“အာရက္ခတပ်တော် (AA)က စစ်မှုထမ်းခေါ်ယူနေတာနဲ့ပတ်သက်လို့ သူတို့အမြင်”

အာရက္ခတပ်တော်က စစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်လို့ အသေးစိတ်ကို တရားဝင်ချပြတာ မရှိသေးပါဘူး။ စစ်မှုထမ်းခေါ်ယူတဲ့အပေါ် မတူကွဲပြားတဲ့ အမြင်တွေရှိနေသလို စစ်မှုထမ်းသတ်မှတ်ချက်နဲ့ပတ်သက်လို့ မရှင်းမလင်းတာတွေလည်း ရှိနေကြပါတယ်။ အခုလို စစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်ပြီး မတူညီတဲ့အမြင်တွေကို DMG က စုစည်းဖော်ပြပေးလိုက်ပါတယ်။

31 Mar 2025

“အာရက္ခတပ်တော် (AA)က စစ်မှုထမ်းခေါ်ယူနေတာနဲ့ပတ်သက်လို့ သူတို့အမြင်”

ရခိုင်ပြည်အတွင်းက နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA)ဟာ အရွယ်ရောက်သူတိုင်း အခြေခံစစ်သင်တန်းတက်ရမယ်လို့ အမိန့်ထုတ်ပြန်လာပြီးနောက် လူထုစည်းရုံးမှုတွေကို စတင်လုပ်ဆောင်‌ လာနေပါတယ်။

အာရက္ခတပ်တော်က စစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်လို့ အသေးစိတ်ကို တရားဝင်ချပြတာ မရှိသေးပါဘူး။ စစ်မှုထမ်းခေါ်ယူတဲ့အပေါ် မတူကွဲပြားတဲ့ အမြင်တွေရှိနေသလို စစ်မှုထမ်းသတ်မှတ်ချက်နဲ့ပတ်သက်လို့ မရှင်းမလင်းတာတွေလည်း ရှိနေကြပါတယ်။

အခုလို စစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်ပြီး မတူညီတဲ့အမြင်တွေကို DMG က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ULA/AA နှင့်နီးစပ်သူ အမျိုးသားတစ်ဦး

ဥပဒေကပြဌာန်းထားပြီလို့ သိရတယ်။ လောလောဆယ်တော့ မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦးတို့မှာ စည်းရုံးရေးနဲ့ စလို့အကောင်အထည်ဖော်နေပြီ။ တချို့ကျေးရွာတွေဆိုရင်တော့ တိုက်နယ်မှူးနဲ့ ရပ်/ကျေးတို့ ပူးပေါင်းပြီး ဒီဥပဒေနဲ့ပတ်သက်ပြီး အတိအလင်းရှင်းပြတာရှိတယ်။ နေရာတိုင်းကိုတော့ မရောက်နိုင်သေးဘူးပေါ့။ အသက် ၁၈ နှစ် ပြည့်သူတိုင်းကတော့ စစ်မှုထမ်းရမယ်။ သာသနာ့ဝန်ထမ်းတွေ၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းချက် ရှိသူတွေ၊ ကူးစက်နိုင်တဲ့ (HIV/AIDS) ရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မိအို၊ ဖအိုကို ပြုစုနေသူတွေ၊ ULA/AA ဆီမှာ တာဝန်ထမ်းဆောင်နေသူတွေ၊ တခြားကင်းလွတ်ခွင့်တွေ လျော့ပေါ့ခွင့်တွေ ရှိပါသေးတယ်။
တချို့ကတော့ ကိုယ့်သဘောဆန္ဒအတိုင်း သင်တန်းတက်ချင်ကြတယ်။ တချို့ကျလည်း ဒီစစ်မှုထမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောက်လန့် တိမ်းရှောင်ချင်ကြသူတွေလည်း တွေ့ရတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး ကျနော့် အမြင်ကတော့ တစ်ပြည်ထောင်စနစ်ကို အကောင်အထည်ဖော်မှာဖြစ်တဲ့အတွက် အခုကတည်းက ဖြည်းဖြည်းချင်း အသက်သွင်းနေတာကို တွေ့ရတယ်။ နောက်တစ်ခုက ဒီကာလမှာ တိုက်တဲ့သူက တိုက်နေတဲ့အချိန် တည်ဆောက်ရေးအပိုင်းမှာ နိုင်သလောက် တာဝန်ထမ်းဆောင်နေကြတဲ့အချိန် အာရက္ခပြည်သူတွေအနေနဲ့ ဒီအပေါ်မှာ အမြင်မစောင်းစေချင်ဘူးလို့ ပြောချင်ပါတယ်။

