နွေဦးတော်လှန်ရေးကြောင့် တစ်ကျော့ပြန် အသက်ဝင်လာသော  ‘မဟာမီဇိုရမ်’ အယူအဆ 

ချင်းပြည်နယ်သည် နယ်စပ်တဘက်ရှိ မီဇိုရမ်ပြည်နယ်မှ လိုလိုလားလား အားပေးကူညီမှုကို ရထားသည်ဖြစ်ရာ မြန်မာစစ်ကောင်စီအနေဖြင့် ဤဒေသကို အလွယ်တကူ ပြန်သိမ်းနိုင်မည် မဟုတ်ပေ။ ကာလတစ်ခုကြာ နယ်စပ်ဖြတ်ကျော် အချိတ်အဆက်များသည် ယခုအခါ မဟာမီဇိုရမ်အဖြစ် အသွင်ပြောင်းလာနေသည်။

By Admin 29 Apr 2025

 ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရသည့် မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် ကေ-ဗန်လာဗီနာ။ ဓာတ်ပုံ - Channel News Independent
ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရသည့် မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် ကေ-ဗန်လာဗီနာ။ ဓာတ်ပုံ - Channel News Independent


မြန်မာ့နွေဦးတော်လှန်ရေးမှ မရည်ရွယ်ဘဲ ပေါ်ထွက်လာသည့် နောက်ဆက်တွဲများအနက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်မှ လူမျိုးစုများအကြား သမိုင်းဝင် ပေါင်းစည်းသွားစေသည့် အချက်ဖြစ်သည်။ 

ဤဒေသတွင် မီဇို-ချင်း-ကူကီး-ဇို မျိုးနွယ်စုများ နေထိုင်ကြသည်။ သူတို့သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး မတူကွဲပြားသည့် ဒေသိယစကား အမျိုးမျိုးကို ပြောဆိုကြသော်လည်း မြန်မာစစ်ကောင်စီကို ဖြုတ်ချရေးတွင်မူ စည်းလုံးညီညွတ်ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်းလများအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ဒုက္ခသည် ထောင်ပေါင်းများစွာသည် နယ်စပ်ဖြတ်ကာ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ခိုလှုံခဲ့ကြသည်။ ဤဖြစ်စဉ်များသည် ၁၉၈၈ ခုနှစ် အုံကြွမှုကြီး ကာလက အခြေအနေများ တကျော့ပြန် ဖြစ်ပွားလာခြင်းလည်း ဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် ဒုက္ခသည်များကို အစွမ်းကုန် ကူညီသည်။ မီဇိုရမ်အစိုးရသည် ပြည်နယ်တစ်ဝန်းတွင် ဒုက္ခသည်များအတွက် သီးသန့်နေရာများထားကာ ဒုက္ခသည်စခန်းများ ဆောက်ပေးသည်။ အရပ်ဘက် အဖွဲ့အစည်းများကလည်း ဒုက္ခသည်များကိုကူညီရန် ရင်းမြစ်များ ရသလောက်ရှာကြံ စုဆောင်းပေးကြသည်။ လက်ရှိတွင် အဆိုပါဒုက္ခသည် စုစုပေါင်းမှာ ၃၁,၀၀၀ ခန့်ရှိမည်ဟု ယူဆရသည်။

မီဇိုရမ်သည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ကီလိုမီတာ ၅၁၀ ထိစပ်နေသည်။ နှစ်ဘက်လုံးမှ ဒေသခံများသည် ယခင်က အကန့်အသတ်မရှိဘဲ အပြန်အလှန် သွားလာခွင့် ရှိသည်။ မကြာသေးခင်ကမှ အိန္ဒိယအစိုးရသည် နယ်စပ်တလျှောက် ဖြတ်သန်းသွားလာခွင့်ကို ထိန်းချုပ်ခဲ့သည်။ သို့သော်လည်း နယူးဒေလီက နယ်စပ်တလျှောက် ခြံစည်းရိုးကာမည့် အစီအစဉ်ကိုမူ မီဇိုရမ်ပြည်နယ် အပါအဝင် မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပြည်နယ်များကပါ ကန့်ကွက်ခဲ့ကြသည်။

