- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်က မြို့နယ်များ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အာရက္ခပညာရေးဌာနမှ ဆရာ/ဆရာမ ဝန်ထမ်းများ ခေါ်နေကြောင်း သိရသည်။
15 Mar 2025

DMG ၊ မတ် ၁၅
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်က မြို့နယ်များ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အာရက္ခပညာရေးဌာနမှ ဆရာ/ဆရာမ ဝန်ထမ်းများ ခေါ်နေကြောင်း သိရသည်။
ရခိုင်တွင် ၂၀၂၃ နှစ်ကုန်ပိုင်းမှ စ၍ တိုက်ပွဲကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများကို လာမည့် စာသင်နှစ်တွင် ပုံမှန် ပြန်ဖွင့်နိုင်ရေးအတွက် ULA ၏ ပညာရေးဌာနက စီစဉ်နေခြင်း ဖြစ်သည်။
" ပညာရေးဌာနတွေမှာ ဆရာ/ ဆရာမ ဝန်ထမ်းခေါ်နေတာပါ။ အသစ်ဝင်လာမယ့် ဝန်ထမ်းအသစ်တွေကိုလည်း ဝါရင့် ဆရာ/ဆရာမတွေက သင်တန်းပို့ချပေးသွားမယ့် အစီအစဥ်တွေလည်း ရှိပါတယ်။ ကျနော်တို့ မြို့နယ်မှာတော့ လာမယ့်နှစ်ကို ပညာရေး ပုံမှန်လည်ပတ်နိုင်မယ်လို့ ထင်တယ် " မောင်တောမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။
ရခိုင်တိုက်ပွဲများနှင့် ပြည်သူများမှာ နေရာအနှံ့တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်း၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။
သို့သော်လည်း ယခုအခါ ကလေးသူငယ်များ ပညာရေးနှင့် အလှမ်းမဝေးစေရန် ထိုသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ပညာရေးအသိုင်းဝိုင်းက ပြောသည်။
" တိုက်ပွဲတွေ ပြီးကတည်းက အဆင်ပြေမယ့်နေရာမှာ စာသင်ကြတယ်။ စာသင်ကျောင်းမှာတော့ မဟုတ်ဘူးပေါ့။ ဆရာတွေအားလုံးလည်း အလုပ်ပြန်မဝင်နိုင်ကြသလို ကလေးတွေအားလုံးလည်း ကျောင်းမတက်နိုင်ခဲ့ကြဘူး။ နောက်နှစ် စာသင်နှစ် စရင်တော့ အားလုံး စနစ်တကျနဲ့ ကျောင်းပြန်ဖွင့်နိုင်ရင် ပိုကောင်းမယ်လို့ မြင်ပါတယ် " ဟု မြောက်ဦးမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။
ရခိုင်တွင် ကျောင်းပိတ်ထားရခြင်း၏ အကျိုးဆက်အဖြစ် ကျောင်းသား၊ ကျောင်းသူများမှာ ပညာရေးနှင့် အလှမ်းဝေးခဲ့ကာ အသက်ကြီးလာ၍ ကျောင်းပြင်ပသို့ ရောက်သွားခဲ့သူလည်း အများအပြားရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိရခိုင်တွင် ပရဟိတ စာသင်ပေးနေသည့် စာသင်ကျောင်းအချို့နှင့် မိဘများ၏ စုပေါင်းငွေဖြင့် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများသာ လည်ပတ်နေပြီး ကလေးအများအပြားမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြသည်။
" ဆရာမတို့ဘက်မှာလည်း စာသင်ဖို့လုပ်နေကြပြီ။ တချို့ရွာတွေကလည်း တော်တော်လေး အဆင်ပြေပြေ သင်နေကြပြီ။ တချို့ကလည်း အခုမှ စီစဥ်နေကြတုန်းပေါ့။ ဆရာ၊ဆရာမတွေကတော့ ပရဟိတ သင်သလို တချို့ကျတော့လည်းကျေးရွာက ထောက်ပံ့ပေးတာတွေ ရှိတယ် " ဟုသံတွဲမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။
ရခိုင် တိုက်ပွဲအကျိုးဆက်ကြောင့် ဒေသခံ ၆ သိန်းကျော်မှာ နေရပ်စွန့်ခွာနေရပြီး တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်လူငယ်များမှာလည်း စာသင်ခန်းပြင်ပသို့ ရောက်ရှိသွားကာ ပညာရေးလမ်း တစ်ခန်းရပ်နေခဲ့ကြောင်း ကျောင်းသားမိဘများက ပြောသည်။
ယင်းကြောင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာရေးကဏ္ဍ စနစ်တကျလည်ပတ်နိုင်ရေး ကျောင်းသား မိဘများနှင့် ဆရာ/ဆရာမများက မျှော်လင့်နေကြသည်။