လားရှိုးကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေကြောင်း စစ်ရေးအကဲခတ်များ သုံးသပ်

မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ရောက်လာပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစ၍ စစ်ကောင်စီသည် လားရှိုးမြို့ကို လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေသည်။

By Admin 05 Oct 2024

လားရှိုးမြို့ကို MNDAA နှင့် မဟာမိတ်တပ်များက ဩဂုတ်လ ၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
လားရှိုးမြို့ကို MNDAA နှင့် မဟာမိတ်တပ်များက ဩဂုတ်လ ၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

DMG ၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ  ဆက်တိုက်ပြုလုပ်နေပြီး မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောသည်။

မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ရောက်လာပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစ၍ စစ်ကောင်စီသည် လားရှိုးမြို့ကို လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေသည်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ဆုံးရှုံးပြီးနောက် မိုင်းရယ်မြို့တွင် ရမခဌာနချုပ်အသစ် တပ်မှူးအသစ်ခန့်အပ်ပြီး လားရှိုးမြို့ကို မြေပြင်စစ်ကြောင်းထိုးပြီး  တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“လားရှိုးကို မြေပြင်ထိုးစစ်ဆင်မှု ရှိလာနိုင်တာပေါ့ဗျာ။ မိုင်းရယ်မှာ ရမခဌာနချုပ်အသစ် တပ်မှူးအသစ် နောက်ထပ် အင်အားတွေ စုစည်းနေတယ်။ အင်အား ၃,၀၀၀ လောက်ရှိနေပြီ။ အင်အာပြည့်ရင် သူက မြေပြင်ထိုးစစ်ပါ ပေါင်းပြီးဆင်နွဲမှာပါ။ ဒီရမခကို ပြန်ရရေးဟာ သူ့စစ်ကောင်စီစီးပွား အသက်ဆက်ရေးအတွက် ကွင်းဆက်ဖြစ်တာပေါ့။ ဒါ့ကြောင့်လည်း မြေပြင်ထိုးစစ်တွေလည်း မကြာခင်လာလိမ့်မယ်လို့ ပြောနိုင်တယ်” ဟု ပြောသည်။

လားရှိုးမြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေခြင်းမှာ  စစ်ခေါင်းဆောင်၏ မိုက်မဲမှုများသာဖြစ်ပြီး  မကြာမီကာလတစ်ခုတွင် MNDAA နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် လားရှိုးအပါဝင် သိမ်းပိုက်ခံမြို့နယ်များကို လေကြောင်းတိုက်ခိုက်နေခြင်းမှာ တရုတ်၏ စေခိုင်းမှုကြောင့်မဟုတ်ဘဲ  ဟိုင်ဂင်ဆွေးနွေးပွဲလုပ်နေစဉ် စစ်ဗိုလ်ချုပ်တစ်ဦး ပြောကြားခဲ့သည့်အတိုင်း လုပ်နေခြင်းသာဖြစ်ကြောင်း တရုတ်အရေးကျွမ်းသူ ဒေါက်တာ လှကျော်ဇောက ပြောသည်။

“အစောကြီးကတည်းက ဟိုဂင်ဆွေးနွေးပွဲတွေ လုပ်နေစဉ်ကတည်းက စစ်ကောင်စီရဲ့ ဗိုလ်ချူပ်တစ်ဦးက ‘ခင်ဗျားတို့ မြို့တွေသိမ်းရင်လည်းသိမ်းပေါ့၊ ကျနော်တို့ကတော့ ဗုံးနဲ့ပြန်ချေဖျက်မယ်’ ဆိုပြီး ပြောထားပြီးသား ဖြစ်တယ်။ ဝမ်ယိ ပြောမှာမဟုတ်ဘူး။ အစောပိုင်းကတည်းက သူတို့လုပ်ထားပြီးသား” ဟု ဒေါက်တာ လှကျော်ဇောက ဆိုသည်။

လားရှိုးမြို့ သိမ်းပိုက်ခံရမှုနှင့်ပတ်သက်၍ တရုတ်က သဘောမတွေ့ကြောင်း ရေသားနေကြခြင်းမှာ မဖြစ်နိုင်ဘဲ တရုတ်နိုင်ငံအနေဖြင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ဆန္ဒရှိကြောင်းလည်း သူက ဆက်ပြောသည်။

လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် ကိုးကန့်အထူးဒေသ(၁)နှင့် တအဲန်းဒေသတို့အား တရုတ်နိုင်ငံဖက်မှ လျှပ်စစ်မီး၊ ဆက်သွယ်ရေးလိုင်းများနှင့် စားသောက်ကုန်တင်သွင်းခွင့်များကို ပိတ်ဆို့ထားပြီး ‘ဝ’ ဒေသမှလည်း ကိုးကန့်နဲ့ တအဲန်းဒေသကို ကုန်သွယ်ခွင့်မပြုရေး တရုတ်က  ဖိအားပေးထားကြောင်း သိရသည်။

စစ်ကောင်စီက လားရှိုးမြို့ကို ဇူလိုင်လကနေ အောက်တိုဘာလဆန်းပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု အကြမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်အထိရှိကြောင်း MNDAA က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသဖြင့် မြို့ခံများမှာ စိုးရိမ်မှု မြင့်တက်ပြီး စစ်ဘေးရှောင်နေကြကြောင်း သိရသည်။