ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်သည်များကို ULA က ငွေကြေး ထောက်ပံ့ပေးမည်

အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်နယ်မြေများ၏ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အိမ်ထောင်သည် ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအတွက် သက်သာရှောင်ချိရေးနှင့် လူမှုဖုံလှုံရေး အဆင်ပြေစေရန် ထောက်ပံ့စရိတ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ထမ်းအသိုင်းဝိုင်းထံမှ သိရသည်။

By Admin 11 Apr 2025

ရခိုင်က ထိန်းချုပ်ဒေသတစ်ခုတွင် ဆေးဝါးကုသပေးနေသည့် AA တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦး။
ရခိုင်က ထိန်းချုပ်ဒေသတစ်ခုတွင် ဆေးဝါးကုသပေးနေသည့် AA တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦး။

DMG ၊ ဧပြီ ၁၁

အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်နယ်မြေများ၏ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အိမ်ထောင်သည် ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအတွက် သက်သာရှောင်ချိရေးနှင့် လူမှုဖုံလှုံရေး အဆင်ပြေစေရန် ထောက်ပံ့စရိတ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ထမ်းအသိုင်းဝိုင်းထံမှ သိရသည်။

မည်သည့် ဌာနကမဆို နှစ်ဦးစလုံး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းမိသားစုတစ်စုအတွက် တစ်လလျှင် အိမ်ထောင်သည် ထောက်ပံ့စရိတ် ငွေကျပ် ၁ သိန်းနှင့် ဝန်ထမ်းနှင့် အရပ်သားဖြစ်ပါက တစ်လလျှင် ငွေကျပ် ၅ သောင်း ထောက်ပံ့သွားမည် ဖြစ်သည်။

ဌာနဆိုင်ရာမှ ကျား/မ (ဝန်ထမ်း) များ အိမ်ထောင် ပြုခွင့်ကျ၍ အိမ်ထောင်ပြုလျှင် ဌာနချုပ်မှ လက်ဖွဲ့ငွေကျပ် ၁၀ သိန်း ထောက်ပံ့သွားမည်ဖြစ်ဟု သိရသည်။

ထို့အတူ ဌာနဆိုင်ရာဝန်ထမ်း ကျားနှင့် အရပ်သူ (သို့မဟုတ်) ဝန်ထမ်း (မ)နှင့် အရပ်သားတို့ အိမ်ထောင်ပြုခွင့် ကျလျှင် ဌာနချုပ်မှ လက်ဖွဲ့ငွေကျပ် ၇ သိန်း ကျပ်ကို ထောက်ပံ့သွားမည် ဖြစ်သည်။

သို့သော် မင်္ဂလာဆောင်ရန် တရားဝင် တင်ပြခြင်း မရှိ၊ မိမိ သဘောဆန္ဒအလျှောက်အပြင် ရပ်/ရွာ တရားရုံးများတွင် မင်္ဂလာဆောင် (အိမ်ထောင်ပြု) ခြင်း၊ တရားမဝင် ခိုးယူပေါင်းသင်းနေထိုင်ပြီး ကိုယ်ဝန်ရရှိသောကြောင့် မဖြစ်မနေ လက်ထပ်ထိမ်းမြားသူများနှင့် ခိုးရာလိုက်ပြေးသူများအား အိမ်ထောင်သည် ထောက်ပံ့စရိတ် ၆ လအထိ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

အမြဲတမ်းဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦး၏ တရားဝင် ဇနီးဖြစ်စေ၊ အရပ်သူဖြစ်စေ ထောက်ပံ့ငွေ လိုအပ်သည့် ကိုယ်ဝန်ဆောင်မိခင်လောင်း တစ်ဦးအတွက် ကိုယ်ဝန် ၂၀ ပတ် ပြည့်ပြီး၍ ၂၁ ပတ်အတွင်း ရောက်လျှင် တစ်လကို ထောက်ပံ့စရိတ်အဖြစ် ငွေကျပ် ၅ သောင်း ပေးသွားမည် ဖြစ်သည်။

