တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ

အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ (APRG) မှတစ်ဆင့် AA သည် တရားစီရင်ရေးမှသည် ပြည်သူ့ကျန်းမာရေးအထိ အဓိကကျသည့် ကဏ္ဍများကို စီမံအုပ်ချုပ်သည်။ ဤသည်က ကွန်ဖက်ဒရိတ်အဆင့်ဖြင့် ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို မျှော်မှန်းထားသည့် AA ၏ ရည်မှန်းချက်ကို အချက်ပြနေခြင်းလည်း ဖြစ်သည်။

By Admin 14 Mar 2025

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - X
အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - X

အာရက္ခတပ်တော် (AA) သည် အဖွဲ့စတင်ထူထောင်ပြီးနောက် ၁၅ နှစ်သာ ရှိသေးသည့်အချိန်၌ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်တွင် မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီဖြစ်သည်။ ရခိုင်ဒေသ၏ ၉၀ ရာခိုင်နှုန်းကျော်ကို AA ထိန်းချုပ်ထားပြီဖြစ်ကာ ဤအထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၂၇၁ ကီလိုမီတာ ထိစပ်နေသည့် နယ်စပ်ဧရိယာ တစ်ခွင်လုံးလည်း ပါဝင်သည်။

ဤထိုးစစ်များအနက် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်းလည်း ပါဝင်သည်။ အမ်းနပခကို သိမ်းပိုက်နိုင်သည့်အတွက် AA ၏ စစ်ရေးနှင့် အုပ်ချုပ်ရေး လွှမ်းမိုးမှုကို ပိုမိုခိုင်မာစေခဲ့သည်။

အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ (APRG) မှတစ်ဆင့် AA သည် တရားစီရင်ရေးမှသည် ပြည်သူ့ကျန်းမာရေးအထိ အဓိကကျသည့် ကဏ္ဍများကို စီမံအုပ်ချုပ်သည်။ ဤသည်က ကွန်ဖက်ဒရိတ်အဆင့်ဖြင့် ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို မျှော်မှန်းထားသည့် AA ၏ ရည်မှန်းချက်ကို အချက်ပြနေခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်၏ ဗျူဟာမြောက် တည်နေရာ၊ သဘာဝသံဇာတများ၊ တရုတ်ကျောထောက်နောက်ခံ ပြုထားသည့် အခြေခံအဆောက်အဦနှင့် နီးကပ်စွာ တည်ရှိမှုတို့နှင့်အတူ AA အင်အားကောင်းလာခြင်းသည် ဒေသတစ်ခုလုံး၏ ပထဝီနိုင်ငံရေးနှင့် လုံခြုံရေး ဒိုင်းနမစ်များကို ပြန်လည်ပုံဖော်လျက်ရှိသည်။ ဤသည်က အခွင့်အလမ်းများသာမက ဆွေးနွေးညှိနှိုင်းရေး စိန်ခေါ်ချက်များနှင့် မတည်ငြိမ်မှုများကိုပါ ဖြစ်ပေါ်စေသည်။

အာရက္ခတပ်တော် အင်အားကောင်းလာပြီး ရခိုင်တွင် အာဏာပိုင်အဆင့်အထိ ရောက်ရှိလာခြင်း

AA သည် ခံနိုင်ရည် အားကောင်းမှုနှင့် မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်စွမ်း ရှိမှုကို မှတ်သားလောက်ဖွယ်ရာ ပြသနိုင်ခဲ့ပြီး ရခိုင်ပြည် နေရာအများစုတွင် အာဏာပိုင် အုပ်ချုပ်မှုတစ်ရပ် ထူထောင်ထားနိုင်သည်။ APRG သည် ရှေ့ပိုင်းတွင် ဗဟိုအစိုးရက ထိန်းချုပ်ထားခဲ့သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုများ အပါအဝင် အခန်းကဏ္ဍများကို ဝင်ရောက် တာဝန်ယူထားပြီး တရားဝင်အသိအမှတ်ပြုမှု ရရှိရေးအတွက် ကြိုးပမ်းနေသည်။

