- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရောင်စုံ ယမကာများ ထွန်းကားလာချိန်
လက်ရှိ ထုတ်လုပ်ရောင်းချနေကြသော အရောင်အသွေးစုံလင်လှသည့် ယမကာအမျိုးမျိုးကြားမှာ သောက်သုံးသူများ ဘေးဥပါဒ်မဖြစ်စေရန်အတွက် စံချိန်မီထုတ်လုပ်ရေးမှာ အရေးကြီးကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။
22 Apr 2025

ဉာဏ်ဟိန်း - ရေးသားသည်။
၂၀၂၅ ခုနှစ် သင်္ကြန်ကာလမှာ ရခိုင်ပြည်အတွင်းက လူငယ်လူရွယ်များကြားထဲတွင် အရောင်အသွေး စုံလင်လှသည့် ယမကာများ ခေတ်စားနေသည်ကို တွေ့မြင်ခဲ့ရသည်။
ရခိုင်ပြည်အတွင်းမှာ ပြည်မနှင့် နိုင်ငံခြားထုတ် ယမကာများကို တင်သွင်းရောင်းချခွင့်၊ သောက်သုံးခွင့်များ ပိတ်လိုက်ချိန်မှာ အရောင်အသွေးစုံသော ဒေသထုတ်ယမကာများ ပေါ်လာခဲ့ခြင်းဖြစ်သည်။
အာရက္ခပြည်သူ့အစိုးရမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ပြည်မနှင့် နိုင်ငံခြားထုတ် ယမကာများကို ရခိုင်ပြည်အတွင်းမှာ ပိတ်ပင်ခဲ့သည်။ ယင်းသို့ပိတ်ပြီးနောက်တွင် ဒေသထုတ် ဂျင်းစိမ်းဝိုင်၊ တောအရက်နှင့် သစ်သီးရောစပ်ထားသည့် ကော်တေးများ ပေါ်ပေါက်လာခဲ့သည်။
“အရင်ကဆိုရင် ကော်တေးကို ဂျင်တို့နဲ့ ဖျော်တာရှိတယ်။ အခုဂျင်မရှိတော့ တောအရက်နဲ့ဖျော်တယ်။ ခပ်ပြင်းပြင်းဆိုရင် အဦးရည်နဲ့ ဖျော်တယ်။ အရင်လို ဝိုင်တွေဘာတွေမရှိတော့ ကော်တေးကို အမျိုးသမီးတွေလည်း သောက်ကြတယ်” ဟု ကျောက်တော်မြို့မှ ကော်တေးရောင်းချသည့် အမျိုးသားတစ်ဦးက ပြောသည်။
ပန်းသီးဖြင့်ဖျော်သည့် ကော်တေးတစ်ခွက်ကို ငွေကျပ် ၅,၀၀၀ နှုန်းထားရှိသည်။
မြောက်ဦးမြို့တွင်လည်း “Discovery” ဂျင်းဝိုင်နှင့် “Kam Thar Yar” ဝိုင်တို့ကို စမ်းသပ်ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူရောင်းချလျက်ရှိနေသည်။
“ဂျင်းစိမ်းရယ်၊ ဆန်အရက်၊ သကြား၊ ဆားထည့်ပေါင်းစပ်ပြီးတော့ တစ်လလောက်စမ်းကြည့်ပါတယ်။ ဂျင်းစိမ်းဖြစ်တဲ့အတွက် ပုပ်သိုးခြင်းတော့မရှိဘူး။ တာရှည်ခံဆေးတွေကိုလည်း မသုံးဘူး။” ဟု မြောက်ဦးမြို့မှ ဝိုင်ထုတ်လုပ်နေသူ ဦးမောင်မြင့်ကြည်က ပြောပြသည်။
ဝိုင်ထုတ်လုပ်ရန်အတွက် အာရက္ခပြည်သူ့အစိုးရထံမှ ထုတ်လုပ်ခွင့်လိုင်စင်ချပေးထားပြီး တရားဝင် အသိအမှတ်ပြုမှု ရရှိရန်အတွက်လည်း ခွင့်ပြုချက်လျှောက်ထားသည်ဟု ၎င်းကဆိုသည်။
