ရခိုင် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဖမ်းပြီးနောက် ပျောက်ဆုံးနေသူ ၁၆၀ ကျော်ရှိ
အဆိုပါ ဒေသခံများမှာ တိုက်ပွဲပြင်းထန်ချိန်ကာလအတွင်း လမ်းသွားလမ်းလာလုပ်စဉ် ဖမ်းဆီးခံရခြင်း၊ နေအိမ်အတွင်း ဖမ်းဆီးခံရခြင်းနှင့် စစ်ကောင်စီ ခေါ်ဆောင်သွားခြင်း စသည့် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေခြင်းဖြစ်သည်။
19 Mar 2025

DMG ၊ မတ် ၁၉
ရခိုင်မြို့သိမ်းတိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာကစပြီး ယနေ့ထိ စစ်ကောင်စီထံဖမ်းဆီးခံရပြီး နည်းမျိုးစုံနှင့် ပျောက်ဆုံးနေသည့် ဒေသခံ ၁၆၀ ဦးထက်မနည်းရှိကြောင်း DMG က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ယင်းအထဲတွင် ဘူးသီးတောင်နှင့် မောင်တောတွင် အများဆုံးဖြစ်ပြီး စစ်တွေ၊ သံတွဲစသည်ဖြင့် မြို့နယ် ၈ ခုမှ ရရှိထားသည့် စာရင်းများသာဖြစ်သည်။ တိုက်ပွဲအတွင်း အကြောင်းအမျိုးမျိုးဖြင့် စစ်ကောင်စီထံ ဖမ်းဆီးခံလိုက်ရပြီး လက်ရှိ အချိန်ထိ သတင်းအစအန ပျောက်ဆုံးနေသူ ၁၆၁ ဦးထက်မနည်း ရှိနေခြင်းဖြစ်သည်။
DMG စာရင်းများအရ ပျောက်ဆုံးနေသူများမှာ စစ်တွေမြို့နယ်မှ ၁၉ ဦး၊ မောင်တောမြို့နယ်မှ ၅၇ ဦး၊ ဘူးသီး တောင် ၆၆ ဦး၊ သံတွဲမြို့နယ်မှ ၁၀ ဦး၊ ကျောက်တော်မြို့နယ်မှ ၂ ဦး၊ မင်းပြားက ၄ ဦး၊ ရသေ့တောင် ၁ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၁ ဦး၊ ပေါက်တောမြို့နယ်မှ ၁ ဦး တို့ ဖြစ်ကြသည်။
ဘူးသီးတောင်ဒေသခံ တစ်ဦးက “ ဖမ်းဆီးခံရတဲ့ သူတွေကတော့ အသတ်ခံရတာလည်း အများကြီးရှိတယ်။ အမျိုးသမီးတွေလည်း ပါဝင်တယ်။ ဒါပေမဲ့ အခုအချိန်ထိ လုံးဝ သတင်းအစအန မရတာလည်း အများကြီးပဲ။ သူတို့နဲ့ ပတ်သက်လို ကျနော်တို့အနေနဲ့ ဆက် လက်စုံစမ်းနေတာရှိပါတယ်။ တချိုကတော့ သေသွားပြီးလို့ သတ်မှတ်လိုက်ကြတာလည်း ရှိပါတယ် ” ဟု DMG ကိုပြောသည်။
အဆိုပါ ဒေသခံများမှာ တိုက်ပွဲပြင်းထန်ချိန်ကာလအတွင်း လမ်းသွားလမ်းလာလုပ်စဉ် ဖမ်းဆီးခံရခြင်း၊ နေအိမ်အတွင်း ဖမ်းဆီးခံရခြင်းနှင့် စစ်ကောင်စီ ခေါ်ဆောင်သွားခြင်း စသည့် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေခြင်းဖြစ်သည်။
စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှ ရာအိမ်မှူး ဦးအောင်သန်းဝင်းနှင့် ယောက္ခထီးဖြစ်သူ၊ ဦးလှဝင်း၊ မောင်ထွန်း လင်း၊ ကိုငြိမ်းငြိမ်းလင်း၊ ကိုမိုးဒီ၊ မောင်ပြား၊ ကိုကျော်သန်း၊ သန်းဇော်ဦး၊ ဦးထွန်းဦးစိန်၊ ဦးမောင်သိန်းတို့ ဖြစ်ပြီး ကျက်တောပြင်ကျေးရွာမှ ကိုထွန်းဝင်းနိုင်၊ ကိုကျော်ကျော်အပါအဝင် ၆ ဦး တို့ဖြစ်သည်။
ယင်းအပြင် သင်းပုန်းတန်းကျေးရွာမှ ဦးထွန်းဝင်း၊ စိန်သန်းတင်တို့ လည်းပါဝင်သည်။
သင်းပုန်းတန်းကျေးရွာမှ မိသားစုဝင်တစ်ဦးက “ ဗုံးခိုကျင်းတူးလို့ဆိုပြီး ခေါ်သွားတာ။ ဒီနေ့အထိပဲ လုံးဝ အဆက် သွယ်မရသေးဘူး။ သေမှန်းပျောက်မှန်းတောင်မသိရဘူး ” ဟု ပြောသည်။