ကျောက်တော်မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက "အစိုးရက ဝန်ထမ်းတွေအတွက်ရော၊ ကလေးအတွက်ပါ စဉ်းစားပေးတဲ့အတွက် ဒါဟာ ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလို ထောက်ပံ့ရင်တော့ ကောင်းတာပေါ့။ အရင်အစိုးရ လက်ထက်အဆက်ဆက်က ဒီလိုထောက်ပံ့မှုမျိုးတွေ မရခဲ့ဘူး။ အခုလို ULA ကို ကျနော်တို့ကတော့ ကြိုဆိုတယ် " ဟု ပြောသည်။

ထို့အပြင် ကလေးမမွေးမီ လိုအပ်သည့် ပစ္စည်များ ဝယ်ယူရန် ထောက်ပံ့စရိတ် ၂ သိန်းခွဲကျပ်၊ ကလေးမွေးဖွားပြီး လိုအပ်သည့် ပစ္စည်းများ ဝယ်ယူနိုင်ရန် ထောက်ပံ့စရိတ် ငွေကျပ် ၂ သိန်းခွဲ၊ ကလေးမွေးဖွားချိန်မှ စ၍ အသက် ၅ နှစ် ပြည့်သည်အထိ အာဟာပြည့်ဝစွာ ကျွေးမွေးနိုင်ရေးနှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် ကလေးတစ်ယောက်အတွက် တစ်လလျှင် ထောက်ပံ့စရိတ် ၁ သိန်းကျပ်အထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုနည်းအတူ ကလေးအသက် ၆ နှစ်မှ အသက် ၁၀ နှစ်ပြည့်သည့်အထိ အာဟာပြည့်ဝစွာ ကျွေးမွေးနိုင်ရေးနှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် ကလေးတစ်ယောက်အတွက် တစ်လလျှင် ထောက်ပံ့စရိတ် ၅ သောင်း ကျပ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ရပ်မှာ အစိုးရတစ်ရပ်အနေဖြင့် တာဝန်ခံယူမှု၊ တာဝန်ခံမှုရှိကြောင်း ပြသရာရောက်ပြီး ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးခိုင်ကောင်းစံ က ပြောသည်။

" အာရက္ခပြည်သူ့အစိုးရအဖွဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ဌာနတွေမှာ ငွေကြေးထောက်ပံ့မယ်ဆိုတာက အစိုးရတစ်ရပ်မှာ တာဝန်ခံမှုရှိတဲ့ အရာကို ပွင့်လင်းစွာ ဖော်ပြတာ ဖြစ်တယ်။ ဒီလိုလုပ်ဆောင်တဲ့အချိန်မှာ တိုင်းပြည်ရဲ့ တည်ဆောက်ဆဲ ကာလကို သွားနေတဲ့အချိန်မှာ ဒီလိုမျိုး ပံ့ပိုးမှုတွေက အရမ်းကို အရေးကြီးတယ်။ ဒီလိုလုပ်ဆောင်တဲ့အားဖြင့် အာရက္ခပြည်သူ့အစိုးရအနေနဲ့ ရေရှည်သွားနိုင်မယ့် ကောင်းမွန်တဲ့လုပ်ရပ် ဖြစ်တယ် " ဟု ၎င်းက ပြောသည်။

လက်ရှိ အာရက္ခတပ်တော်သည် မြို့နယ် ၁၅ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လုပ်ငန်းကို ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ဖြင့် လည်ပတ်နေသည်။

ယင်းဌာနများတွင် ယခင်က ရှိနှင့်ပြီးသား ဝန်ထမ်းများရှိသလို အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းများလည်း ရှိနေပြီး ယခင်ကာလများက စေတနာ့ဝန်ထမ်းအဖြစ်နှင့် တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်ပြီး လစမရကြပေ။

အခြားတစ်ဖက်တွင်လည်း စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။