ရခိုင်ဒေသထွက် ဓနိရည် (ဒေသအခေါ်- အုန်းရည်)နှင့် ထန်ရည်များမှာလည်း ပြည်မနှင့် နိုင်ငံခြားအရက်များကို ပိတ်ပင်ပြီးနောက်တွင် ယခင်ကထက် သောက်သုံးသူ များပြားလာနေသည်။
“တစ်ရက်မှာ ဓနိရည် လီတာ ၁၂၀ လောက် ရောင်းထွက်တယ်။ ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ကထက် ဈေးကောင်းရတယ်။ ရောင်းအားလည်းကောင်းတယ်” ဟု မင်းပြားမြို့နယ်မှ ဓနိရည်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခင်က ဓနိရည် တစ်လီတာကို ငွေကျပ် ၁,၅၀၀ သာ ဈေးရခဲ့သော်လည်း ယခုအခါ တစ်လီတာကို ငွေကျပ် ၃,၅၀၀ မှ ၆,၀၀၀ ကျပ်အထိ ဈေးကောင်းရရှိနေသည်။
အာရက္ခပြည်သူ့အစိုးရအနေဖြင့် ပြည်မနှင့် နိုင်ငံခြားထုတ် ယမကာများကို မည်သည့်အကြောင်းကြောင့် ပိတ်ပင်ခဲ့သည်ကို အတိအလင်းမသိရသော်လည်း စစ်ကောင်စီ၏ဝင်ငွေကို ဖြတ်တောက်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
မြန်မာစစ်တပ်သည် စီးပွားရေးလုပ်ငန်းပေါင်း ၁၅၀ ခန့်ကို ချုပ်ကိုင်ထားပြီး ယင်းမှ အကျိုးအမြတ်များစွာ ရရှိနေသည်။ ထိုလုပ်ငန်းများထဲတွင် စီးကရက်၊ အရက်မှစ၍ ဘဏ်လုပ်ငန်းနှင့် မီဒီယာလုပ်ငန်းများအထိပါ ပိုင်ဆိုင်ထားသည်။
အရက်ဘီယာ ၂၅ မျိုးထက်မနည်းကို မြန်မာစစ်တပ်က ထုတ်လုပ်ရောင်းချနေပြီး ပြည်တွင်းသာမက ပြည်ပအထိပါ တင်ပို့လျက်ရှိနေသည်။
မြန်မာစစ်တပ်ထုတ် မြန်မာဘီယာ၏ ၂၀၂၀ ခုနှစ် တစ်နှစ်စာအမြတ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်ထိ ရှိခဲ့ကြောင်း “မသုံးနဲ့” ဆိုသည့် ကမ်ပိန်းအဖွဲ့ထံမှသိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ပြည်သူလူထုက ဝိုင်းဝန်းသပိတ်မှောက်ခဲ့သဖြင့် မြန်မာဘီယာ ဈေးကွက်ဝေစုမှာ ကျဆင်းခဲ့ရပြီး ၂၀၂၁ တစ်နှစ်လုံး၏ အမြတ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅၄ သန်းရှိခဲ့သည်။
ယင်းပမာဏမှာ မြန်မာဘီယာတစ်ခုတည်းမှ စစ်ကောင်စီရရှိနေသည့် အကျိုးအမြတ်သာဖြစ်ပြီး ကျန်သည့် အရက်ဘီယာတံဆိပ်အမျိုးမျိုးကလည်း ဒေါ်လာသန်းချီ အမြတ်ရရှိနေသေးသည်။
ရခိုင်တွင်ကား ပြည်မနှင့် နိုင်ငံခြားထုတ်အရက်များ ပိတ်ပင်လိုက်ချိန်တွင် ပြည်တွင်းက ရှိရင်းစွဲ ချက်အရက် (ခေါ်) ဆန်အရက်မှာလည်း ရောင်းအားမြင့်တက်လာခဲ့သည်။
“ကျနော်ဆိုင်မှာ အခုဆိုရင် တစ်ရက်ကို လီတာ ၂၀ လောက်ရောင်းရတယ်။ အရင်တုန်းကဆိုရင် တစ်ရက်မှာ ၅ လုံးလောက်တောင် မရောင်းရဘူး”ဟု ပေါက်တောမြို့နယ် (--------) ကျေးရွာမှ အရက်ရောင်းချနေသူ အမျိုးသားတစ်ဦးက ပြောသည်။
