နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော

မွတ်ဆလင်ဒုက္ခသည်များ အနေဖြင့် နောက်နှစ်မကုန်မီ ရခိုင်ပြည်ရှိ ၎င်းတို့၏ နေရပ်သို့ ပြန်ရောက်ပြီး အိဒ်ပွဲတော်ကို ကျင်းပနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ အကြံပေး မိုဟာမက်ယူနွတ်က ပြောကြားလိုက်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 15 Mar 2025

ဓာတ်ပုံ - Dhaka Tribune
ဓာတ်ပုံ - Dhaka Tribune

DMG ၊ မတ် ၁၅

မွတ်ဆလင်ဒုက္ခသည်များ အနေဖြင့် နောက်နှစ်မကုန်မီ ရခိုင်ပြည်ရှိ ၎င်းတို့၏ နေရပ်သို့ ပြန်ရောက်ပြီး အိဒ်ပွဲတော်ကို ကျင်းပနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ အကြံပေး မိုဟာမက်ယူနွတ်က ပြောကြားလိုက်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပါမောက္ခယူနွတ်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်တို့သည် မတ်လ ၁၄ ရက် သောကြာနေ့က အူခီးယာရှိ စခန်းအမှတ် ၂၀ သို့ သွားရောက်ခဲ့ပြီး မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခန့်နှင့် အတူတကွ တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှု၌ ယူနွတ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိန့်ခွန်းပြောရာတွင် လူအများ နားလည်စေရန်အတွက် မိုဟာမက်ယူနွတ်သည် စစ်တကောင်းဒေသ ဘာသာစကားဖြင့် ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

သီးခြားသတင်းတစ်ရပ်၌လည်း အစောပိုင်းက ဂူတားရက်နှင့် ယူနွတ်တို့ တွေ့ဆုံချိန်တွင် အထွေထွေ အတွင်းရေးမှူးချုပ်က နိုင်ငံတကာ အသိုင်းအဝိုင်းသည် မွတ်ဆလင်ဒုက္ခသည်များကို မေ့လျော့နေကြပြီဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ကူညီထောက်ပံ့မှုတွေ "ဖြတ်တောက်တာဟာ ရာဇဝတ်မှု ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေဟာ ကမ္ဘာတစ်ဝန်းက စာနာမှု အကူအညီတွေကို လျှော့ချနေကြတဲ့ တချိန်တည်းမှာ ကာကွယ်ရေး အသုံးစရိတ်တွေကိုတော့ နှစ်ဆတိုး သုံးနေကြပါတယ်" ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

မိမိအနေဖြင့် မြန်မာနိုင်ငံမှ မောင်းထုတ်ခံခဲ့ရသည့် မွတ်ဆလင်ဒုက္ခသည်များနှင့်အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသရန်အတွက် ရာမဒန်ဥပုဒ်ကာလတွင် ယခုကဲ့သို့ ရောက်ရှိလာခြင်း ဟုလည်း ကုလအတွင်းရေးမှူးချုပ်က ပြောကြားသည်။

ပရိုသော်မ်အာလို၏ သတင်းတစ်ရပ်၌ သောကြာနေ့က ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်နှင့် မိုဟာမက်ယူနွတ်တို့ ဒုက္ခသည်တစ်သန်းခန့်နှင့်အတူ အိဒ်ပွဲတော်အတူဆင်နွှဲချိန်၌ လူအုပ်ပြိုမှု ဖြစ်ပွားက တစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရသွားကြောင်း ဖော်ပြထားသည်။

"ပွဲတော်ကျင်းပနေတုန်းမှာ တောင်ကုန်းပေါ်က ပြုတ်ကျလို့ လူသုံးယောက် ဒဏ်ရာရသွားပါတဲ။ ဒီအထဲက တစ်ယောက်ဟာ ဆေးရုံမှာ သေဆုံးသွားပါပြီ" ဟု အူခီးယားရဲစခန်းတာဝန်ခံက ပရိုသော်မ်အာလိုသို့ အတည်ပြု ပြောကြားထားသည်။

ယခုဖြစ်စဉ်ကို မိုဟာမက်ယူနွတ်လည်း သိရှိထားပြီး စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း အကြံပေးအဖွဲ့ သတင်းထုတ်ပြန်ရေး၏ ကြေညာချက်တွင် ဖော်ပြထားသည်။