AA က နယ်မြေချဲ့ထွင်မှုများ မြန်မြန်ဆန်ဆန် ပြုလုပ်လာခြင်းသည် မြန်မာစစ်တပ်နှင့် တင်းမာမှုကို ပိုဆိုးလာစေသည်။ အာဏာ ဆက်လက်ကိုင်စွဲနိုင်ရေးအတွက် ကြိုးပမ်းနေသည့် မြန်မာစစ်ကောင်စီသည် ရခိုင်ပြည်တွင် အကွဲအပြဲများ ပေါ်ထွက်လာအောင် မွတ်ဆလင် တိုက်ခိုက်ရေးသမားများကိုလည်း စည်းရုံးသိမ်းသွင်းထားသည်။

ဤမွတ်ဆလင် အဖွဲ့များတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် ARSA နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO ကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်သည်။ အဆိုပါလုပ်ရပ်များသည် လူများစု ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများနှင့် လူနည်းစု မွတ်ဆလင်များအကြားက ရေပူစည်းကို ပိုမိုနက်ရှိုင်းစေသည်။ မယုံကြည်မှုများ ပိုဆိုးဝါးစေသလို အကြမ်းဖက်မှု သံသရာကိုလည်း ဆက်ရှိနေစေသည်။

AA သည် လူတိုင်း အကျုံးဝင်သည့် မျှော်မှန်းချက်တစ်ရပ်ကို APRG ၏ အုပ်ချုပ်ရေးမူဘောင် မှတစ်ဆင့် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသထားသည်။ တချိန်တည်း၌ မွတ်ဆလင်များ အပါအဝင် ဘေးဖယ်ခံ အသိုင်းအဝိုင်းများနှင့် ယုံကြည်မှု တည်ဆောက်ရေးကမူ စိန်ခေါ်ချက်တစ်ရပ်အဖြစ် ရှိနေသေးသည်။

AA ၏ ဆွေးနွေးညှိနှိုင်းမှုများ စီစဉ်ဆောင်ရွက်နိုင်စွမ်းနှင့် လူတန်းစေ့အကျုံးဝင်သည့် အုပ်ချုပ်ရေး အကောင်အထည်ဖော်နိုင်စွမ်းက ရခိုင်ပြည်တွင် ရေရှည်ခိုင်မြဲသော တည်ငြိမ်မှု ရရှိအောင် စွမ်းဆောင်ရာ၌ တပ်တော်၏ အောင်မြင်မှုကို အဆုံးအဖြတ်ပေးသွားမည် ဖြစ်သည်။

လုံခြုံရေး အစီအစဉ်သစ်များဖြင့် တရုတ်၏ ခြေလှမ်းချဲ့ထွင်မှု

ရခိုင်ပြည်၏ သဘာဝသယံဇာတ ကြွယ်ဝမှုနှင့် ဘင်္ဂလားပင်လယ်အော်တလျှောက် မဟာဗျူဟာမြောက် တည်ရှိမှုတို့သည် တရုတ်၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းအတွက် အခရာကျလျက်ရှိသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ရွှေဂတ်စ်ပိုက်လိုင်း ကဲ့သို့ အဓိကကျသည့် စီမံကိန်းများသည် ဤဒေသတွင် ဘေဂျင်း၏ စီးပွားရေး ရည်ရွယ်ချက်များနှင့် ပထဝီနိုင်ငံရေး ဦးစားပေးမှုများကို နမူနာပြနေခြင်း ဖြစ်သည်။