ချက်အရက်ပြုလုပ်ရာတွင် ထမင်းနှင့် တစေးကို အဓိကအသုံးပြုကာ ပေါင်းခံထုတ်လုပ်ခြင်းဖြစ်ပြီး ပထမဆုံး ကျသည့်အရည်ကို အဦးရည်အဖြစ်ခေါ်ဆိုကြသည်။ နောက်ပိုင်းကျသည့် အရည်များကိုမူ အစပ်ရည်အဖြစ် ခေါ်ဆိုကြသည်။
လက်ရှိရခိုင်တွင် ချက်အရက် အဦးရည်တစ်လီတာကို ငွေကျပ် ၁၀,၀၀၀ နှင့် အစပ်ရည်တစ်လီတာကို ငွေကျပ် ၅,၀၀၀ ဈေးနှုန်းရှိသည်။
သို့သော် တချို့အရက်ဆိုင်များတွင် အလွယ်နည်းနှင့်ပြုလုပ်ထားသည့် အရက်များကို ရောင်းချလာကြသည်ဟု သတင်းများ ထွက်ပေါ်လာနေသည်။
ဆေးရုံ၊ ဆေးခန်းများတွင် အသုံးပြုသည့် လောင်ကျွမ်းမှုပြင်းစေသော အရက်ပြန်နှင့် ချက်အရက်ကို ရောစပ်၍ ရောင်းချလာခြင်းဖြစ်သည်။ အရက်အာနိသင် ပြင်းစေရန်အတွက် အရက်ပြန်ကို ၃ ဆ ၁ ဆ ရောစပ်ကြကြောင်း သိရသည်။ အရက်ပြန်တွင် ethanol အက်စစ် (၉၅) ရာခိုင်နှုန်းနှင့် methanol (၅) ရာခိုင်နှုန်း ပါဝင်သည်။
“အရက်မှာ ဆေးရော/မရောကို သောက်နေကျလူတိုင်းက သိတယ်။ ဥပမာ - ရိုးရိုးချက်လုပ်တဲ့ အရက်ကို သောက်ရင် မနက်အိပ်ရာကထလည်း ခေါင်းမမူးဘူး။ ဆေးရောတဲ့အရက်ကိုသောက်ရင် ခေါင်းမူးတယ်။ အသည်းတွေ၊ အဆုတ်တွေကိုထိတယ်” ဟု ကျောက်တော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ အရက်ပြန်ရောစပ်ထားသည့် အရက်များကို သောက်သုံးမှုများလာပါက ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေပြီး မျက်စိကွယ်ခြင်း၊ စိတ်ကစဉ်ကလျားဖြစ်ခြင်းနှင့် အသက်ဆုံးရှုံးသည်အထိပါ ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက မှတ်ချက်ပြုကြသည်။
“ဒီလိုရောစပ်တဲ့ အရက်တွေကို ၃ လလောက် စွဲစွဲမြဲမြဲသောက်ရင်တော့ အသည်းခြောက်ပြီးတော့ သေသွားနိုင်တယ်။ ဆေးရုံတွေမှာလည်း စွဲစွဲမြဲမြဲသောက်လို့ အသည်းခြောက်ပြီးတော့ သေသွားတဲ့ လူနာတွေရှိတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်ပြည်အတွင်း ထုတ်လုပ်ရောင်းချနေကြသည့် အရက်နှင့် ဝိုင်များကို သောက်သုံးသင့်၊ မသင့် စစ်ဆေးနိုင်ရန်အတွက် အဖွဲ့တစ်ခုဖွဲ့စည်းထားကြောင်း အာရက္ခတပ်တော်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
လက်ရှိ ထုတ်လုပ်ရောင်းချနေကြသော အရောင်အသွေးစုံလင်လှသည့် ယမကာအမျိုးမျိုးကြားမှာ သောက်သုံးသူများ ဘေးဥပါဒ်မဖြစ်စေရန်အတွက် စံချိန်မီထုတ်လုပ်ရေးမှာ အရေးကြီးကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။