- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
သဘာဝဘေးဒဏ်ကို ရင်ဆိုင်ဖို့ အသင့်မရှိတဲ့ နိုင်ငံ
ဆင်းရဲမွဲတေမှုက အုံလိုက်ကျင်းလိုက်၊ စီးပွားရေးက ကသောင်းကနင်းနဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပေါင်းကျနေတဲ့ အနေအထားမှာ ပြည်တွင်းစစ်ကိုပါ ရင်ဆိုင်လိုက်ရခြင်းဟာ စစ်ကောင်စီရဲ့ ဘဏ္ဍာတိုက်ကို လုံးပါးပါးစေပါတယ်။
01 Apr 2025

လေးနှစ်ကြာ ပြည်တွင်းစစ်ကြောင့် ညက်ညက်ကြေနေတဲ့ မြန်မာပြည်ဟာ မတ်လ ၂၈ ရက် သောကြာနေ့က ရင်ဆိုင်ခဲ့ရတဲ့ ဧရာမ ငလျင်ကြီးရဲ့ ပျက်စီးမှုဒဏ်ကို ကိုင်တွယ်ဖြေရှင်းဖို့ အသင့်ရှိမနေပါဘူး။
၇.၇ မဂ္ဂနီကျုရှိတဲ့ ဒီငလျင် မြန်မာပြည်အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့အတွက် လက်ရှိအချိန်အထိ သေဆုံးသူ ၁၆၀၀ ကျော်သွားပြီ ဖြစ်သလို နေအိမ်အဆောက်အအုံလည်း ထောင်ချီ ပျက်စီးခဲ့ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံရဲ့ အခြေခံ အဆောက်အဦ၊ ကျန်းမာရေးစနစ်နဲ့ ဓာတ်အားပေးစနစ် ကွန်ရက်တွေဟာ အောက်ဆုံးကို ရောက်နေပါပြီ။
မြန်မာ့ငလျင် ကယ်ဆယ်ရေးနဲ့ နာလန်ထူရေးမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေထဲက တချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
စာနာမှု အကျပ်အတည်း
ငလျင်မလှုပ်ခတ်မီတည်းက ကုလသမဂ္ဂ အပါအဝင် အခြားသော ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက မြန်မာမှာ စာနာမှု အကျပ်အတည်းနဲ့ ကြုံနေရသူ သန်းပေါင်းများစွာ ရှိကြောင်း သတိပေးနေခဲ့ကြတာပါ။ အခုတော့ တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို အရေးပေါ် အကူအညီတွေ ထပ်လိုနေပါပြီ။
နိုင်ငံရဲ့ နေရာအများအပြားဟာ ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနဲ့ မတည်ငြိမ်မှုဒဏ် သင့်ပြီးသားနေရာတွေပါ။ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃.၅ သန်းရှိသလို နိုင်ငံရဲ့ စီးပွားရေးလည်း ပျက်စီးနေပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စာနာမှုအကူအညီရေးရာ ညှိနှိုင်းရေးမှူး မာကိုလူဝီဂျီကော်စီက “စာနာမှုအကူအညီ လိုအပ်နေသူ ၁၉.၉ သန်းခန့် ရှိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ငလျင်မလှုပ်မီက အရေအတွက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိတယ်လို့လည်း သူကဆိုပါတယ်။
ငလျင်မတိုင်မီက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WPF ကလည်း မြန်မာ့လူဦးရေ ၅၁ သန်းထဲက ၁၅ သန်းကျော်ဟာ စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေရတယ်လို့ ပြောထားပါတယ်။
ငလျင်လှုပ်ပြီး နှစ်ရက်အကြာမှာပဲ ကုလသမဂ္ဂက ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုတွေဟာ ဆေးဝါးအကူအညီ မလုံလောက်တာကြောင့် အခက်ကြုံနေရပြီး တစ်ချိန်တည်းမှာပဲ မြေပြင်က ကယ်ဆယ်ရေး သမားတွေဟာလည်း အဆောက်အအုံ အပျက်အစီးပုံတွေကြားမှာ အသက်ရှင် ကျန်ရစ်သူတွေကို မွှေနှောက်ရာဖွေဖို့ ပစ္စည်းကိရိယာတွေ ထပ်မံ တောင်းခံထားကြတယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒီငလျင်ဟာ ဝါရှင်တန်ရဲ့ ပြည်ပအကူအညီ အေဂျင်စီမှာ လုပ်ငန်းလျှော့ချမှုတွေ အကြီးအကျယ် ပြုလုပ်လိုက်ချိန်နဲ့ ချိန်သားကိုက် ကြုံရတာလည်း ဖြစ်ပါတယ်။ ထရမ့်ကတော့ မြန်မာအတွက် US အကူအညီတွေ ပေးမယ်လို့ ကတိပေးပါတယ်။ ဒါပေမဲ့ မြန်မာပြည်က အရပ်သား တစ်သန်းကျော်ကတော့ USAID ကို ထရမ့်က နင်းခြေလိုက်ပြီးနောက်ပိုင်း WFP ရဲ့ အကူအညီ ဖြတ်တောက်မှုတွေကို ရင်ဆိုင်နေရပါပြီ။
ကမ္ဘာတစ်ဝန်းက နိုင်ငံတွေကလည်း မြန်မာအတွက် ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ အကူအညီတွေ စေလွှတ်နေကြပါတယ်။
