- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
"ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမြင့်ကျွန်းရွာသားများ ဘယ်လို ဖမ်းဆီးခံခဲ့ရလဲ။ စစ်ကောင်စီက အမြင့်ကျွန်းရွာမှာ ဘာတွေလုပ်ဆောင်ခဲ့လဲ။ အိမ်ထောင်ဦးစီးမရှိသည့် အမျိုးသမီးများက ဘယ်လိုဖြတ်သန်းနေကြလဲဆိုသည်များနှင့် ပတ်သက်၍ ဦးမောင်အေးသန်း၏ ဇနီးဒေါ်သန်းခင်နှင့် ဆက်သွယ်မေးမြန်းထားသည်ကို တင်ဆက်ပေးလိုက်သည်။
11 Apr 2025

DMG ၊ အင်တာဗျုး
စစ်တွေမြို့အဝင်ရှိ အမြင့်ကျွန်းရွာကို ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး ရွာကို ဝိုင်းပတ်ပိတ်ဆို့ကာ ကျေးရွာသား ၅၀ ခန့်ကို ဖမ်းဆီးခဲ့သည်။
ယင်းနောက် စစ်တွေမြို့တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးမောင်အေးသန်း အပါအဝင် ၈ ဦးကို ဆက်လက် ဖမ်းဆီးထားခဲ့သည်။
လက်ရှိ အမြင့်ကျွန်းရွာသား ၈ ဦးမှာ ၁၀ လခန့်ကြာမြင့်လာပြီဖြစ်သော်လည်း လွတ်မြောက်လာခြင်း မရှိသေး သလို မိသားစုဝင်များနှင့်လည်း အဆက်အသွယ် ပြတ်နေသည်။
အမြင့်ကျွန်းရွာသားများ ဘယ်လို ဖမ်းဆီးခံခဲ့ရလဲ။ စစ်ကောင်စီက အမြင့်ကျွန်းရွာမှာ ဘာတွေလုပ်ဆောင်ခဲ့လဲ။ အိမ်ထောင်ဦးစီးမရှိသည့် အမျိုးသမီးများက ဘယ်လိုဖြတ်သန်းနေကြလဲဆိုသည်များနှင့် ပတ်သက်၍ ဦးမောင်အေးသန်း၏ ဇနီးဒေါ်သန်းခင်နှင့် ဆက်သွယ်မေးမြန်းထားသည်ကို တင်ဆက်ပေးလိုက်သည်။
DMG - ပထမဆုံးအနေနဲ့ အဲဒီနေ့က ရွာမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ၊ ရွာသားတွေ ဘယ်လိုပုံစံဖမ်းဆီးခံခဲ့ရလဲ ဆိုတာ ပြောပြပေးပါ။
ပထမဆုံးကျမတို့ကို ခေါ်တယ်။ ပြီးတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ခွဲတယ်။ ကလေးတွေပါ အပါဝင် ကျမတို့ကို မနက် ၁၀ နာရီကစလို့ ခေါ်ထုတ်ခဲ့တာ ညနေ ၆နာရီမှ ပြတ်လွှတ်လိုက်တယ်။ အဲဒီအချိန် ထမင်းတွေလည်း မချက်ရသေးဘူး။ လူတွေကတော့ ပြောတယ် အမျိုးသားတွေကို ကားနဲ့ ခေါ်ယူသွားပြီ ဆိုတာ။ ကျမတို့က အဲဒီအချိန် မယုံသေးဘူး။ တချို့ကတော့ အဲဒီသတင်းကို ကြားပြီးတော့ ငိုကြတာရှိတယ်။ ကျမတို့ကို ထွက်ခွင့်မပြုဘူး။ သူတို့ (စစ်ကောင်စီ) တပ်တွေ ဝိုင်းထားတယ်။ သူတို့ (စစ်ကောင်စီ)ကတော့ ပြောတယ်။ အမျိုးသားတွေ အိမ်မှာရှိတယ်။ ဘာမှ မဖြစ်ဘူးဆိုပြီးသူတို့ ( စစ်ကောင်စီ) တပ်သားတွေကတော့ပြောတယ်။ ဒါပေမဲ့ ကျမတို့က မယုံဘူး။ သွားကြည့်ချင်ပေမဲ့ သူတို့ ( စစ်ကောင်စီ) တပ်သားတွေက ဝိုင်းထားတော့ ကျမတို့ သွားလို့မရဘူး။