ဤစီမံကိန်းများသည် တရုတ်အတွက် အရေးပါသည့် စွမ်းအင်လမ်းကြောင်းများကို လုံခြုံမှုပေးရုံသာ မဟုတ်ဘဲ အိန္ဒိယသမုဒ္ဒရာသို့ပါ အဆင်ပြေပြေ လက်လှမ်းမီစေသည် ဖြစ်ရာ ဘေဂျင်း၏ ပိုမိုကျယ်ပြန့်သည့် ဒေသတွင်း မဟာဗျူဟာတွင် ရခိုင်ပြည်သည် အဓိကဆုံချက် တစ်ခု ဖြစ်နေစေသည်။

မြန်မာပြည်တွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကြား၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ပိုပို၍ ထိလွယ်ရှလွယ် ဖြစ်လာသည်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်းတွင် စစ်တပ်ဆန့်ကျင်ရေး အင်အားစုများသည် တရုတ်ပံ့ပိုးထားသည့် စီမံကိန်း ၃၄ ခုအနက် ၂၃ ခုကို ထိန်းချုပ်ထားသည်။ အဓိကရိုက်ခတ်မှုရှိသည့် ဧရိယာများ၌ ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် နိုင်ငံအလယ်ပိုင်း ဒေသများပါဝင်သည်။

သို့သော်လည်း ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် တရုတ်စီမံကိန်းများကို တိုက်ရိုက် ပစ်မှတ်ထားခြင်းကို ရှောင်ကြသည်။ မည်သို့ပင်ဆိုစေ မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက စစ်ကောင်စီ ဖွဲ့စည်းပေးထားသည့် ပျူစောထီး လက်နက်ကိုင်များက တိုက်ခိုက်ခဲ့သည်ဟု သတင်းများတွင် ရေးသားကြသည်များရှိသည်။ ဤသည်မှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၇၀ အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်သည်။

ဆိုခဲ့ပါ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးနိုင်ရေးအတွက် တရုတ်သည် ပူးတွဲလုံခြုံရေး ကုမ္ပဏီတစ်ခု ထူထောင်ရန် မြန်မာစစ်ကောင်စီနှင့် လက်တွဲ ဆောင်ရွက်နေသည်။ စစ်ကောင်စီသည် နှစ်ဘက်သဘောတူ နားလည်မှုစာချွန်လွှာ မူကြမ်းတစ်ရပ် အကောင်အထည် ဖော်နိုင်ရေးအတွက် လက်နက်နှင့် လုံခြုံရေး ပစ္စည်းကိရိယာများ ပေးပို့ခြင်းကဲ့သို့ ထောက်ပို့အလားအလာများကို သုံးသပ်လျက်ရှိသည်။ တစ်ချိန်တည်း၌ ဤအစီအစဉ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းမျိုး မဖြစ်စေအောင်လည်း စစ်ကောင်စီက သတိထားနေသည်။

တရုတ်သည် မြေပြင်ထိန်းချုပ်မှုနှင့် လုံခြုံရေးအပိုင်းတွင် စစ်ကောင်စီ၏ စွမ်းရည်ကို ယုံကြည်မှု မရှိကြောင်း ဤမူကြမ်းက ညွှန်ပြနေသည်။ ပြည်ပလုံခြုံရေး အဖွဲ့အစည်းများ ရှိနေခြင်းသည် ရခိုင်တွင် အတော်အတန် သြဇာလွမ်းခြုံထားပြီ ဖြစ်သော AA အပါအဝင် ဒေသခံ လက်နက်ကိုင် အုပ်စုများကို ဆွပေးသလို ရှိနေမည် ဖြစ်ရာ ဤခြေလှမ်းက ဒေသတွင်း အခင်းအကျင်းကို ပိုမိုရှုပ်ထွေးသွားစေနိုင်ခြေလည်း ရှိနေသည်။

