- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
ဆွေးနွေးပွဲတွင် MNDAA ကို လားရှိုးမြို့မှ ဆုတ်ခွာပေးရန် စစ်ကောင်စီဖက်က တောင်းဆိုခဲ့ပြီး MNDAA ဘက်ကလည်း လားရှိုးကို နယ်မြေခွဲပြီး အုပ်ချုပ်ရန် တောင်းဆိုခဲ့သဖြင့် ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်း သိရသည်။
27 Mar 2025

DMG ၊ မတ် ၂၇
တရုတ်ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၂ ရက်မှ မတ်လ ၂၄ ရက်နေ့အထိ ၃ ရက်အကြာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် MNDAA ကို လားရှိုးမြို့မှ ဆုတ်ခွာပေးရန် စစ်ကောင်စီဖက်က တောင်းဆိုခဲ့ပြီး MNDAA ဘက်ကလည်း လားရှိုးကို နယ်မြေခွဲပြီး အုပ်ချုပ်ရန် တောင်းဆိုခဲ့သဖြင့် ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် MNDAA တို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်ကစ၍ တရားဝင် အပစ်အခတ်ရပ်စဲသွားပြီ ဖြစ်ကြောင်း တရုတ်က ကြေညာခဲ့သည်။
ထိုအပစ်ရပ်သဘောတူညီချက်တွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှိုးမြို့မှ MNDAA တပ်များ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် တပ်ဆုတ်ရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် ယင်းကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက်လုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
လက်ရှိအချိန်ထိ MNDAA တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့မှ ထွက်ခွာသွားခြင်း မရှိသလို စစ်ကောင်စီဖက်ကလည်း တိုက်ပွဲ မဖော်ဆောင်ဘဲ လားရှိုးမြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်ရန် ကြိုးစားနေကြောင်း စစ်ရေးအခြေအနေများကို စောင့်ကြည့်နေသူများက ပြောသည်။
ယခုအခါ စစ်ကောင်စီနှင့် MNDAA တို့အကြား ဆွေးနွေးညှိနှိုင်းမှု မရရှိခဲ့သော်လည်း တိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်ခြင်း မရှိသလို အပစ်ခတ်ရပ်စဲရေးလည်း ပျက်သွားမှာ မဟုတ်ကြောင်း နိုင်ငံအကဲခတ်များက ပြောဆိုကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေဦးကြီးမြင့်က " အပစ်အခတ်ရပ်စဲရေးကတော့ ပျက်သွားမှာ မဟုတ်ဘူး။ ဒီလိုပဲ ဆွေးနွေးလိုက် ဖြစ်နေအုန်းမယ်။ အဓိက တရုတ်အပေါ်မှာ မူတည်တာပေါ့။ တရုတ်ကလည်း ကိုးကန့်တပ်ကို အကျပ် မကိုင်ချင်ဘူးပေါ့။ လားရှိုးမှာတော့ တိုက်ပွဲဖြစ်နိုင်ခြေ မရှိသေးဘူး" ဟု ပြောသည်။
"၁၀၂၇ စစ်ဆင်ရေး" နောက်ပိုင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးမှု ၉ ကြိမ်တိုင်တိုင် ရှိလာပြီ ဖြစ်သည်။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်အပါအဝင် လားရှိုးမြို့တစ်ခုလုံးကို MNDAA နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။
CDM ဗိုလ်ကြီး ဇင်ယော်က " MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်မယ့် အနေအထားတော့ မတွေ့ရသေးဘူး။ စစ်ကောင်စီဖက်က စပြီးတော့ တိုက်ခိုက်မယ့်အနေအထားကို မတွေ့ရသေးဘူး။ မိုင်းယန်းနဲ့ နမ့်လန်မှာ အခြေပြုနေတဲ့ စစ်ကောင်စီတပ်တွေ လားရှိုးမြို့ကို ပြန်ဝင်ဖို့ ပြင်ဆင်နေတယ်။ ပြန်ဝင်ဖို့ဆိုတာက တိုက်ပြီးမှ ပြန်ဝင်မယ့် အနေအထားမဟုတ်ဘဲ အေးအေးဆေးဆေးပြန်ပြီး ရုံးပြန်ထိုင်မယ့်အနေအထားကို မြင်ရတယ်"ဟု ပြောသည်။
လက်ရှိတွင် MNDAA က လာမည့် သင်္ကြန်အတွက် လားရှိုးမြို့အတွင်း ကိုးကန့်တပ်ဖွဲ့ ဦးဆောင်ပြီး မဏ္ဍပ်ပြုလုပ် နေကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ဆွေးနွေးညှိနှိုင်းမှုမရှိခဲ့သောကြောင့် လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။
" ဆွေးနွေးပွဲက မအောင်မြင်ဘူးဆိုတော့ နောက်ထပ် တိုက်ပွဲဖြစ်လာမလားဆိုပြီးတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ နောက်ပြီးတော့ လားရှိုးမြို့ကို စစ်ကောင်စီက လာဗုံးကြဲမလားဆိုပြီးတော့ စိုးရိမ်မှုတွေ ရှိနေကြတယ်" ဟု လားရှိုး ဒေသခံတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ MNDAA သည် ချင်းရွှေဟော်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ဖောင်းဆိုင်၊ လားရှိုး၊ ကြူကုတ်၊ မုံးကိုး၊ ကွမ်းလုံ၊ မော်ထိုက်စသည့် မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။