုင်ရပါတယ်။ အိန္ဒိယပြည်မက ကုန်စည်တွေ ဒီပြည်နယ်ထဲကို ရောက်ဖို့က ဝေးလံလှတဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းလာကြရတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဆိုရင် အဝေးပြေးလမ်းရဲ့ အခြေအနေ ဆိုးဝါးနေတဲ့အတွက် ယာဉ်ပိုင်ရှင်တွေဟာ အာသံပြည်နယ်ထဲက ကုန်စည်တွေကို မီဇိုရမ်ပြည်နယ်ထဲကို သယ်ပို့ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ မီဇိုရမ်နဲ့ အခြားပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေမှာ တခါတခါ ရေကြီးမှုနဲ့ မြေပြိုမှုတွေကလည်း ဖြစ်တတ်ပါသေးတယ်။ ဒါမျိုးဖြစ်လာရင်လည်း မြန်မာဘက်ကို ကုန်စည်တင်ပို့မှုအပေါ် သက်ရောက်မှု ရှိပါတယ်။

ရခိုင်ပြည်မှာ လူသားချင်းစာနာမှု ကပ်ဘေးကြီး ကြုံရဖွယ်ရှိ

အခြေခံစားသောက်ကုန်တွေ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ဝင်နေတာကြောင့် ရခိုင်ပြည်အတွက် တော်တော်ကြီး အသက်ရှူရှောင်နေတယ် ဆိုပေမယ့်လည်း ဒေသတွင်း စာနာမှုကပ်ဘေးကြီး ကြုံရဖွယ်ရှိတဲ့ အလားအလာကိုတော့ ရှောင်လို့ ရချင်မှ ရမယ်လို့ ကုန်သည်တွေ၊ စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ ULA တာဝန်ခံတွေက ပြောကြပါတယ်။

ULA ရဲ့ HDCO ဒေသန္တရရုံး အမှတ် (၂) လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ကလည်း ရခိုင်မှာ စာနာမှုကပ်ဘေးကြီး ကြုံရမယ့် အခြေအနေကို မြင်နေရပြီလို့ ဆိုပါတယ်။ အခြေခံစားသောက်ကုန်တွေ မတန်တဆ စျေးတက်လာတာ၊ ဆေးဝါးပြတ်လပ်တာ၊ စားနပ်ရိက္ခာ ထုတ်လုပ်ရေး ကျဆင်းတာတွေကြောင့်လို့ သူက ပြောပါတယ်။ ဇွန်လ ၂၈ ရက်နေ့က The Diplomat သတင်းဌာနကို ဖြေကြားရာမှာ သူက နိုင်ငံတကာ အဖွဲ့အစည်းတွေ ဆီကနေ အကူအညီတွေ ရဖို့ ကြိုးပမ်းနေတာ ရှိတယ်လို့ ပြောပါတယ်။ 

“ပြီးခဲ့တဲ့ လတွေတည်းက ကျွန်တော်တို့ ကြိုးစားနေကြတာ” လို့ သူကပြောပါတယ်။

နိုဝင်ဘာလ အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ UNDP အစီရင်ခံစာ တစ်စောင်မှာလည်း ရခိုင်ဒေသမှာ အငတ်ဘေး ကြုံရနိုင်ခြေ ရှိတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ ရခိုင်မှာ ဒေသတွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုဟာ လာမယ့်နှစ်မှာ ဒေသခံပြည်သူ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းအတွက်သာ ဖူလုံနိုင်ကြောင်း UNDP က သတိပေးထားပါတယ်။

ရသေ့တောင်မှာ ဒေသထွက်ကုန်တွေ ရောင်းချနေတဲ့ စျေးတစ်ခု။ ဓာတ်ပုံ - Rajeev Bhattacharyya