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့စီးပွားရေးအတွက် အသက်သွေးကြော ဖြစ်သည်။ တချိန်တည်း၌ မြန်မာစစ်ကောင်စီနှင့် လိုသည်ထက်ပိုမို ပူးပေါင်းခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအပါအဝင် သက်ဆိုင်ရာ အင်အားစုများကို ပိုမိုစိမ်းကားသွားစေမည့် အန္တရာယ် ရှိသည်။ ဘေဂျင်းအနေဖြင့် ရခိုင်ဒေသတွင် ရှိနှင့်ပြီး ပဋိပက္ခများကို ပိုဆိုးမသွားစေဘဲ ခြေကုပ်ယူထားနိုင်ရေးအတွက် ဆိုလျှင် ဤတင်းမာမှုများကို ပဲ့ကိုင်ထိန်းကျောင်းရန် အထူးလိုအပ်သည်။

သပွတ်အူပဋိပက္ခ၏ အတိမ်အနက်

အာရက္ခတပ်တော်နှင့် မွတ်ဆလင်အုပ်စုများအကြား ဆက်ဆံရေးသည် နက်ရှိုင်းစွာ တည်ရှိနေသည့် မယုံကြည်မှုနှင့် သမိုင်းစဉ်ဆက် မကျေနပ်မှုများအပေါ် အရင်းတည်သည်။ လူမျိုးစုအမျိုးသားရေးဝါဒ (Ethno-nationalism) အရ မွတ်ဆလင်များသည် ဘေးဖယ်ခံရလေ့ရှိသည်။

AA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကလည်း နှစ်ဘက်ဆက်ဆံရေးကို ပိုမိုတင်းမာစေသည်။ ဤတင်းမာမှုများသည် ရခိုင်ဒေသတွင် ငြိမ်းချမ်းရေး တည်မြဲအောင် ကြံဆောင်ရာ၌ ဖြုံလောက်သည့် အဟန့်အတားတစ်ရပ် ဖြစ်သည်။ ပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အလမ်းများကတော့ ရှိနေပါသည်။

ရခိုင်တွင် လူတန်းစေ့ အကျုံးဝင်ရေးနှင့် ပတ်သက်ပြီး မကြာသေးခင်က AA ၏ ထုတ်ပြန်ချက်များ၊ နိုင်ငံရေး ဆွေးနွေးမှုအတွက် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားချက်များသည် ၎င်း၏ ချဉ်းကပ်မှုတွင် အလားအလာ ကောင်းမွန်သည့် အရွေ့တစ်ရပ် ရှိသည်ကို ပြသနေသည်။ ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ဖြေရှင်းခြင်း၊ အစိုးရဖွဲ့စည်းပုံအတွင်း မွတ်ဆလင်များကို တန်းတူညီမျှ ထည့်သွင်းပေးရန် အာမခံခြင်း၊ အပြန်အလှန် လေးစားသမှုရှိခြင်း အစရှိသည့် ခိုင်မာသော ခြေလှမ်းများ လိုအပ်သည်။

ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသည် လက်နက်ကိုင်အုပ်စုများအတွက် လူသစ်စုဆောင်းရာ စားကျက်ကြီး ဖြစ်နေသည့်အတွက်လည်း ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေလျက်ရှိသည်။ အတင်းအဓမ္မ စစ်သားစုဆောင်းမှု သတင်းများနှင့် နိုင်ငံသားဖြစ်ရေး ကတိကဝတ်များက မွတ်ဆလင် ထောင်ပေါင်းများစွာကို မြန်မာစစ်တပ် လက်အောက်သို့ ဝင်ရောက်သွားစေသည်။

လက်နက်ကိုင်အုပ်စုများ၏ အမြတ်ထုတ်မှုများမှ အကာအကွယ်ပေးနိုင်ရေးအတွက် ပစ်မှတ်ထားပြီး ဝင်ရောက်စွက်ဖက်မှုများ (Targeted Interventions)၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကူညီပံ့ပိုးသည့် လုပ်ဆောင်ချက်များ အရေးပေါ် လိုအပ်နေကြောင်းကို ဤဖြစ်ရပ်များက မီးမောင်းထိုးပြနေသည်။