မဝေဝေ (အမည်လွဲ) ၊ မြောက်ဦးမြို့နယ်

ဒီဥပဒေဟာ ကောင်းတဲ့ဥပဒေပြဌာန်းချက်တစ်ခု ဖြစ်တယ်လို့မြင်မိတယ်။ အခုလို ဥပဒေသတ်မှတ်လိုက်ခြင်းဖြင့် အာရက္ခတပ်တော်မှာ လူအင်အားအများကြီး ကောင်းမွန်လာမယ်လို့ ယုံတယ်။ နောက်တစ်ခုက ဒီဥပဒေကြောင့် တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စတဲ့လိုအပ်တဲ့နေရာမှာ အသုံးပြုလို့ရတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာ လူတိုင်းက ခက်ခဲကြမ်းတမ်းနေတဲ့အချိန်မှာ စစ်မှုထမ်းရမယ်ဆိုတာကြောင့် အားလုံး စိုးရိမ်ကြောက်လန့်နေကြတယ်။ စစ်မှုမထမ်းချင်ဘူး အသံတွေ အများကြီးထွက်နေကြတယ်။ အဓိကတော့ စစ်မှုထမ်းလိုက်ရင် ဘာတွေဆက်ဖြစ်မလဲ။ နောက်ဆက်တွဲကို စိတ်ပူနေကြတာ။ စစ်မှုထမ်းကာလဟာ ၂ နှစ်လည်း ဖြစ်တာကြောင့် ဒီကြားထဲ တစ်ခုခုဖြစ်သွားရင် ဘယ်လိုမျိုး တာဝန်ယူပေးမလဲပေါ့။ အကုန်လုံးကို ဝေဝေဝါးဝါး ဖြစ်နေကြတယ်။ ဒါကြောင့် အခုကစလို့ အကောင်အထည်ဖော်နေတာကြောင့် စစ်မှုထမ်းဖို့ လိုလားတဲ့သူတွေကို ပထမဆုံး ဦးစားပေးခေါ်စေချင်တယ်။
နောက်တစ်ခုက စစ်မှုထမ်းခေါ်တဲ့ အသက်အရွယ်က ၁၈ နှစ် ၄၅ နှစ်ကြား ဖြစ်တာကြောင့် အဲဒီအရွယ်ဟာ မိသားစုမှာ ဦးစီးဦးဆောင်လုပ်ဆောင်နေရတဲ့ သူတွေဖြစ်တယ်။ ဒီထဲက တစ်ယောက်ယောက်သာ စစ်မှုထမ်းပါသွားရင် ကျန်ခဲ့တဲ့မိသားစုမှာက အများကြီးခက်ခဲသွားနိုင်တယ်။ ဒါကြောင့် စစ်မှုထမ်းခေါ်တဲ့အခါ မိသားစု နောက်ခံကိုလည်း ကြည့်ဖို့လိုအပ်တယ်။ စစ်မှုထမ်းခေါ်တဲ့အခါ မဲစနစ်နဲ့ခေါ်တာလည်း ရှိတယ်လို့ သိရတယ်။ ကျမတို့ ဖြစ်စေချင်တာက ဆန္ဒရှိတဲ့သူတွေကိုအရင်ဆုံး စစ်မှုထမ်းခိုင်းလိုက်ပြီး ဖြည်းဖြည်းချင်း အကောင်အထည်ဖော်စေချင်တယ်။
နောက်တစ်ခုကတော့ လူငယ်တွေဟာ ဒီကာလမှာ ကိုယ်ဖြစ်ချင်တာကို မဖြစ်လိုက်ရ၊ ကိုယ်လုပ်ချင်တာကို မလုပ်လိုက်ရတဲ့ အခြေအနေမှာ အခုလို စစ်မှုထမ်းဥပဒေပေါ်လာတော့ လူငယ်တွေအနေနဲ့တော့ အများကြီး ထိတ်လန့်သွားကြတယ်။ ဥပဒေပြဌာန်းတာက ကောင်းပါတယ်။ ဒါပေမဲ့ ဒီကာလမှာ အတင်းအကျပ် မလုပ်စေချင်ဘူး။ စည်းရုံးရေးလုပ်ပြီး တဖြည်းဖြည်းအကောင်အထည်ဖော် ဆောင်ရွက်စေချင်ပါတယ်။