ရခိုင်ပြည်ဟာ မြန်မာနိုင်ငံထဲမှာ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဒေသမှာ နေထိုင်ကြတဲ့ ပြည်သူလူထု စုစုပေါင်းရဲ့ ၇၈ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် စံနှုန်းအောက်မှာ ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၉ ခုနှစ် အချက်အလက်တွေအရ သိရပါတယ်။ ဒီဒေသဟာ ၂၀၂၃ ခုနှစ် အလယ်လောက်မှာ မိုခါမုန်တိုင်းဒဏ်ကြောင့် အပျက်အစီး ကြီးမားခဲ့သလို ၂၀၂၃ နိုဝင်ဘာမှာလည်း စစ်ပွဲကြီး စတင်ဖြစ်ပွားပြန်ပါတယ်။ မိုခါဒဏ်ကြောင့် ရခိုင်ပြည်မှာ ကျေးရွာ ၂၀၀၀ ကျော် ပျက်စီးခဲ့ပြီး ပျက်စီးသွားတဲ့ နေအိမ် အလုံးရေ ၂၈၀,၀၀၀ ကျော် ရှိတယ်လို့ AA က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေကို စစ်ပွဲက ပိုဆိုးသွားစေပြန်ပါတယ်။ မြန်မာစစ်တပ်ဟာ လျှပ်စစ်မီးဖြတ်၊ အင်တာနက်ဖြတ်၊ တယ်လီဖုန်းလိုင်းတွေဖြတ်လိုက်ပါတယ်။ ရခိုင်မှာရှိတဲ့ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်တွေကို ပိတ်လိုက်ပါတယ်။ ပြည်သူတွေဟာ တစ်ပူပေါ် နှစ်ပူဆင့်ပြီး ဒုက္ခကြုံကြရပါတယ်။ ဘဏ်တွေပိတ်လိုက်တဲ့အတွက် မှောင်ခိုစျေးကွက် ပိုကြီးထွားသွားစေပြီး ပြည်ပကနေလည်း ငွေလွှဲလို့ မရတော့ဘူးလို့ အသေးစား ကုန်သည်တချို့နဲ့ ULA တာဝန်ခံတချို့က ပြောကြပါတယ်။ ဘဏ်တွေ ပိတ်သွားတဲ့အတွက် ဒေသခံတွေဟာလည်း ငွေလွဲငွေထုတ် ဝန်ဆောင်မှုသမားတွေဆီမှာ ၈ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကော်မရှင်ခပေးပြီး ငွေပို့ငွေယူ လုပ်ကြရပါတယ်။

အိမ်နီးချင်း နိုင်ငံတွေဆီကနေ တင်သွင်းတဲ့ ကုန်စည်တွေဟာလည်း ဒီကန့်သတ်ချက်တွေကြောင့်ပဲ စျေးနှုန်းတွေ မတန်တဆ ထိုးတက်သွားပါတော့တယ်။ ပုဏ္ဏားကျွန်းမှာဆိုရင် ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ဆန်တစ်အိတ်ကို ၂၀,၀၀၀ ရှိခဲ့ရာက ဒီနှစ် ဇွန်လမှာတော့ ၄၀,၀၀၀ ကနေ ၆၀,၀၀၀ လောက်အထိ ဖြစ်သွားပါတယ်။ ဆားတစ်ပိဿာကို ၂၀၀ ကနေ ၂၀၀၀ အထိ တက်သွားပါတယ်။ ၆၀၀ မီလီပါတဲ့ ရေသန့်အသေးတစ်ဘူးကို ၂၀၀ ပေးခဲ့ရာက အခုတော့ ၃၀၀၀ ပေးဝယ်နေရပါပြီ။

ဖြစ်နိုင်ခြေကို ခြုံငုံကြည့်ရရင်တော့ AA ဟာ ဒီစစ်ပွဲကို ဒေသတစ်ခုလုံး လွတ်မြောက်သွားတဲ့အထိ တိုက်ပွဲဝင်သွားမယ့် သဘောရှိပါတယ်။ ဒီတော့ မြန်မာစစ်တပ်ဟာလည်း ပြည်မကနေ ကုန်စည်တင်သွင်းမှုကို အကန့်အသတ်မရှိ ဆက်လက်ပိတ်ဆို့ထားဦးမှာ ဖြစ်ပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်ရင် အခက်အခဲတချို့ ပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေဟာ ထိုင်းတို့ တရုတ်တို့လောက် မြန်မာ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေနဲ့ ဆက်ဆံဖို့ စိတ်အားထက်သန်တာမျိုး ခုထိ မမြင်ရသေးကြောင်းပါ။

ရာဗီချန်ဒရာကူးမား 

The Diplomat သတင်းဝဘ်ဆိုက်မှာ ဆောင်းပါးရှင် Rajeev Bhattacharyya ရေးထားတဲ့ Smuggled Commodities From India and Bangladesh are Lifelines for Myanmar’s Arakan ကို ဆီလျော်အောင် ကောက်နုတ် ဘာသာပြန်ပါတယ်။ Rajeev Bhattacharyya ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။