- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုစာခန့် အရှိန်ရနေခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများသည် အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားရသလို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများနှင့် ကုန်သွယ်ရေး အနှောင့်အယှက်များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း မြန်မာနိုင်ငံမှ ထွက်ခွာလျက်ရှိသည်။
11 Dec 2024
မြန်မာ့စီးပွားရေး အခြေအနေသည် ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ၁ ရာခိုင်နှုန်း ကျဆင်းဖွယ် ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ ထုတ်ပြန်လိုက်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးပဋိပက္ခဒဏ်ကို ရင်ဆိုင်နေရသည့် တစ်ချိန်တည်း၌ ဒေသအချို့တွင် ရေလွှမ်းမိုးမှုများပါ ကြုံခဲ့ရသဖြင့် စီးပွားရေး သိသိသာသာ ကျဆင်းမှု ကြုံရမည့် အလားအလာ ရှိနေခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့စီးပွားရေးသည် ၁ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့သည်။ သို့သော်လည်း ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာခြင်း၊ ပဋိပက္ခ အရှိန်ပိုမြင့်လာခြင်းတို့လည်း ရှိနေသည်ဟု ထိုစဉ်တည်းက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
လူဦးရေ ၅၅ သန်းခန့်ရှိသည့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က မြန်မာစစ်တပ် အာဏာသိမ်းချိန်မှစ၍ နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ ရှိနေသည်။
“လက်နက်ကိုင်ပဋိပက္ခသည် အရှိန်မြင့်နေဆဲ ဖြစ်ပြီး လူမှုဘဝများနှင့် အသက်မွေးဝမ်းကျောင်းများအပေါ် ကြီးမားစွာ ရိုက်ခတ်လျက်ရှိကာ ကုန်ထုတ်လုပ်ရေးနှင့် ကုန်စည်ဖြန့်ချိရေးတို့အပေါ် အဟန့်အတားများ ရှိနေပြီး စီးပွားရေးရလဒ်များ မရေမရာ ဖြစ်နေရသည်” ဟု ဒီဇင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုစာခန့် အရှိန်ရနေခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများသည် အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားရသလို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများနှင့် ကုန်သွယ်ရေး အနှောင့်အယှက်များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း မြန်မာနိုင်ငံမှ ထွက်ခွာလျက်ရှိသည်။
မြန်မာ့စီးပွားရေးသည် ကဏ္ဍပေါင်းစုံ၌ ရုန်းကန်နေရပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေး အပိုင်းမှာလည်း စက်တင်ဘာလအတွင်း ကြုံခဲ့ရသည့် ယာဂိမုန်တိုင်းနှင့် ရေလွှမ်းမိုးမှုများကြောင့် ကုန်ထုတ်လုပ်ရေး ကျဆင်းမည့် အလားအလာရှိသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
“ကုန်ကြမ်းရှားပါးမှု၊ သွင်းကုန်ရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ ပြည်တွင်းလိုအင် နည်းပါးခြင်း၊ လက်ရှိပဋိပက္ခများ၊ စီးပွားရေး အာမခံချက် မရှိမှုတို့ကြောင့် ထုတ်ကုန်ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် အနည်းငယ် ကျဆင်းမည်ဟု ခန့်မှန်းရသည်” ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ငွေကြေး ဖောင်းပွမှုနှုန်းထားမှာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ၂၇.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် အနည်းငယ် ကျဆင်းပြီး ၂၆ ရာခိုင်နှုန်း ရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ ငွေကြေးဖောင်းပွမှု၊ စစ်ပွဲကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် မြန်မာ့လူဦးရေ လေးပုံတစ်ပုံခန့်အထိ စားနပ်ရိက္ခာ မဖူလုံမှုကို ရင်ဆိုင်ရခြေရှိသည်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။