ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း

ဒေါ်နယ်ထရမ့် ပထမတစ်ကြိမ် သမ္မတဖြစ်ခဲ့စဉ်က အမေရိကန်နှင့် အိန္ဒိယအကြားတွင် ဆက်ဆံရေး ထွန်းကားဝေဆာခဲ့သည်။ ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာချိန်တွင်မူ ယူကရိန်းစစ်ပွဲနှင့် စပ်လျဉ်း၍ မနည်းလှသည့် သဘောထားကွဲလွဲမှုများ ရှိလာပြီး နှစ်နိုင်ငံဆက်ဆံရေး စတင် ယိုယွင်းလာခဲ့သည်။

By Admin 17 Feb 2025

ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် အရှေ့ဘက်အခန်းတွင် ကြာသပတေးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ လက်ဆွဲနှုတ်ဆက်ကြစဉ်။ (ဓာတ်ပုံ - AFP)
ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် အရှေ့ဘက်အခန်းတွင် ကြာသပတေးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ လက်ဆွဲနှုတ်ဆက်ကြစဉ်။ (ဓာတ်ပုံ - AFP)

ဒေါ်နယ်ထရမ့် ပထမတစ်ကြိမ် သမ္မတဖြစ်ခဲ့စဉ်က အမေရိကန်နှင့် အိန္ဒိယအကြားတွင် ဆက်ဆံရေး ထွန်းကားဝေဆာခဲ့သည်။ ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာချိန်တွင်မူ ယူကရိန်းစစ်ပွဲနှင့် စပ်လျဉ်း၍ မနည်းလှသည့် သဘောထားကွဲလွဲမှုများ ရှိလာပြီး နှစ်နိုင်ငံဆက်ဆံရေး စတင် ယိုယွင်းလာခဲ့သည်။

မကြာသေးမီက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် သမ္မတဒေါ်နယ်ထရမ့်တို့ အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ကြရာ ဤအရေးပါသော ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန်အတွက် ပထမဆုံးခြေလှမ်း ဖြစ်လာနိုင်သလား ဟူသော မေးခွန်းလည်း ထွက်ပေါ်လာတော့သည်။

ဒေါ်နယ်ထရမ့်သည် ခေါင်းဆောင်များအကြားရှိ ပုဂ္ဂိုလ်ရေးဆိုင်ရာ နှောင်ကြိုးများက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်ခံ့စေသည်ဟူသော ၎င်း၏ယုံကြည်ချက်ကို လျှို့ဝှက်ထားခြင်း မရှိခဲ့ပေ။ မစ္စတာ ထရမ့်နှင့် မစ္စတာ မိုဒီတို့တွင် တူညီသောသရုပ်သကန်များ ရှိကြသည်မှာ သေချာလွန်းလှပေသည်။

နှစ်ဦးစလုံးသည် ဆူညံပွက်လောရိုက်နေသော လူအုပ်စုကြီးကို အတုအယောင်စကားလုံးများ၊ လုပ်ဆောင်ချက်များ၊ လူအများအာရုံစိုက်စေရန် လူပြိန်းကြိုက်ဆောင်ရွက်ချက်များဖြင့် စိတ်ဖြေသိမ့်စရာ ကျေနပ်နှစ်သိမ့်မှု ပေးရသည်ထက် အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားများအဖြစ် ရပ်တည်ရသည်ကို အနည်းငယ် ပိုမို နှစ်ခြိုက်ကြပေသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ၌ ဟူစတန်တွင် ကျင်းပသော လူထုစုဝေးပွဲတစ်ခုဆီသို့ ၎င်းတို့နှစ်ဦး အတူအကွ တက်ရောက်ခဲ့ကြပြီး ယင်းလူထုစုဝေးပွဲသို့ အိန္ဒိယ-အမေရိကန်နိုင်ငံသား ၅၀,၀၀၀ နှင့် အမေရိကန်လွှတ်တော်အမတ်အများအပြား တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီလ၌ အာမီဒါဘတ်ဘ်တွင် လူပေါင်း ၁၀၀,၀၀၀ ကျော်ကို မိန့်ခွန်းပြောကြားရာတွင်လည်း သမ္မတ ထရမ့်က "အမေရိကန်က အိန္ဒိယကို ချစ်တယ်။ အမေရိကန်က အိန္ဒိယကို လေးစားပါတယ်၊ အမေရိကဟာ အိန္ဒိယပြည်သူတွေအတွက် အမြဲတမ်း သစ္စာရှိပြီး အိန္ဒိယပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်မယ့် မိတ်ဆွေတွေပါ" ဟု ထည့်သွင်းကြေညာသွားခဲ့သည်။