အောင်တိုင်နှင့် ကျက်တောပြင်ကျေးရွာသား ၂၀ ခန့်မှာ ၂၀၂၄၊ ဇွန်လပထမအပတ်တွင်း ကျေးရွာမှရွှေ့ ပြောင်းပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ပြောဆိုစရာရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ထိုနည်းတူ သံတွဲမြို့မှ ဒေသခံ ၃ ဦးမှာလည်း မေလဒုတိယသီတင်းပတ်မှာ ဈေးဝယ်သွားချိန်နှင့် ဈေးမှအပြန်လမ်းမှာ စစ်ကောင်စီကားနှင့်တွေ့ဆုံပြီး လမ်းပြအဖြစ် ခေါ်ဆောင်သွားရာကနေ ပျောက်ဆုံးသွားခြင်းဖြစ်သည်။
“ကျနော်သိရသလောက် ၃ ယောက်ကတော့ လုံးဝပျောက်နေတာ။ တစ်ယောက်ကတော့ ဈေးဝယ်သွားတဲ့ အခါ နောက်နှစ်ယောက်က ဈေးကအပြန်မှာပါ။ နောက်နေ့တစ်ရက် အဲဒီနေရာကို သွားကြည့်တဲ့ အခါမှာတော့ လမ်းမှာ သွေးကွက်တွေကို တွေ့ခဲ့ရတယ်။ အခုချိန်ထိ သတင်းအစန မရဘူး။ ကျနော်တို့မသိဘဲ ပျောက်နေသူတွေလည်း အများကြီးရှိအုံးမှာ” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုနည်းတူ ၂၀၂၄ မေနှင့် ဇွန်လအတွင်းက မောင်တောမြို့နယ်မှာလည်း မြို၊ သက်နှင့် ရခိုင်ဒေသခံ ၁၀ ဦး ထက်မနည်းမှာ စစ်ကောင်စီထံ ဖမ်းဆီးခံရပြီးနောက် လုံးဝပျောက်ဆုံးသွားခဲ့သည်။ မကျည်းကုန်းကျေးရွာမှ ကိုထွန်းစိန် အောင်နှစ်၊ ဦးဒုံးရီ၊ ဦးလှသိန်းနှင့် အခြား ဦးမောင်လှကြီး အပါအဝင် ၁၀ ဦးထက်မနည်း ပျေက်ဆုံးနေကြောင်း သိရသည်။
ယင်းပျောက်ဆုံးနေခြင်းနှင့်ပတ်သက်ပြီး ULA/AA မှ တာဝန်ရှိသူများထံ အကြောင်းကြားထားသော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
“စစ်ကောင်စီဆီမှာ အဖမ်းခံလိုက်ရတာကိုလည်း မြင်လိုက်ရတယ်။ အဲဒီနောက်ပိုင်းမှာ အလောင်းပေါ် တာတို့ ရှိ ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှန်းဆိုတာ တစ်ယောက်မှ သွားမကြည့်နိုင်ခဲ့ဘူးလေ။ အခုထိတော့ သတင်းအစန မရသေးဘူး” ဟု ပြောသည်။
မောင်တောမြို့ကို အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဒေသခံများ ပြန်ဝင်ချိန်တွင် အမည်မဖော်ပြနိုင်သည့် အလောင်းများတွေ့ရှိခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ရေးရှုံးနိမ့်ခဲ့သည့် စစ်ကောင်စီက ဒေသခံများအပေါ် နည်းမျိုးစုံဖြင့် လူ့ အခွင့်အရေးချိုးဖောက်ခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် စုံစမ်းဖော်ထုတ်ပြီး အပြစ်ပေးသင့်ကြောင်း ရခိုင်ဒေသခံများက တောင်းဆိုသည်။
“နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တာကော ဘယ်လောက်တောင် ရှိမလဲမသိဘူး။ ဒါတွေကို စစ်ကောင်စီက တာဝန်ယူခဲ့တာလည်း မရှိဘူး။ အခု အာရက္ခပြည်သူ့ အစိုးရကနေပြီး ဒီဖြစ်စဉ်တွေကို စုံစမ်းဖော်ထုတ်ဖို့ လိုပါတယ်” ဟု မြောက်ဦး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်မြို့နယ် ၁၇ ခုထဲမှ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက် တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်း စသည့် မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထို့အတူ စစ်တွေ၊ ကျောက်ဖြူတို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။