မြန်မာလက်နက်ကိုင် အုပ်စုများမှ တက်ကြွလှုပ်ရှားသူများ မီဇိုရမ်တွင် ဝင်ရောက်ခိုလှုံကြခြင်းသည် အံ့သြစရာတော့ မဟုတ်ပါပေ။ ချင်းပြည်နယ်ရှိ တော်လှန်ရေး လှုပ်ရှားမှုကို မီဇိုရမ်ဘက်က အားပေးကူညီခြင်းသည် မြန်မာစစ်ကောင်စီ၏ ဟန်ချက်ကို ယိုယွင်းအောင် လုပ်ဆောင်ရာ၌ အဓိကကျသည်။ လက်ရှိတွင်လည်း တော်လှန်ရေး အုပ်စုအချို့၏ လှုပ်ရှားမှုများကို အတည်ကောက်ယူရမည် ဆိုပါက ချင်းပြည်နယ်တွင် မြန်မာစစ်တပ်၏ ထိန်းချုပ်ဧရိယာသည် ၁၅ ရာခိုင်နှုန်းကျော်၊ ၂၀ ရာခိုင်နှုန်းခန့်ထက် မပိုပေ။

ပြီးခဲ့သော သုံးနှစ်တာအတွင်း စာရေးသူသည် ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် တော်လှန်ရေးတပ် အများအပြားနှင့် အကြိမ်ကြိမ် တွေ့ဆုံမှုများရှိခဲ့ရာ၌ ၎င်းတို့က မီဇိုရမ်ပြည်နယ်မှ အကူအညီများ ရရှိသည့်အပေါ် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့သည်။

မြန်မာ့ဖြစ်စဉ်ထဲက မီဇိုရမ်

ချင်းပြည်သူလူထုသည် နွေဦးတော်လှန်ရေး မဖြစ်ပွားမီ ယခင့်ယခင်တည်းက မီဇိုရမ်ပြည်နယ်ကို နည်းမျိုးစုံဖြင့် မှီခိုလာခဲ့ကြသူများ ဖြစ်သည်။ အကြောင်းရင်းမှာ ချင်းသည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး စီးပွားရေးမှာလည်း အကြီးအကျယ် ဆိုးရွားနေသောကြောင့် ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ရပ်၌ ချင်းပြည်နယ်တွင် ဆင်းရဲသော သို့မဟုတ် စားနပ်ရိက္ခာ ဖူလုံမှု သတ်မှတ်ချက် မပြည့်မီသော အိမ်ထောင်စု အရေအတွက်သည် ၈၀ ရာခိုင်နှုန်း နီးပါးအထိ ရှိသည်ဟု ဖော်ပြထားသည်။

ချင်းလူထု အများအပြား၊ အထူးသဖြင့် အိန္ဒိယနယ်စပ် အနီးတဝိုက်တွင် နေထိုင်ကြသူများသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် မီဇိုရမ်ပြည်နယ်ကို အကြီးအကျယ် မှီခိုနေကြရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့သည် မီဇိုရမ်တွင် အလုပ်လုပ်သည်။ မီဇိုရမ်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ကြသည်။ 

မီဇိုရမ်မှ တင်ပို့သည့် အိန္ဒိယကုန်စည်များမှာ ဆေးဝါး၊ လောင်စာဆီ၊ ဆိုလာပြား၊ ဟင်းရွက်ဆီ၊ ဆားနှင့် အဝတ်အထည်များမှသည် မူးယစ်ဆေးထုတ်လုပ်ရာတွင် သုံးသည့် အခြေခံ ဓာတုပစ္စည်းများအထိ ပါဝင်သည်။ အိန္ဒိယမှ ချင်းပြည်နယ်အပါအဝင် အခြား နယ်စပ်ဒေသများသို့ လောင်စာဆီနှင့် ဆေးဝါး တင်ပို့မှုမှာ နွေဦးတော်လှန်ရေး နောက်ပိုင်းတွင် အလုံးအရင်း မြင့်တက်သွားသည်။ မြန်မာစစ်တပ်ကျင့်သုံးသည့် ဖြတ်လေးဖြတ် စစ်ဆင်ရေးအရ စစ်ကောင်စီသည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေများဆီသို့ ဗမာပြည်မဘက်မှ စီးဆင်းသည့် ထောက်ပံ့ရေး လမ်းကြောင်းများကို တမင် ဖြတ်တောက်လိုက်သောကြောင့် ဖြစ်သည်။