AA က ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရခိုင်ပြည်တွင် မွတ်ဆလင်များကိုပါ ထည့်သွင်းမည့် ဆန္ဒသဘောထား တစ်ရပ် ဖော်ပြထားသည့် တစ်ချိန်တည်း၌ အပြောထက်ကျော်လွန်ပြီး နောက်ဆက်တွဲ လုပ်ဆောင်ချက်ပါ လိုအပ်မည် ဖြစ်သည်။ မွတ်ဆလင်အသိုင်းအဝိုင်းများကို အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာ ပေါင်းစည်းထည့်သွင်းမှုနှင့် တန်းတူညီမျှ ဖွံ့ဖြိုးရေးကို အလေးထားမှုတို့ဖြင့် ယုံကြည်မှုနှင့် အတူယှဉ်တွဲ နေထိုင်မှုတို့အတွက် အခြေခံအုတ်မြစ်များ တည်ဆောင်ပေးနိုင်မည် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း ဤအကွဲအပြဲကို တံတားထိုးရာ၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။ AA ၊ မွတ်ဆလင်ခေါင်းဆောင်များနှင့် အခြား သက်ဆိုင်သူများအကြား စကားဝိုင်း ဆွေးနွေးမှုများ စီစဉ်ပေးခြင်းက ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ်ကို ကူညီဖန်တီးပေးနိုင်မည် ဖြစ်သည်။

အဓိပ္ပာယ်ရှိသည့် ရလဒ်များ ထွက်လာရေးအတွက် ဤကြိုးပမ်းမှုများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုက ပင်မကျောရိုးအဖြစ် ပါဝင်ရမည် ဖြစ်သည်။ မတူကွဲပြားသည့် အသံများ ပါဝင်ပေါင်းစည်းထားသည့် အုပ်ချုပ်ရေး မိုဒယ်တစ်ရပ်ဖြင့် ရခိုင်ပြည်၏ ရေရှည် တည်ငြိမ်ရေးအတွက် အခြေခံမူဘောင်များ ချမှတ်နိုင်မည် ဖြစ်သည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်၏ ဗျူဟာမြောက် အခန်းကဏ္ဍ

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် တို့သည် ရခိုင်ပြည်နှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြရာ ဤဒေသ၏ အနာဂတ်ကို ပုံဖော်ရာ၌ အရေးပါသော နေရာတွင် ရှိနေသည်။ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကဲ့သို့ အိန္ဒိယ၏ မဟာဗျူဟာမြောက် ခြေလှမ်းများသည် နိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် အရှေ့တောင်အာရှအကြား ချိတ်ဆက်မှုကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

AA က ထိန်းချုပ်နယ်မြေများ ရှိလာခြင်းသည် နယူးဒေလီအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်း နှစ်မျိုးလုံး ဆောင်ကြဉ်းလာသည်။ AA နှင့် တိုက်ရိုက်ဆက်ဆံခြင်းသည် အိန္ဒိယအဖို့ အခြေခံအဆောက်အဦ စီမံကိန်းများကို လုံခြုံမှု ပေးနိုင်မည် ဖြစ်သလို ဒေသတွင်း ကုန်သွယ်ရေးကိုလည်း အားပေးမြှင့်တင်နိုင်မည်။

လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ် ပေးနိုင်မည်သာမက ရခိုင်အပေါ်တွင်လည်း သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းနိုင်သည်။ ထို့အပြင် ဒေသတွင်း၌ တရုတ်၏ ခြေလှမ်းများ ပိုမိုစိတ်လာခြင်းအပေါ်တွင်လည်း တန်ပြန်ထိန်းညှိသည့် သဘောလည်း သက်ရောက်နိုင်သည်။

