AA ထိန်းချုပ်နယ်မြေတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင် 

စားဝတ်နေရေးကျပ်တည်းနေသော ရခိုင်ဒေသအတွင်း အုပ်စုဖွဲ့ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှု စသည့် ဒုရိုက်မှုများ ပိုများလာပြီးနောက် AA က တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လာခြင်းဖြစ်သည်။

By Admin 04 Oct 2024

AA သိမ်းပိုက်နယ်မြေ တစ်ခုတွင် ကင်းစောင့်နေသော တပ်ဖွဲ့ဝင်တစ်ဦးအား ဇူလိုင်လအတွင်းက တွေ့ရစဉ်။ 
AA သိမ်းပိုက်နယ်မြေ တစ်ခုတွင် ကင်းစောင့်နေသော တပ်ဖွဲ့ဝင်တစ်ဦးအား ဇူလိုင်လအတွင်းက တွေ့ရစဉ်။ 

DMG ၊ အောက်တိုဘာ ၄

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။ 

ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု စသည့် ဒုစရိုက်မှုများ ပပျောက်ရေးအတွက် စက်တင်ဘာလကုန်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်များတွင် ကင်းလှည့်ခြင်း၊ လုံခြုံရေးဆောင်ရွက်ခြင်း စသည့်တို့ကို ပြုလုပ်လျက်ရှိသည်။ 

ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက “ညပိုင်းကျရင် ရပ်ကွက်၊ လမ်းတွေမှာ ကင်းစောင့်ပေးတယ်။ ကင်းလှည့်ပေးတယ်။ အချိန်မတော် အရက်သေစာသောက်စား မူးယစ်ပြီး သွားလာနေသူတွေကို ထိန်းသိမ်းပြီး အရေးယူတာတွေ ရှိတယ်။ အခုလိုမျိုး လုပ်ပေးနေတော့ ကျမတို့အတွက် ပိုပြီးလုံခြုံမှုရှိတယ်” ဟု ပြောသည်။ 

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ဒေသတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး ဒေသခံများမှာ အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ရင်ဆိုင်နေကြရသည်။ 

အကျိုးဆက်အဖြစ် ရခိုင်ဒေသအတွင်း အုပ်စုဖွဲ့ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှု စသည့် ဒုရိုက်မှုများ ပိုများလာပြီးနောက် AA က တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လာခြင်းဖြစ်သည်။ 

မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက “ဒါတွေက ကောင်းတဲ့လုပ်ရပ်တွေပါ။ ကျနော်တို့ ပြည်သူတွေအတွက်လည်း လုံခြုံစိတ်ချရတယ်။ နောက်ဆိုရင် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးက ပိုပြီးအားကောင်းလာနိုင်တယ်” ဟု ပြောသည်။ 

တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား တိုးမြှင့်လုပ်ဆောင်လာမှုအပေါ် ဒေသခံများက လက်ခံကြိုဆိုကြပြီး ယခုထက်ပို၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောဆိုကြသည်။

တစ်ဖက်တွင် စစ်ရေးကြားက ရခိုင်လူငယ်များမှာ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာ‌ရေး စသည့် အနာဂတ် မျှော်လင့်ချက်များ ပျောက်ဆုံးနေကြ၍ မူးယစ်ဆေးဝါးကို စိတ်ထွက်ပေါက်တစ်ခုအဖြစ် ပိုမိုသုံးစွဲလာနေကြသည်။ 

ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “စိတ်ကြွဆေးပြားတွေဆို ဈေးပေါပြီး ဝယ်ယူရတာလည်း လွယ်ကူလာတယ်။ ဒီအခြေအနေမှာ လူငယ်တွေလည်း ပိုသုံးစွဲလာတာမြင်ရတယ်။ ဒီကိစ္စတွေကို အေအေက ကိုင်တွယ်တာတော့ ရှိတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့လိုအပ်တယ်။ ဒီကိစ္စက လူငယ်တွေအနာဂတ် စိုးရိမ်စရာဖြစ်နေတယ်။ ရာဇဝတ်မှုတွေကိုလည်း မြင့်တက်လာနိုင်တယ်” ဟု ပြောသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ဒေသအတွင်း ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ကိုဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့သွားမည်ဟု AA က ဆိုထားသည်။