ချင်းပြည်နယ် (နှင့်ရခိုင်ပြည်နယ်) ယခုအထိ စာနာမှု အကျပ်အတည်းကြီးကို ပြင်းပြင်းထန်ထန် မကြုံရသေးခြင်းသည် အဓိကအားဖြင့် မီဇိုရမ်မှတစ်ဆင့် ထောက်ပံ့ရေးလမ်းကြောင်း အများအပြားဖြင့် အခြေခံကုန်စည်များ တင်သွင်းနိုင်သေး၍ ဖြစ်သည်။ စျေးနှုန်းများ ခေါင်ခိုက်နေသလို စျေးနှုန်းအပြောင်းအလဲ မြန်တတ်သည်  ဆိုသော်ငြား နယ်စပ်တဘက်တချက်ရှိ အသိုင်းအဝိုင်း နှစ်ခုကြားတွင် အဆိုပါ ဖြစ်ရပ်များကြောင့် နီးကပ်သည့် ဆက်ဆံရေးတစ်ရပ် ပေါ်ထွက်လာသည်ကို မငြင်းသာပေ။

 “မဟာမီဇိုရမ်” နှင့် ချင်းပြည်နယ်

မီဇို-ကူကီး-ဇို တိုင်းရင်းသား အုပ်စုများသည် မီဇိုရမ်အပြင် ဆက်စပ်နေသည့် အိန္ဒိယပြည်နယ်များ ဖြစ်သော မဏိပူရ၊ အာသံ၊ တြိပူရတို့တွင် နေထိုင်ကြပြီး အဆိုပါပြည်နယ်များသည်လည်း အုပ်ချုပ်ရေးစီရင်စု တစ်ခုတည်း အောက်တွင်ရှိနေခြင်း ဖြစ်သည်။ ဤသို့ဖြင့် အဆိုပါ နယ်မြေများအားလုံးကို ပေါင်းစုပြီး “မဟာမီဇိုရမ်” ပြည်နယ်ကို မျှော်မှန်းသည့် တောင်းဆိုချက်သည် ပြီးခဲ့သည့် နှစ်များအတွင်း အားကောင်းလာခဲ့သည်။ ဤအိုင်ဒီယာ ထွက်ပေါ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ မီဇိုရမ်ပရာဒက်ရှ် လွှတ်တော်ကော်မတီသည် ၎င်း၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မဟာမီဇိုရမ်ပြည်နယ် တောင်းဆိုချက်ကို ထည့်သွင်းထားသည်။ မီဇိုအမျိုးသားတပ်ဦး (Mizo Nationa Front - MNF) သည်လည်း ၁၉၈၆ မီဇိုသဘောတူညီချက် ရရှိရေးအတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်စဉ် ထိုဧရိယာများ ပေါင်းစည်းရေးအတွက် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် မေလတွင် မဏိပူရပြည်နယ်၌ စတင်ဖြစ်ပွားခဲ့သည့် လူမျိုးရေးအဓိကရုဏ်းများနှင့်အတူ ဤအိုင်ဒီယာသည် တကျော့ပြန် အားကောင်းလာခဲ့ပြန်သည်။ ထိုအဓိကရုဏ်းများကြောင့် ကူကီး-ဇို လူမျိုး တစ်သောင်းခန့်သည် နေရပ်စွန့်ကာ မီဇိုရမ်သို့ ထွက်ပြေးခဲ့လှုံခဲ့ရသည်။ မီဇိုရမ်တွင် ၂၀၂၄ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပစဉ် ကာလ၌လည်း ဤအိုင်ဒီယာသည် စည်းရုံးရေးကိစ္စရပ်တစ်ခု ဖြစ်ခဲ့ပြီး နိုင်ငံရေးပါတီတိုင်းသည် အသိုင်းအဝိုင်းအားလုံးကို ပေါင်းစည်းရေးအတွက် ငြင်းခုံဆွေးနွေးခဲ့ကြသည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် ချင်းပြည်နယ်ကို ထည့်သွင်းမည့် မဟာမီဇိုရမ် အယူအဆ အတိမ်အနက်ကို ပိုမို ကျယ်ပြန့်သွားစေခဲ့သည်။ ပြီးခဲ့သော ၂ နှစ်ခန့်အတွင်း ဖြစ်ထွန်းပြောင်းလဲမှုအချို့က ဤအချက်ကို အလုံအလောက် သက်သေပြခဲ့ပြီး ဖြစ်သည်။ မီဇိုရမ်ပြည်နယ် အစိုးရကဆိုလျှင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက မြန်မာဘက်မှ ဒုက္ခသည်များ ဝင်လာခြင်းကို တားဆီးရန် ၂၀၂၁ ခုနှစ်က အမိန့်ထုတ်ပြန်သည်ကို ငြင်းဆန်ခဲ့သည်။ ထို့အပြင် မြန်မာစစ်ကောင်စီကို တော်လှန်ရာ၌ ချင်းတော်လှန်ရေး တပ်များအကြား ပိုမိုညီညွတ်စေရန်အတွက် မီဇိုရမ်မှ လူထုခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ ဦးစီးပြီး ဤပြည်နယ်ထဲ၌ပင် အစည်းအဝေးများ ကျင်းပလိုက်ကြသေးသည်။

