- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ဧရာဝတီတိုင်းက စက်သုံးဆီများကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ တားမြစ်
ဂွ ရိုးမနှင့် နီးစပ်သည့် ရေကြည်နှင့် သာပေါင်းမြို့နယ်တို့မှ ကျေးရွာများကို ဖေဖော်ဝါရီ ၂၁ ရက်မှ စကာ ရခိုင်ပြည်သို့ စက်သုံးဆီ သယ်ယူခွင့်ပိတ်ပင်ထားခြင်းဖြစ်ပြီး လိုက်နာမှုမရှိလျှင် အရေးယူသွားမည်ဟု စစ်ကောင်စီက သတိပေးထားကြောင်း သာပေါင်းမြို့ခံတစ်ဦးက ပြောသည်။
25 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့မှ စက်သုံးဆီများကို ရခိုင်ပြည်၊ ဂွမြို့နယ်သို့ ပို့ဆောင်ခြင်း မပြုလုပ်ရန် စစ်ကောင်စီက တင်းကျပ်စွာ တားမြစ်သတိပေးမှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ဂွ ရိုးမနှင့် နီးစပ်သည့် ရေကြည်နှင့် သာပေါင်းမြို့နယ်တို့မှ ကျေးရွာများကို ဖေဖော်ဝါရီ ၂၁ ရက်မှ စကာ ရခိုင်ပြည်သို့ စက်သုံးဆီ သယ်ယူခွင့်ပိတ်ပင်ထားခြင်းဖြစ်ပြီး လိုက်နာမှုမရှိလျှင် အရေးယူသွားမည်ဟု စစ်ကောင်စီက သတိပေးထားကြောင်း သာပေါင်းမြို့ခံတစ်ဦးက ပြောသည်။
“အဓိကတော့ သူတို့က ရခိုင်ပြည်ကို စက်သုံးဆီပို့ခွင့် မရှိဘူးဆိုပြီး ပြောတယ်။ လိုက်နာမှုမရှိရင် အရေးယူမယ် ဆိုပြီးတော့လည်း ရွာသားတွေကို ခြိမ်းခြောက်တာ ရှိတယ်လို့ ကြားတယ်” ဟု သူက ဆိုသည်။
အဆိုပါကျေးရွာများတွင်လည်း တစ်ပတ်စာအတွက် လိုအပ်သည့်ဆီပမာဏခန့်ကိုသာ သယ်ယူခွင့်ပြုပြီး လိုအပ်သလောက်ကို သယ်ယူခွင့်မပြုကြောင်း သာပေါင်းမြို့ခံက ဆက်ပြောသည်။
စစ်ကောင်စီသည် ဂွရိုးမနှင့် နီးစပ်မှုရှိသည့် သာပေါင်းမြို့နယ်က မရမ်းချို၊ စက်ထောင့်ကြီး၊ ကုန်းစွန်း၊ သရက်ကုန်းတို့နှင့် ရေကြည်မြို့နယ်က ကြို့ကုန်း၊ ချင်းကွင်းကျေးရွာတို့ကို ရခိုင်သို့ စက်သုံးဆီတင်ပို့ ရောင်းချခြင်းမပြုလုပ်ရန် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများမှ တစ်ဆင့် သတိပေးစာပို့ထားထားခြင်းဖြစ်သည်။
ယင်းအပြင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့တွင်လည်း စစ်ကောင်စီက ဆီသုံးဆီများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ စက်သုံးဆီရောင်းချခွင့်ပြုထားပြီး အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ပြုထားကြောင်း ငါးသိုင်းချောင်း ဒေသခံများက ပြောသည်။
“ထောက်ခံစာပါမှ ဝယ်မယ်သူက ဝယ်လို့ ရသလို၊ ရောင်းမယ့်သူကလည်း လက်မှတ်နဲ့လာဝယ်သူမှ ရောင်းလို့ ရတယ်။ အဓိကတော့ စစ်ကောင်စီက ရခိုင်ဖက်ကို စက်သုံးဆီတွေ ရောက်ရှိမှာကို စိုးရိမ်ပြီးတော့ စက်သုံးဆီ ဝယ်ယူသူတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီက တစ်ဆင့် စာရင်းကောက်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ငါးသိုင်းချောင်းမြို့တွင် စက်သုံးဆီဝယ်ယူခွင့် လက်မှတ်တစ်စောင်ကို ငွေကျပ် ၃,၀၀၀ မှ ကျပ် ၅,၀၀၀ ကျပ် အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပေးဆောင်နေရပြီး ဝယ်ယူခွင့်လက်မှတ်တစ်စောင်သည် သက်တမ်း ၇ ရက် သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် ရေကြည်မြို့နယ်ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်များတွင်လည်း စစ်ကောင်စီက စက်သုံးဆီသယ်ယူခြင်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဂွမြို့နယ်တွင် တိုက်ပွဲစသည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းမှစကာ စစ်ကောင်စီသည် ပြည်မဘက်မှ ရခိုင်သို့ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို သယ်ယူခွင့် ပိတ်ပင်ထားပြီး လက်ရှိတွင် ဒေသခံများ၏ ရရာနည်းလမ်းဖြင့် တစ်ပိုင်တစ်နိုင်သယ်ယူမှုများကိုပါ တင်းကျပ်စွာ ပိတ်ပင်လာခြင်းဖြစ်သည်။