ဦးဖေသန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

သိရတာကတော့ သတ်မှတ်ထားတဲ့ အသက်အရွယ်နဲ့ စစ်မှုထမ်းဖို့ သတ်မှတ်ထားတယ်။ သူတို့ကတော့ မဖြစ်မနေ စစ်မှုထမ်းရမှာပေါ့နော်။ စစ်သင်တန်းတက်ပြီးမှ လိုအပ်ရင်လိုအပ်သလို သူတို့(ULA/AA)ဆီက တာဝန်ပေးမယ်လို့ ထင်ပါတယ်။ ချက်ချင်းတော့ မပေးသေးဘူးပေါ့။ အဓိကတော့ စစ်သင်တန်းတက်ထားရမယ်။
အဓိက ပြဌာန်းတာကတော့ အနောက်ဖက်စစ်မျက်နှာမှာ ဒေသခံတွေကို လူဆိုးအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် အားဖြည့်သွားမှာဖြစ်တယ်။ တိုက်ခိုက်ရေးထက် ကာကွယ်ရေးဖက်မှာ တာဝန်ပေးဖို့ များပါတယ်။ အဲဒီမှာ အသက် သတ်မှတ်ချက် ရှိပါတယ်။ ကင်းလွတ်ခွင့်တွေလည်း ရှိတယ်။ မိအို၊ ဖအိုရှိတဲ့ သားသမီးတွေ၊ ကလေးမိခင်တွေ၊ အာရက္ခပြည်သူ့အစိုးရဆီမှာ တာဝန်ထမ်းဆောင်နေတဲ့ မိသားစုဝင်ကိုလည်း ကင်းလွတ်ခွင့်ထည့်ထားတယ်လို့ သိရတယ်။ အခုကတော့ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတာထက် စစ်သင်တန်းတက်ပြီးမှ အမျိုးသားရေး စိတ်ဓာတ်ထက်သန်စွာ ပါဝင်လာဖို့ စည်းရုံးရေးနဲ့လုပ်သွားမယ့် အခြေအနေပါ။
အခုကတော့ အပြင်းအထန် စစ်မှုထမ်းရမယ်ဆိုတာတော့ မဟုတ်သေးဘူး။ ကိုယ့်စိတ်သဘောရှိတဲ့ သူတွေကို ဦးစားပေးအခြေအနေပါ။ ဒီလုပ်ဆောင်ချက်က ဥပဒေနဲ့ပြဌာန်းတယ်ဆိုတာထက် ပြည်သူတွေရဲ့ နှလုံးသားမှာ တိုင်းပြည်အတွက် တာဝန်ရှိတယ်။ အာရက္ခတိုင်းပြည်အတွက် တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ် ဝင်သွားအောင်လို့ပါ။ အနောက်ဖက်စစ်မျက်နှာမှာ အမြဲတမ်းခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ရှိတယ်။ ဒါတွေကို မကာကွယ်နိုင်ရင် ငါတို့တိုင်းပြည်၊ ငါတို့လူမျိုး ဆက်ပြီးကျွန်ဖြစ်မယ်။ ဒုက္ခရောက်ကြမယ်။ ဒီစစ်ပွဲကိုမနိုင်ရင် အမျိုးသားဂုဏ်သိက္ခာနဲ့ အသက်အန္တရာယ်နဲ့ အများကြီးကြုံလာနိုင်တယ်။ ဒါကြောင့် ကိုယ့်အသိစိတ်ဓာတ်နဲ့ ပြည်သူကိုချပြရင် ပိုပြီးတော့ကောင်းမယ်။

အမျိုးသမီးတစ်ဦး (ကျောက်တော်မြို့နယ်)

အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အကုန်လုံးပါဝင်တယ်လို့ သိရတယ်။ ၄၅ ရက် သင်တန်းပေးမယ် ပြီးရင်သူတို့ ချပေးတဲ့နေရာမှာ တာဝန်ထမ်းဆောင်ရမယ်။ ပြီးမှ ULA/AA ဆီမှာ တာဝန်ဆက်လက်ထမ်းချင်ရင်ထမ်း၊ မထမ်းဆောင်ချင်ရင်လည်း အဆင်ပြေတဲ့ သဘောပေါ့။ ဆိုတော့ စစ်မှုထမ်းရမယ်ဆိုရင်တော့ အကုန်လုံးက ထမ်းဆောင်ရမှာပေါ့နော်။
ဒါပေမဲ့ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ကျမတို့ အတိအလင်းသိချင်တာ။ နောက်ဆက်တွဲ အကြောင်းတွေကို သိချင်တယ်။
ဒီစစ်မှုထမ်းကာလကြားထဲမှာ အသက်အန္တရာယ်၊ ကိုယ်လက်အင်္ဂါ တစ်ခုခု ချွတ်ယွင်းသွားရင် သူတို့ တာဝန်ယူပေးမှာလား။ ဒါမှမဟုတ် ဘာလုပ်ပေးမှာလဲဆိုတဲ့ အစီအစဉ်တွေပေါ့နော်။ ဒါကြောင့် မဖြစ်မနေ စစ်မှုထမ်းရမှာကို ကျမတို့ လက်ခံပေမဲ့ ဒီဥပဒေနဲ့ပတ်သက်ပြီး အတိအလင်းကို မြေပြင်က သက်ဆိုင်သူတွေက ရှင်းရှင်းလင်းလင်း ပြောစေချင်ပါတယ်။