၂၀၂၄ ခုနှစ်တွင် အိုက်ဇောအခြေစိုက် ဇို ပြန်လည်ပေါင်းစည်းရေး အဖွဲ့ (ZORO) သည် ချင်းပြည်နယ်ထဲရှိ ဇိုမီး တော်လှန်ရေးအဖွဲ့ (ZRO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) အကြား မကြေလည်မှုများကို အဆုံးသတ်နိုင်ရေးအတွက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြသည်။ ဤနှစ်ဖွဲ့သည် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်တွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည့် အဖွဲ့များလည်း ဖြစ်သည်။ ZORO ၏ အားထုတ်မှုများကြောင့် လက်နက်ကိုင်နှစ်ဖွဲ့၏ ခေါင်းဆောင်များအကြားတွင် နှစ်ဖွဲ့အကြား လက်နက်ကိုင် ပဋိပက္ခများကို ရှောင်ရှားရန် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်။

၂၀၂၅ ခုနှစ် မတ်လအစောပိုင်း၌ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုမာ (Lalduhoma) သည် ချင်းပြည်နယ်မှ လက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်များကို ဦးဆောင်ဖိတ်ကြားကာ ဤအုပ်စုများအကြား အပြန်အလှန် ပျက်စီးမှုဖြစ်စေမည့် အငြင်းအခုံများကို အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်စေခဲ့သည်။ ချင်းပြည်ကောင်စီ (CC) နှင့် ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) တို့အကြား စုစည်းပြီး ချင်းအမျိုးသားကောင်စီ (CNC) တစ်ရပ် ဖွဲ့စည်းရန်အတွက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဘောတူခဲ့ကြသည်အထိ ဤအစည်းအဝေးက သက်ရောက်မှုရှိခဲ့သည်။

ဤအပြောင်းအလဲ မတိုင်မီကလည်း မီဇိုရမ်လွှတ်တော်အမတ် ကေ-ဗန်လာဗီနာ (K. Vanlalvena) သည် ချင်းပြည်နယ်ထဲရှိ ချင်းပြည်ကောင်စီ၏ ရုံးတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့သေးသည်။ ထိုရုံး၌ သူသည် မဟာမိတ် အဖွဲ့ဝင်များအား အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းရန် ဖိတ်ကြားခဲ့သည်။ မြန်မာစစ်ကောင်စီကလည်း  အိန္ဒိယနိုင်ငံရေးသမားများအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမည့် “ကိုယ်ကျိုးရှာသည့် လုပ်ရပ်များ” ကို ရှောင်ရှားကြရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ပြတ်ပြတ်သားသားပင် တုံ့ပြန်ခဲ့သည်။

တောင်ကိုရီးယား ကွင်းဆက်

မီဇိုရမ်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားသော မီဇို-ကူကီး-ဇို-ချင်း အသိုင်းအဝိုင်းများအကြားက ဆက်နွယ်မှုသည် ကိုရီးယား ဇာတ်ကားများကြောင့် ပိုမိုအားကောင်းလာသည်ဟု ပြောလျှင် ထူးဆန်းမည်။

