တောင်ကိုရီးယားတောမီး ဆိုးရွားနေပြီး သေဆုံးသူအရေအတွက် ၁၈ ဦးအထိ မြင့်တက်

လူအသေအပျောက်ရှိနေသော တောမီးသည် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဒေသခံ ၂၇,၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အစိုးရက ပြောကြားခဲ့သည်။

By Admin 26 Mar 2025

ဓာတ်ပုံများ - AP, AFP, Reuters
ဓာတ်ပုံများ - AP, AFP, Reuters

DMG ၊ မတ် ၂၆

တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသတစ်ဝှမ်းတွင် တောမီး အကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဆယ်စုနှစ်များအတွင်း နိုင်ငံ၏အဆိုးရွားဆုံးသော တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်ရန် မီးသတ်သမား ထောင်ပေါင်းများစွာကို ဖြန့်ကျက်နေရာချထားကြောင်းနှင့် အဆိုပါ မီးသတ်သမားများကို စစ်တပ်ကလည်း အကူအညီပေးနေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူအသေအပျောက်ရှိနေသော တောမီးသည် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဒေသခံ ၂၇,၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အစိုးရက ပြောကြားခဲ့သည်။

လေပြင်းတိုက်ခတ်မှုနှင့် ခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့် နီးစပ်ရာ ပတ်ဝန်းကျင်တစ်ခုလုံးကို တောမီးကူးစက်လောင်ကျွမ်းခဲ့ပြီး စာသင်ကျောင်းများကို ပိတ်ထားရကာ အကျဉ်းထောင်များရှိ အကျဉ်းသားများကိုလည်း နေရာပြောင်းရွှေ့ရန် အာဏာပိုင်များကို ညွှန်ကြားထားပြီလည်းဖြစ်သည်။

"အဆိုးရွားဆုံး အခြေအနေတစ်ရပ်ဖြစ်နေတဲ့ တောမီးကို တုံ့ပြန်ဖို့အတွက် ကျွန်တော်တို့ဘက်ကနေ ရနိုင်သမျှ ဝန်ထမ်းတွေနဲ့ စက်ပစ္စည်းတွေကို အကုန်တပ်ဖြန့်ထားပေမယ့် အခြေအနေကတော့ မကောင်းလှပါဘူး" ဟု တောင်ကိုရီးယား ခေတ္တသမ္မတ ဟန်ဒပ်ခ်ဆူး က ပြောကြားခဲ့ပြီး တောင်ကိုရီးယားရှိ အမေရိကန်စစ်တပ်ကလည်း ပံ့ပိုးကူညီပေးနေကြောင်း ၎င်းက ထည့်သွင်းပြောကြားသွားခဲ့သည်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီ (စင်ကာပူစံတော်ချိန် နံနက် ၄ နာရီ) တွင် ယူးဆောင်းခရိုင်မှ စတင်ကာ လောင်ကျွမ်းခဲ့သောတောမီးကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ကျန်လေးဦးသေဆုံးမှုမှာ ဆန်းချောင်းခရိုင်မှ အခြားသောမီးလောင်ကျွမ်းမှုနှင့် ဆက်စပ်နေကြောင်း လူထုဘေးကင်းရေး ဝန်ကြီးဌာနက ဆိုသည်။

သေဆုံးသွားသူအများစုမှာ အသက် ၆၀ နှင့် ၇၀ ဝန်းကျင်များဖြစ်ကြသည်ဟု ဒေသခံရဲအရာရှိ ဆွန်ချန်ဟိုက ပြောကြားခဲ့သည်။

မီးငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီးနောက် လေယာဉ်မှူးလည်း သေဆုံးခဲ့ကြောင်း မီးသတ်ဌာနက AFP သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တောမီးလောင်ကျွမ်းနေသော ဒေသတွင် ဗုဒ္ဓဟူးနေ့၌ ခြောက်သွေ့သောရာသီဥတုအခြေအနေမှာ ဆက်လက်ရှိနေလိမ့်ဦးမည်ဟု မျှော်လင့်ထားကြောင်း လူထုဘေးကင်းရေး ဝန်ကြီးဌာနက ပြောကြားထားသည်။