- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အပစ်ရပ်သက်တမ်းကုန်ချိန် AA ထိုးစစ်ပြန်စနိုင်မလား
လက်ရှိတွင် ရခိုင်ဒေသရှိ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များတွင် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်နားထားပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ၊ လက်နက်ကြီး၊ ဒရုန်းများကို အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
29 Apr 2025

DMG ၊ ဧပြီ ၂၉
ငလျင်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်အောင်လုပ်ဆောင်နိုင်ရန် တစ်လကြာ အပစ်ရပ်ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်မှုသည် မကြာခင်သက်တမ်း ကုန်တော့မည်ဖြစ်သည်။
မဟာမိတ်၏သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ ဧပြီ ၁ ရက်ကနေ ဧပြီ ၃၀ ထိ တစ်ဖက်သတ် အပစ်ရပ်မည်ဟု ကြေညာထားခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်ဒေသရှိ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များတွင် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်နားထားပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ၊ လက်နက်ကြီး၊ ဒရုန်းများကို အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
သို့သော် ထိုသို့ အပစ်ရပ်ထားချိန် AA ထိန်းချုပ်ခဲ့သည့် လိပ်ခမော်၊ မလကျွန်းနှင့် ပြင်ရှည်ကျေးရွာများကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ယင်းကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရသည်။
ကျောက်ဖြူဒေသခံတစ်ဦးက “ ကျနော်တို့ကြားရသလောက်တော့ တိုက်ပွဲအခြေအနေက စစ်ကောင်စီဖက်က စစ်ကြောင်းတွေ ဖြန့်ကျက်ပြီး ထိုးစစ်တွေဆင်တယ်။ လက်နက်ကြီးပစ်တာတွေ၊ ဒရုန်းတွေနဲ့ ပစ်တာတွေ နေ့တိုင်းလုပ်ဆောင်နေတယ်။ AA ဖက်ကတော့ ဒါတွေကို ခုခံနေတဲ့သဘောလို့ မြင်ရတယ်။ ထိုးစစ်ဆင် တိုက်ခိုက်နေတာတော့ မရှိဘူး ” ဟု ပြောသည်။
ယင်းအပြင် စစ်တွေမြို့နယ်တွင်လည်း AA ကထိုးစစ်ဆင်မှုများမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု နေ့စဉ်ပြုလုပ်နေသောကြောင့် နေအိမ်မီးလောင်ပျက်စီးမှုများရှိနေသည်။
စစ်တွေတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုများသည် ဝါဘို၊ မင်းလှ၊ တောကန်၊ ဇော်မဒတ် စသည့် ကျေးရွာအနီးနှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ကကျေးရွာများကို ဦးတည်နေသည်ကို တွေ့ရသည်။
” လက်နက်ကြီးကတော့ နေ့တိုင်းပစ်ခတ်မှုတွေရှိတယ်။ AA က ထိုးစစ်ဆင်တာတော့ မရှိဘူး။ စစ်ကောင်စီ လက်နက်ကြီးပစ်လို့ နေအိမ်တွေမီးလောင်ပျက်စီးတာတွေရှိတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် အာရက္ခတပ်တော်၏ ထိုးစစ်များသည် မကွေးနယ်စပ်၊ ပဲခူးတိုင်းတို့တွင် ထိုးစစ်မရှိဘဲ ရပ်နားသော်လည်း စစ်ကောင်စီ၏ ထိုးစစ်များကို ခုခံတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ရခြင်းဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်များက DMG ကိုပြောသည်။
ထိုသို့ စစ်ကောင်စီ၏ ထိုးစစ်များကြောင့် မကြာမီကာလတွင် AA ၏ ထိုးစစ်များမှာ တစ်ဖန်ပြင်းထန်လာနိုင်ခြေရှိကြောင်း နိုင်ငံရေး၊ စစ်ရေး အကဲခတ်တို့က သုံးသပ်နေကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “AA ကတော့ အပစ်ခတ်ရပ်စဲရေးပြီးသွားရင် တိုက်ပွဲ ပြန်ဖော်မှာတော့ သေချာပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ တိုက်ပွဲက ပြီးမှမပြီးသေးတာ။ အဆုံးသတ်တိုက်ပွဲကတော့ သူရဲ့ စစ်ရေး ရည်းမှန်းချက်ကတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီတပ်တွေကင်းစင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်။ အခုဆို မြို့ ၃ မြို့ကျန်သေးတဲ့ဆိုတော့ တိုက်ပွဲတွေက ပြင်းထန်လာမယ်ဆိုတာသေချာပါတယ် ” ဟု ပြောသည်။
တစ်လကြာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ပြီးနောက်ပိုင်း ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနှင့် ပေါက်တောမြို့နယ် တို့ကို တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှု၊ စက်တပ်လေထီးဖြင့် တိုက်ခိုက်မှု၊ ရေတပ်သင်္ဘောများဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီလ ၂၄ ရက် ထုတ်ပြန်ထားသည်။