သက္ကရာဇ် ၂၀၀၀ အလွန် အစောပိုင်းနှစ်များတွင် Arirang ဟုခေါ်သည့် ကိုရီးယား အခမဲ့ရုပ်သံလိုင်းတစ်ခု အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ခေတ်စားလာခဲ့ပြီး အိုက်ဇောဒေသခံများသည်လည်း ဤရုပ်သံလိုင်း၏ ပရိသတ်များဖြစ်သည်။ အိန္ဒိယ၏ နိုင်ငံတော်ရုပ်သံလိုင်း Doordarshan က မီဇိုဘာသာစကားဖြင့် မထုတ်လွှင့်နိုင်သည့်အတွက်လည်း ဤကိုးရီးယား ရုပ်သံလိုင်းသည် အဓိကအားကောင်းသွားခဲ့သည်။ ချင်းပြည်နယ်တွင်လည်း ဒေသခံဘာသာစကားများဖြင့် ထုတ်လွှင့်သည့် ရုပ်သံလိုင်း မရှိသဖြင့် အဆိုပါဟာကွက်ကို Arirang က နေရာဝင်ယူသွားခဲ့သည်။

၂၀၁၀ အလွန် အစောပိုင်းနှစ်များ၌ မီဇိုရမ်ပြည်နယ်တွင် ဒေသန္တရ ရုပ်သံလိုင်း LPS သည် ကိုရီးယား ဇာတ်လမ်းတွဲ ၁၅ ခုထက်မနည်း ထုတ်လွှင့်ခဲ့သည်။ ကြည့်ရှုသူများ အများအပြား ရှိလာသည့်အတွက် LPS သည် ထုတ်လုပ်ရေးဌာန နှစ်ခုအထိ ဖွဲ့စည်းကာ ကိုရီးယား ဇာတ်လမ်းတွဲများကို မီဇိုဘာသာဖြင့် စာတန်းထိုးခြင်း၊ နောက်ခံစကားပြောခြင်း (Dubbing) များအထိ ပေါင်းစပ်ထုတ်လွှင့်ခဲ့သည်။ ၎င်းတို့ ဖြန့်ချိသည့် CD နှင့် DVD များဆိုလျှင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ တာဟန်းရပ်ကွက်အထိ ရောက်သည်ကို စာရေးသူကိုယ်တိုင် လွန်ခဲ့သည့် ၂ နှစ်ခန့်က မြင်ခဲ့ရသည်။

နောက်ဆက်တွဲ ရလဒ်အဖြစ် နယ်စပ်တဘက်တချက်တွင် ပြောဆိုကြသည့် ဘာသာစကားပေါင်း ၄၀ ထက်မနည်း ရှိသည့်အနက် မီဇိုစကားသည် အများသုံး ဘာသာစကား ဖြစ်လာခဲ့သည်။ 

ချင်းပြည်နယ်သည် နယ်စပ်တဘက်ရှိ မီဇိုရမ်ပြည်နယ်မှ လိုလိုလားလား အားပေးကူညီမှုကို ရထားသည်ဖြစ်ရာ မြန်မာစစ်ကောင်စီအနေဖြင့် ဤဒေသကို အလွယ်တကူ ပြန်သိမ်းနိုင်မည် မဟုတ်ပေ။ ကာလတစ်ခုကြာ နယ်စပ်ဖြတ်ကျော် အချိတ်အဆက်များသည် ယခုအခါ မဟာမီဇိုရမ်အဖြစ် အသွင်ပြောင်းလာနေသည်။ နယူးဒေလီဘက်ကလည်း နားလည်မှုဖြင့် ပံ့ပိုးကူညီသည်များ ရှိနေသည်ဖြစ်ရာ မဟာမီဇိုရမ် အယူအဆမှာ နောက်ပြန်လှည့်မည့်ပုံ ရှိမနေတော့ပေ။

ရာဗီချန်ဒရာကူးမား

The Diplomat တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Concept of ‘Greater Mizoram’ Gets a Shot in the Arm From Myanmar’s Spring Revolution by Rajeev Bhattacharyya ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ Rajeev Bhattacharyya သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှ အကြီးတန်း သတင်းထောက်တစ်ဦး ဖြစ်သည်။