လုံခြုံရေး ကုမ္ပဏီများကို စစ်ကောင်စီ လက်နက်ကိုင်ဆောင်ခွင့်ပြု

စစ်ကောင်စီသည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေး ကုမ္ပဏီ ထူထောင်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်းပြင်ဆင်နေကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလကပြောဆိုခဲ့ပြီးနောက် ယခုအခါ ဉပဒေပြဌာန်း လိုက်ခြင်းဖြစ်သည်။ 

By Admin 19 Feb 2025

ပုံစာ - တရုတ် သင်္ဘောအား ပင်လယ်ဓားပြရန်မှကာကွယ်ပေးနေသည့် HCS လုံခြုံရေးကုမ္ပဏီမှတပ်သားများ။ ဓာတ်ပုံ HCS
ပုံစာ - တရုတ် သင်္ဘောအား ပင်လယ်ဓားပြရန်မှကာကွယ်ပေးနေသည့် HCS လုံခြုံရေးကုမ္ပဏီမှတပ်သားများ။ ဓာတ်ပုံ HCS

DMG ၊ ဖေဖော်ဝါရီ ၁၉

တရုတ်၏ မြန်မာနိုင်ငံရှိ ရင်းနှီးမြုပ်နှံမှုများကို ကာကွယ်ရန် ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) အား ပူးပေါင်းလုပ်ဆောင်ရန် ပြင်ဆင်နေချိန် လုံခြုံရေးကုမ္ပဏီများ လက်နက်ကိုင်ဆောင်နိုင်သည့် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းပြဌာန်းလိုက်သည်။

ဖေဖော်ဝါရီ ၁၈ တွင် ထုတ်ပြန်လိုက်သည့်  ယခု ဥပဒေသည် ပြည်တွင်းလုံခြုံရေးကုမ္ပဏီများအပြင် နိုင်ငံခြားလုံခြုံရေးကုမ္ပဏီများအတွက်ပါ အကျုံးဝင်ပြီး လက်နက်ကိုင်ဆောင်ခွင့်ကို ပြည်ထဲရေးဝန်ကြီး ဦးဆောင်သည့် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ရယူ၍ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီသည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေး ကုမ္ပဏီ ထူထောင်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်းပြင်ဆင်နေကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလကပြောဆိုခဲ့ပြီးနောက် ယခုအခါ ဉပဒေပြဌာန်း လိုက်ခြင်းဖြစ်သည်။ 

“စစ်ကောင်စီက စစ်မှုထမ်းအသစ်တွေက ထွက်ပြေးတာတွေ မတိုက်ရဲတာတွေကြောင့် တိုက်ပွဲတွေ မနိုင်နိုင်ဘူး။ အဲဥပဒေမှာ လိုအပ်ရင် စစ်တိုက်ခိုင်းလို့ရတယ်ဆို့တဲ့ အချက်ကို တွေ့ရတယ်။ အဲဒါကြောင့် လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီဆိုပြီးတော့ နိုင်ငံခြားစစ်တပ်ခေါ်လိုက်တဲ့ သဘောဖြစ်တယ်။ စစ်ကောင်စီက ၂၀၀၈ ခြေဥ ကိုင်စွဲပြီးပြောနေတော့ တိုက်ရိုက် နိုင်ငံခြားစစ်သား မခေါ်ပဲ တစ်ကွက်ရွေ့လိုက်တယ်လို့ပဲမြင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ထို့အတူ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများသည် စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ခေါ်ပါက မဖြစ်မနေ ပူးပေါင်းရမည်ဟု ဉပဒေပြဌာန်းချက်တွင် ထည့်သွင်းထားသည်။

ယခု ဥပဒေ ပြဌာန်းသည့် ရည်ရွယ်ချက်တွင် နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုရေး၊ ပုဂ္ဂလိက လုံခြုံရေး အဖွဲ့များက နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုများကို ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့ပါဝင်သည်။

စစ်ကောင်စီ ပြဌာန်းချက်တွင် နိုင်ငံခြား လုံခြုံရေးကုမ္ပဏီတွင် မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားသူများထဲတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေသည့် ကျော်စောသတင်းရှိသူများအား ခွင့်မပြုကြောင်း ဆိုသည်။

စစ်ကောင်စီသည် ဥပဒေကို ကိုယ်ကျိုးအတွက် အသုံးချနေပြီး ယခုဥပဒေသည်လည်း တရုတ်နိုင်ငံမှ လုံခြုံရေး ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာနိုင်ရန် ပြဌာန်းခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ကြသည်။

“နိုင်ငံတစ်နိုင်ငံမှာ ဥပဒေတစ်ခု ပြဌာန်းဖို့ဆိုတာက လွှတ်တော်မှာ အားလုံးပါဝင်လို့ သေသေချာချာ အဆိုး၊ အကောင်း သေချာဆွေးနွေးပြီးတော့မှ ပြဌာန်းကြတာ။ အခု စစ်ကောင်စီက အာဏာသိမ်းထားပြီး ဥပဒေတွေကို ပြည်သူတွေအတွက် ဘာမှမစဉ်းစားဘဲ သူ့အကျိုးအတွက်ပဲ အသုံးချနေတာ” ဟု ULA တရားရေးဌာနတွင် အလုပ်လုပ်နေသည့် တရားသူကြီး အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုတွင် ဝန်ထမ်း ၁၀ ဦးထက်ပိုပါက ခြောက်လအတွင်း သက်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီကို ခွင့်ပြုမိန့်လျှောက်ရန်လိုအပ်ပြီး လိုင်စင်မရှိဘဲလုပ်ကိုင်ခြင်း၊ လိုင်စင်ရှိသည့် လုပ်ငန်းများအနေဖြင့်လည်း ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်ခြင်း၊ လက်နက်ဝယ်ယူရောင်းချသည့် ပြစ်မှုများအတွက် ထောင်ဒဏ် ၁ နှစ် ကနေ ၃ နှစ်အထိ အပြင် ငွေဒဏ် ကျပ်သိန်းတစ်ရာကိုလည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပါဝင်သည်။

ခွင့်မပြုဘဲ လုံခြုံရေးဝန်ထမ်း ၁၀ ဦးထက်ပိုလျှင် ထောင်ဒဏ်နှင့် ငွေဒဏ်ကို ချမှတ်နိုင်ပြီး ပြစ်မှုကျူးလွန်သူက ကုမ္ပဏီ (သို့) အဖွဲ့အစည်းဖြစ်မည်ဆိုလျှင် အနည်းဆုံးငွေကျပ် သိန်း ၁,၀၀၀ မှ အများဆုံး ငွေကျပ်သိန်း ၃,၀၀၀ အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

စစ်သားလိုအပ်ချက်ကြောင့် စစ်မှုထမ်းနည်းဥပဒေကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးအပတ်တွင် စစ်ကောင်စီ ပြဌာန်းခဲ့ပြီးနောက် ပုဂ္ဂလိကကုမ္ပဏီများ လက်နက်ကိုင်ဆောင်နိုင်သည့် လုံခြုံရေး ဥပဒေကိုလည်း ထပ်မံ ပြဌာန်းလာခြင်းဖြစ်သည်။