အဲဒီအချိန် ကျမတို့ကို ဘုန်းကြီးကျောင်းမှာ ထားတာ။ ကျမတို့ အိမ်ရှင်တွေကိုတော့ ရွာထဲ ကုက္ကိုပင်အောက်မှာ ထားတယ်။ ကျမတို့ကို တစ်ယောက်တစ်နေရာ ခွဲထားတာ။ ၆ နာရီထိုးတာနဲ့ သွားခွင့်ပေးတယ်။ ကျမတို့ သားမိသုံးယောက် သွားကြတယ်။ အဲဒီအချိန် အိမ်ရောက်သွားတာနဲ့ အိမ်မှာတစ်ယောက်မှ မရှိတော့ဘူး။ ယောကျ်ားတွေ အကုန်လုံးကို ခေါ်သွားကြပြီ။ ယောက်ျားတွေ အကုန်လုံးဆိုတာက လူလတ်ပိုင်းတွေ အသက် ၃၀၊ ၂၀ အရွယ်တွေပေါ့။ နောက် ၄၀ ကျော် အသက်အရွယ်တွေလည်း ပါသွားတယ်။
DMG - အဲဒီနောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ။
ပြန်လွတ်လာမယ်ယုံကြည်ချက်နဲ့ အမျိုးသားအဖမ်းခံရပြီးနောက်မှာ ကျတို့ အဲဒီမှာ နေခဲ့သေးတယ်။ ကျမတို့ အမျိုးသားမှာက အပြစ်မှ မရှိတာ။ ဘယ်လိုပြောရမလဲ ကိုယ့်စိတ်နဲ့နှိုင်းပြီး ကျမတို့ အမျိုးသားတွေကို လွှတ်မယ်ဆိုပြီး သားမီးသုံးယောက် စောင့်ပြီး နေခဲ့သေးတယ်။ ဒါပေမဲ့ ပြန်လွတ်မလာဘူး။ အဲဒါကြောင့် ကျမတို့ မိဘတွေရှိတဲ့ နေရာကို သွားရမယ်ဆိုပြီး ဒီဖက်ကို ပြန်လာတာ။
DMG - ရွာကနေ ထွက်လာတဲ့အခါမှာကော ဘယ်လို အခက်အခဲစိန်ခေါ်မှုတွေ ကြုံခဲ့ရလဲ။
ရွာက ထွက်လာတဲ့အခါလည်း တအားအခက်အခဲ ဖြစ်ခဲ့တယ်။ ပိုက်ဆံကလည်း မတက်နိုင်ဘူး။ အမျိုးမျိုး ဒုက္ခခံခဲ့ရတယ်။ ကျမတို့လာတာက စက်လှေနဲ့လာတာ စက်လှေမောင်းတဲ့ သူဆိုရင်လည်း အရက်မူးလို့။ ခဏနေရင် စက်လှေမောင်းနေတုန်း ဟိုထိုးဒီထိုး။ မသေလို့ အခုနေရာကို ရောက်လာတာ။ မဟုတ်ရင် ကျမတို့နဲ့ တွေ့ရမှာ မဟုတ်ဘူး။
တခြားဖမ်းဆီးခံရသူတွေနဲ့ မိသားစုဝင်တွေကတော့ လွတ်လာမှာကို စောင့်ကျန်နေခဲ့ကြတယ်။ ကျမမှာက နေလို့မရဘူး။ ကျမလည်း တစ်ယောက်တည်း မဟုတ်ဘူး။ သားသမီး နှစ်ယောက်ဆိုတော့ ကိစ္စမရှိသေးဘူး။ အဲဒီအချိန်တုန်းက ကျမမှာလည်း ကိုယ်ဝန်နဲ့ မွေးဖွားဖို့ဆိုတော့ ပိုက်ဆံကလည်း အဆင်မပြေဘူးလေ။ ဒါကြောင့် ဘယ်လိုဖြစ်ဖြစ် မိဘဆီသွားတော့မယ်ဆိုပြီး ဒီဖက်ကို လာခဲ့တာ။
DMG - ဖမ်းဆီးခံထားရတဲ့ အမျိုးသားဖြစ်သူနဲ့ပတ်သက်လို့ ဘယ်လိုစိုးရိမ်မှုတွေ ရှိလဲ။
အဲဒီအချိန်ကစပြီး ဒီနေ့အထိ အဆက်အသွယ်လည်း မရဘူး။ အသက်ရှင်သေးလား သေသွားပြီးလား ဆိုတာလည်း မသိဘူး။ အိမ်ရှင်ပြန်လာမယ်လို့တော့ မျှော်လင့်ထားတာ ရှိတယ်။ ဒါပေမဲ့ အခုက မရှိသလို ရှိသလို တွေ့နေတယ်။ ဘာလို့လဲဆိုတော့ သူတို့( စစ်ကောင်စီ) လက်ထဲမှာ ရှိနေတာလေ သတ်ပစ်လို့လည်းရတယ်။ မသတ်ဘဲ အရှင်ထားမယ်ဆိုရင်လည်း ထားလို့ရတယ်။
ကလေးငယ်တွေ ဖြေသိမ့်ရဖို့အတွက်တော့ ပြောရတာပေါ့။ အဖေပြန်လာမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ဘယ်အချိန်ပြန်လာမေးတဲ့ အဖြေမပေးနိုင်ဘူး။ တခါတလေ ဒေါသနဲ့လည်း လာချင်တဲ့ အချိန်လာလိမ့်မယ်ဆိုပြီး ပြောတာရှိတယ်။ ဒေါသပြေသွားတော့ ကလေးတွေကို သနားလာတယ်။ သူများတွေလို မိဘစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ကြတယ်။ ကလေးတွေကလည်း ငယ်သေးတော့ အဖေကို တမ်းတနေကြတယ်။