ဘင်္ဂလားဒေ့ရှ်အတွက် ဆိုလျှင် လက်ရှိ မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းသည် ခေါင်းပူနေရသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားရသည့်အတွက် ဒါကာ၏ အရင်းအမြစ်များ ဝန်ပိနေပြီဖြစ်သလို ပြည်တွင်း တင်းမာမှုများလည်း ပိုမြင့်တက်လာနေသည်။

AA အပေါ် ပိုမို၍ ဆုတ်သာတက်သာရှိသည့် ချဉ်းကပ်မှုပုံစံ တစ်ရပ် ကျင့်သုံးခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်သည် စာနာမှု အကူအညီပေးရေး ကော်ရစ်ဒါများ ထူထောင်ခြင်း၊ နယ်စပ်ဖြတ်ကျော် လုံခြုံရေး ကိစ္စရပ်များ ဖြေရှင်းခြင်းမျိုးကဲ့သို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းသစ်များ ကြံဆနိုင်မည် ဖြစ်သည်။ AA နှင့် ဆွေးနွေးညှိနှိုင်းခြင်းသည် မွတ်ဆလင်ဒုက္ခသည်များ ဂုဏ်သိက္ခာနှင့်အညီ နေရပ်ပြန်နိုင်ရေးအတွက် ဆွေးနွေးမှုလမ်းကြောင်းလည်း ပွင့်သွားနိုင်သည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးသည် AA ၏ အာဏာပိုင်ဆိုင်မှုကို အသိအမှတ်ပြုပြီး ရခိုင်ပြည်တွင် အဓိကကျသူ အဖြစ် ထိတွေ့ဆက်ဆံသင့်သည်။ ဤကဲ့သို့သော ချဉ်းကပ်မှုက တည်ငြိမ်မှုကို အားဖြည့်ပေးမည် ဖြစ်သလို ဒေသတွင်း အပြန်အလှန် အကျိုးစီးပွားကိုလည်း မြှင့်တင်နိုင်မည် ဖြစ်သည်။

ဘာတွေ ဆောင်ရွက်လို့ ရနိုင်လဲ

ရခိုင်ပြည်တွင် ရေရှည်ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသို့ သွားရာလမ်းကြောင်းအတွက် ရှုထောင့်စုံ မဟာဗျူဟာတစ်ရပ် လိုအပ်သည်။ ဤမဟာဗျူဟာက အုပ်ချုပ်ရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် စာနာမှုအကူအညီ ပေးအပ်ရေးတို့ကို ဦးစားပေးရမည် ဖြစ်သည်။ အဓိက အဆင့်များတွင် အောက်ပါ အချက်များလည်း ပါဝင်သည်။

၁။ လူတိုင်း အကျုံးဝင်သည့် အုပ်ချုပ်ရေးတစ်ရပ် ထူထောင်ခြင်း။ AA အနေဖြင့် လူတိုင်းအကျုံးဝင်သည့် ခေါင်းဆောင်မှုအတွက် ၎င်း၏ စွမ်းရည်ကို သရုပ်ပြရန်အတွက် စစ်ရေးအောင်မြင်မှုများထက် ကျော်လွန်၍ လှုပ်ရှားဆောင်ရွက်သင့်သည်။ ၎င်းတို့အနက် အထူးအားဖြင့် မွတ်ဆလင်အသိုက်အဝန်း အပါအဝင် အသိုက်အဝန်းအားလုံး၏ အခွင့်အရေးများကို အကာအကွယ်ပေးခြင်း၊ ရခိုင်ပြည်ရှိ မတူကွဲပြားချက်များကို ထင်ဟပ်သည့် သာတူညီမျှ အုပ်ချုပ်ရေး ဖွဲ့စည်းမှုပုံစံများ ဖန်တီးခြင်းတို့ ပါဝင်သည်။

