- သံတွဲ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ
- ညောင်းကျိုးကို AA သိမ်းပြီးနောက် ဆင်လန်ရွာတွင် စစ်ကောင်စီ ခံစစ်ပြင်
- ငလျင်ဒဏ်အကူအညီအတွက် မြန်မာသို့ရောက်နေသည့် USAID အဖွဲ့ဝင် သုံးဦးလုံး အလုပ်ဖြုတ်ခံရ
- တစ်ကမ္ဘာလုံးကို အကူအညီ ပေးမနေနိုင်တော့ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော
- ကျောက်ဖြူတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှု ဆက်တိုက်ရှိနေ
အာဏာသိမ်းကာလ ခိုးမှု ထိပ်တန်းရောက်ရှိနေဟု ISP – Myanmar ထုတ်ပြန်
အာဏာသိမ်းကာလ စီးပွားရေးကျဆင်းခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့်အတူ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှု အကျိုးဆက်အဖြစ် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကြောင့် ခိုးဆိုးလုယက်မှု မြင့်တက်လာလျက် ရှိသည်။
24 Dec 2024

DMG ၊ ဒီဇင်ဘာ ၂၄
အာဏာသိမ်းကာလ စီးပွားရေးကျဆင်းခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့်အတူ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှု အကျိုးဆက်အဖြစ် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကြောင့် ခိုးဆိုးလုယက်မှု မြင့်တက်လာလျက် ရှိသည်။
ISP – Myanmar၏ အစီရင်ခံစာအရ ယခုနှစ် မတ်လမှ ဩဂုလအထိ မြို့နယ် ၁၁၀ အနက် ပျမ်းမျှ ၈၆ မြို့နယ် တွင် ခိုးဆိုးလုယက်မှု လစဉ်ရှိနေပြီး ဖောက်ထွင်းမှုနှင့် လုယက်မှုများမှာ လစဉ် ပျမ်းမျှ ၅၈ မြို့နယ်တွင် ဖြစ်ပွားနေကာ ယင်းအထဲ ခိုးမှုမှာ အများဆုံးဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။
“ပြည်သူတွေမှာ စားဝတ်နေရေးပြဿနာက စိန်ခေါ်မှုကြီးဖြစ်လာတယ်။ လူဦးရေများတဲ့မိသားစုတွေဆို ပိုဆိုးတယ်။ အရင်ဆို တစ်နေ့ပင်ပင်ပန်းပန်းလုပ်လို့ ဖြေရှင်းနိုင်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ အဲလိုမရတော့ဘူး။ အလုပ်လည်းရှား၊ ရတဲ့ပိုက်ဆံနဲ့ ထမင်းတစ်နပ်တောင် မလုံလောက်ဘူး။ ဒါကြောင့် ကြံရာမရဆုံး ဒီလမ်းကို ရွေးကြတာလို့မြင်တယ်။ ဒါက စစ်ကောင်စီကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးတွေဖြစ်တယ်” ဟု မြန်မာ့အရေး လေ့လာစောင့်ကြည်သူတစ်ဦးက ပြောသည်။
ယင်းအပြင် မြို့နယ် ၄၀ ထက်မနည်းတွင် လူပျောက်မှုဖြစ်ပွားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရမှု မြို့နယ် ၂၀ ထက်မနည်းတွင် ရှိခဲ့ကြောင်း ISP – Myanmar၏ လေ့လာချက်အရ သိရသည်။
စစ်တမ်းအရ အမှုအခင်းနှင့် ရာဇဝတ်မှုဖြစ်ပွားချိန်၌ စစ်ကောင်စီ လက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေးမှု ထံတွင် အများဆုံးတိုင်ကြားကြပြီး ဒုတိယအများဆုံးမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များထံ တိုင်ကြားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
ယင်းအပြင် မည်သည့်အဖွဲ့အစည်းကိုမျှ မတိုင်ကြားဘဲ အချင်းချင်းညှိနှိုင်းဖြေရှင်းမှုက တတိယအများဆုံး ဖြစ်ပြီး “ဒါဟာ ဥပဒေကြောင်းအရ မဖြေရှင်းနိုင်လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” ဟု ISP – Myanmar က ဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု လေးနှစ်နီးပါးကြာမြင့်လာပြီး ပြည်သူများမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝ အဘက်ဘက်တွင် ထိခိုက်နစ်နာနေပြီး လုံခြုံမှုကင်းမဲ့နေရသည်။