DMG - လက်ရှိ နေထိုင်စားသောက်ရေးအခြေအနေက ဘယ်လိုရှိလဲ။
သူများတွေမှာ ထင်းတွေဘာတွေ ရောင်းတာရှိတယ်။ ကိုယ့်မှာက အလုပ် လုပ်မယ့်သူလည်းမရှိ၊ ကိုယ်ကလည်း မလုပ်နိုင်တော့ ပိုက်ဆံလည်း မရှိဘူး။ အကျပ်အတည်း ခံနေရတယ်။ စားဝတ်နေရေးလည်း အဆင်မပြေဘူး။ လုပ်ကိုင်စားသောက်ချင်ပေမယ့် ပိုက်ဆံက မတက်နိုင်ဘူး။ အမျိုးသားရှိရင်တော့ သူများတွေမှာ ငွေတစ်သောင်း ရရင် ငါးထောင်ဖြစ်ဖြစ်ရမယ်။ အခုက ယောကျ်ားလည်း မရှိတော့ တအားခက်ခဲတယ်။ ကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ကြံတော့လည်း ကလေးတွေက ငယ်သေးတယ်။ အလုပ်ထွက်လုပ်လို့ မရနိုင်ဘူး။ အဲဒီလိုနဲ့ အချိန်တိုင်း စိတ်ပင်ပန်းနေရတယ်။ သားသမီးတွေကို မုန့်စားဖို့တောင်းတဲ့အခါလည်း ပိုက်ဆံမရှိတာကြောင့် ဝယ်မပေးနိုင်။ မပေးနိုင်ရင် ဝမ်းနည်မိတယ်။ ရင်နာမိတယ်။
DMG - အိမ်ထောင်ဦးစီးမရှိတဲ့ အမျိုးသမီးတစ်ယောက်အတွက် ရုန်းကန်ရတာ ဘယ်လောက်ခက်ခဲလဲ။
အိမ်ထောင်ဦးစီးရှိတာနဲ့ မရှိတာနဲ့ အကုန်လုံး ကွာခြားတယ်။ ဘာလို့လဲဆိုရင် အရင်ကလို သုံးချင်တာ မသုံးရ၊ စားချင်တာ မစားရ။ အကျပ်အတည်းခံရတယ်။ ကျမယောကျ်ားက ပိုက်ဆံတစ်ပုံကြီးနဲ့ ထားလားဆိုတော့လည်း အဲလိုမထားနိုင်ဘူး။ စားဖို့သောက်ဖို့ အစအစအရာရာ အဆင်ပြေတယ်။ အခု သားသမီးတွေ မုန့်ဖိုးအတွက်တောင် မရှိဘူး။ ဖြစ်သလို မငတ်ရုံတမယ် စားသောက်နေရတယ်။
DMG - နောက်ဆုံးအနေနဲ့ ဘာများပြောလို့တာ ရှိလဲ။
ကျမတို့က စားဝတ်နေရေးကလည်း အဆင်မပြေဘူး။ ဒါကြောင့် ပိုက်ဆံတွေဖြစ်ဖြစ် အကူအညီပေးစေချင်တယ်။ အခုက မိဘနဲ့ ကပ်ပြီးနေတာ။ ကျမတို့လည်း မနေချင်ဘူး။ မိဘက အသက်အရွယ် ကြီးလာပြီ။ ဒုက္ခ မပေးချင်တော့ဘူး။ ဒါပေမဲ့ အားကိုးဖို့လူ မရှိတဲ့အခါ ကပ်ခိုပြီး နေရတယ်။ မိဘနှစ်ပါးကလည်း အသက်အရွယ်ကြီးနေပြီဆိုတော့ အလုပ်လုပ်ဖို့ အရွယ်မဟုတ်တော့ဘူး။
ဒါပေမဲ့ ကျမတို့သားမိတွေ စားဖို့အတွက် တောင်ပေါ်တက် ထင်းခုတ်ပြီး ရှာပေးနေတယ်။ လူများတွေမှာ ထင်းတစ်ရာကို တစ်ရက်၊ နှစ်ရက်နဲ့ ရတယ်ဆိုပေမယ့် ကျမ အမေမှာ ၄ ရက် ခုတ်ရတယ်။ ထင်းတစ်ရာကို ၁၂,၀၀၀ ရတယ်။ အဲဒီလိုပဲ စားနေတယ်။ အချိန်ကြာလာတာနဲ့ သားသမီးတွေနဲ့ တစ်ယောက်တည်း ရုံးကန်ရမယ့် ဘဝတွေက ကြမ်းတမ်းလာဖို့ပဲ ရှိတယ်။ ကလေးငယ်တွေလည်း ကြီးလာပြီ။ ကိုယ်ကလည်း တစ်ယောက်တည်းဆိုတော့ ရုံးကန်ရမှာက မလွယ်ဘူး။ ဘယ်လိုရှေ့ဆက်ရမှန်း မတွေးတတ်တော့ဘူး။
DMG - အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။