၂။ အပြုသဘောဆောင်သော ဆွေးနွေးမှုများ အားပေးမြှင့်တင်ခြင်း။ AA ၊ မွတ်ဆလင်အုပ်စုများ၊ အခြား ဆက်စပ်ပတ်သက်သူများ စသည်တို့အကြား နိုင်ငံတကာက ပံ့ပိုးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုများသည် ယုံကြည်မှုတည်ဆောက်ရေးနှင့် သမိုင်းစဉ်ဆက် မကျေနပ်ချက်များကို ဖြေရှင်းပေးရေးအတွက် မရှိမဖြစ် လိုအပ်သည်။ ဤကြိုးပမ်းအားထုတ်မှုများသည် ပွင့်လင်းမြင်သာမှု ရှိရမည်။ တာဝန်ယူမှုကို အာမခံပေးနိုင်သည့် ဖြစ်ထွန်းတိုးတက်မှု ရှိသော လုပ်ထုံးလုပ်နည်းများဖြင့် ကူညီပံ့ပိုးပေးရမည်လည်း ဖြစ်သည်။

၃။ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် အားယူခြင်း။ တရုတ်၊ အိန္ဒိယနှင့် အခြားသော သက်ဆိုင်သူများအနေဖြင့် ၎င်းတို့၏ စီမံကိန်းများသည် ရခိုင်အသိုင်းအဝိုင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ကူညီပေးမည် ဖြစ်ကြောင်း အာမခံပေးရမည် ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံ အဆောက်အဦ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စိတ်ရင်းစေတနာကောင်းများ ပိုမိုထွက်ပေါ်လာစေနိုင်သလို ပဋိပက္ခကို မောင်းနှင်နေသည့် နောက်ကွယ်မှ အကြောင်းရင်းများကိုလည်း လျော့ပါး သက်သာစေမည် ဖြစ်သည်။

၄။ စာနာမှုအကူအညီ တိုးမြှင့်ပေးအပ်ခြင်း။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ အပါအဝင် ဒေသတွင်း သက်ဆိုင်သူများသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် နယ်စပ်ဖြတ်ကျော် အကူအညီများ ကူညီပံ့ပိုးသင့်သည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ချက်များသည် အသက်မွေးဝမ်းကျောင်း ဘဝများကို ပြန်လည်တည်ဆောက်ရာတွင် ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်သလို ဒုက္ခဆင်းရဲများကိုလည်း လျော့ပါးသက်သာစေမည် ဖြစ်သည်။

ရခိုင်ဒေသ၏ စိန်ခေါ်မှုများသည် အလွန်ကြီးမားသည် ဆိုသော်ငြား ကျော်လွှားရန် မဖြစ်နိုင်သည်တော့ မဟုတ်ပါပေ။ အားလုံးအကျုံးဝင်သည့် အုပ်ချုပ်ရေး၊ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်မြဲသည့် နိုင်ငံတကာအကူအညီ တို့မှတစ်ဆင့် ဤဒေသအနေဖြင့် ပဋိပက္ခမှသည် တည်ငြိမ်မှုဆီ အသွင်ကူးပြောင်းနိုင်သည်။ သမိုင်းဝင် မကျေနပ်ချက်များကို ဖြေရှင်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတို့ဖြင့် ရခိုင်ပြည်သည် ပြဿနာနယ်မြေထဲတွင် ခံနိုင်ရည်ရှိမှုနှင့် ရှင်သန်တိုးတက်မှု၏ မော်ဒယ်တစ်ရပ် ဖြစ်လာမည့် အလားအလာ ရှိနေပေသည်။

ရာဗီချန်ဒရာကူးမား

Pacific Forum ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် The Arakan Army's triumph and the Rakhine state's governance challenges by Aung Thura Ko Ko ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ မူရင်းဆောင်းပါးရှင် အောင်သူရကိုကိုသည် ပစိဖိတ်ဖိုရမ်တွင် သုတေသီတစ်ဦး ဖြစ်ပြီး အောက်စဖို့တက္ကသိုလ်မှ ပြည်သူ့မူဝါဒရေးရာ မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။