စစ်အုပ်ချုပ်ရေး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်ကောင်စီဟာ ငလျင်ဗဟိုချက်မနဲ့ အနီးဆုံးမှာရှိတဲ့ မန္တလေးအပါအဝင် အဓိကမြို့ကြီးတွေကို ထိန်းချုပ်ထားဆဲ ဆိုပေမယ့် မြန်မာ့ပဋိပက္ခအတွင်း နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးထားပါတယ်။
အာဏာသိမ်းမှု နောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းသွားတဲ့ အစိုးရဝန်ထမ်းလည်း အများအပြားရှိပါတယ်။
ဒီဝန်ထမ်းတွေကို ဆုံးရှုံးလိုက်ရတာဟာ နဂိုတည်းက အိုမင်းနေတဲ့ အရပ်ဘက် အုပ်ချုပ်ရေးကို ပိုမို အားနည်းသွားစေပြီး ကူညီကယ်ဆယ်ရေးအတွက် စီမံခန့်ခွဲမှုနဲ့ ဖြန့်ဝေမှုတွေလည်း ပိုမိုခက်ခဲသွားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြုံတောင့်ကြုံခဲ့အဖြစ် သောကြာနေ့မှာ ပြည်ပနိုင်ငံတွေက အကူအညီတွေ တောင်းခံခဲ့ပါတယ်။ ဒါဟာ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားလွန်းတာကို ဖြေရှင်းနိုင်စွမ်းမရှိကြောင်း နားလည်မှုနဲ့ ဝန်ခံလိုက်တဲ့ လက္ခဏာလို့ ယူဆရပါတယ်။
ဒီဖြစ်ရပ်ဟာ သူ့ကို နိုင်ငံတကာရဲ့ အကူအညီတွေကို ခေါင်းခါခဲ့ကြတဲ့ သူ့ရှေ့က အာဏာရှင်အဆက်ဆက်နဲ့ ကွာခြားသွားစေတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှုက အုံလိုက်ကျင်းလိုက်၊ စီးပွားရေးက ကသောင်းကနင်းနဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပေါင်းကျနေတဲ့ အနေအထားမှာ ပြည်တွင်းစစ်ကိုပါ ရင်ဆိုင်လိုက်ရခြင်းဟာ စစ်ကောင်စီရဲ့ ဘဏ္ဍာတိုက်ကို လုံးပါးပါးစေပါတယ်။
အကွပ်မဲ့ကြမ်း
မြန်မာ့နိုင်ငံရဲ့ နယ်မြေအများအပြားကို စစ်ကောင်စီတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ ဒီမိုကရေစီဘက်သား လက်နက်ကိုင်အုပ်စုတွေ ဟိုတစ်ကွက် ဒီတစ်ကွက် ထိန်းချုပ်ထားကြပါတယ်။
ဒီသပွတ်အူကြီးထဲမှာ တခါတလေဆိုရင် အုပ်စုအချင်းချင်း မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြိုင်ဆိုင်မှုတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် နိုင်ငံတဝန်း လိုအပ်တဲ့ နေရာတွေဆီ ကယ်ဆယ်ရေး အကူအညီတွေ ဖြန့်ဝေရေးဟာ ပိုအခက်ကြုံရပါတယ်။
ငလျင်ဗဟိုချက်အနားက စစ်ကိုင်းမြို့ဆိုရင် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ မြန်မာစစ်တပ်တို့ဟာ ဒေသတွင်း သယံဇာတတွေကို ထိန်းချုပ်နိုင်ဖို့ အမြဲကြိုးစားနေကြတာ ဖြစ်တဲ့အတွက် အခု ကူညီကယ်ဆယ်ရေးမှာလည်း အလားတူ အားပြိုင်မှုတွေ ရှိလာမှာကို စိုးရိမ်ရပါတယ်။
ညံ့ဖျင်းတဲ့ အခြေခံအဆောက်အဦ
မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦနဲ့ ဆေးဝါးကုသရေး စနစ်ဟာ ပြည်တွင်းစစ်အတွင်းမှာ ကြေမွနေပါပြီ။
စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေထဲက ဆေးရုံတွေကို ဗုံးကြဲပါတယ်။ အစိုးရဝန်ထမ်းဘဝကို စွန့်ပြီး တော်လှန်ရေးထဲ ဝင်သွားတဲ့ ဆရာဝန်တွေလည်း အများအပြား ရှိပါတယ်။
မန္တလေး၊ မကွေးနဲ့ နေပြည်တော်က ဆေးရုံတွေမှာ လူနာတွေ ပြည့်လျှံနေလို့ ဆေးကုသပေးနိုင်ရေးအတွက် နပန်းလုံးနေကြရတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။
တယ်လီဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် ဒုက္ခပင်လယ် ဝေနေတဲ့ နိုင်ငံဟာ အခုတော့ ငလျင်ကြောင့် ဆယ်သွယ်ရေးတွေ ထပ်မံ ပြတ်တောက်တဲ့အတွက် အကူအညီ အရေးတကြီး လိုသူတွေဆီ လက်လှမ်းမီဖို့ ခက်ခဲရပြန်ပါတယ်။
မန္တလေးမှာလည်း အင်တာနက်လိုင်းတွေဟာ ရတဲ့နေရာရ၊ မရတဲ့နေရာ မရဖြစ်နေပါတယ်။ မြေပြင်နဲ့ ဝေဟင် ခရီးသွား လမ်းကြောင်းတွေဟာလည်း ငလျင်နောက်ပိုင်းမှာ အကြီးအကျယ် ခက်ခဲနေပါတယ်။
ပြိုကျသွားတဲ့ နေအိမ်တွေ အမြောက်အများနဲ့အတူ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူတွေဟာ ကုလသမဂ္ဂနဲ့ NGO အဖွဲ့အစည်းတွေရဲ့ ကူညီဖြေရှင်းမှုကို အသည်းအသန် လိုအပ်နေကြကြောင်းပါ။
ရာဗီချန်ဒရာကူးမား
မူရင်း - Myanmar quake: A nation unprepared for disaster by AFP