အမေရိကန်-အိန္ဒိယ ဆက်ဆံရေးသည် ၂၀၂၂ ခုနှစ်၌ ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်လိုက်ပြီးသည့်နောက်တွင် ပိုမိုဆိုးရွားသောအခြေအနေဆီသို့ လှည့်ပြောင်းဦးတည်သွားခဲ့သည်။

ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့သည် ရုရှားကို အပြစ်ပေးရန်အတွက် အမေရိကန်၏ မဟာမိတ်များနှင့် မိတ်ဖက်များကို ၎င်း၏လှုပ်ရှားမှုတွင်ပါဝင်ရန် စည်းရုံးခဲ့ပြီး အပြုအမူများကို ပြောင်းလဲပေးရန် ဖြစ်နိုင်ခြေရှိသမျှ အကောင်းဆုံး တွန်းအားပေးခဲ့သည်။

သို့သော် အိန္ဒိယသည် ဤကြိုးပမ်းအားထုတ်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ ကင်းကင်းရှင်းရှင်း အလှမ်းဝေးကွာစွာ ရပ်တည်၍ ကြားနေအဖြစ် ရပ်တည်ခဲ့ပြီး ရုရှားရေနံကို ဈေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်မည့်အခွင့်အရေးကို ဖမ်းဆုပ်ထားခဲ့သည်။

အခြားသော အငြင်းအခုံအဖြစ်အပျက်များလည်း ရှိခဲ့သေးသည်။ ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့သည် အိန္ဒိယနယ်စပ် မဏိပူရပြည်နယ်တွင် မတည်ငြိမ်သောဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့သည့် တရားမဝင်အကူအညီများကို ပေးပို့ခဲ့ခြင်း၊ မြန်မာနိုင်ငံအပေါ် တင်းကျပ်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြင့် မြန်မာစစ်အစိုးရကို အားနည်းသွားစေရန် ကြိုးပမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့သေးသည်။

မစ္စတာဘိုင်ဒင် သည် ပါကစ္စတန်စစ်တပ်က ကျောထောက်နောက်ခံပြုထားသော အစိုးရကို နိုင်ငံ၏ F-16 တိုက်လေယာဉ်များ အဆင့်မြှင့်တင်ရန်အတွက် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ (ဘတ် ၁၅ ဘီလီယံ) သဘောတူညီချက်ကို အတည်ပြုခြင်းဖြင့် နှစ်သိမ့်ဆက်ဆံမှုများလည်း ဆောင်ရွက်ခဲ့သည်။

အလားတူညီစွာပင် ဘိုင်ဒင်သည် ပြီးခဲ့သည့်ဩဂုတ်လ၌ အိန္ဒိယနှင့်ရင်းနှီးကျွမ်းဝင်မှုရှိသော ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖြုတ်ချပြီးနောက် ဘင်္ဂလားဒေ့ရှ်စစ်တပ်က စင်တင်လိုက်သည့် ယာယီအစိုးရကို ကြိုဆိုခဲ့ပြန်သည်။

ထိုအချိန်မှစတင်၍ ဘင်္ဂလားဒေ့ရှ်၏ လျင်မြန်လှသောယိုယွင်းမှု အရှိန်အဟုန်သည် တရားလက်လွတ် ဥပဒေမဲ့ပြုကျင့်မှုနှင့် အစ္စလာမ္မစ်အကြမ်းဖက်မှုဆီသို့ ဦးတည်သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် တရားမဝင်အခြေချနေထိုင်သူ သန်းနှင့်ချီရှိနေပြီဖြစ်သည့် အိန္ဒိယနိုင်ငံအတွက် လုံခြုံရေးအန္တရာယ်များ မြင့်တက်လာစေခဲ့သည်။

အမေရိကဘက်က ၎င်း၏မြေပေါ်ရှိ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်များထံ ချဉ်းကပ်မှုကလည်း အိန္ဒိယနိုင်ငံ၏ ဒေါသကို မြင့်တက်သွားစေခဲ့သည်။ ဘိုင်ဒင်အစိုးရအဖွဲ့ လက်အောက်တွင် အမေရိကန်သည် အမေရိကန်နှင့် ကနေဒါရှိ ဆစ်ခ်စစ်သွေးကြွများကို အိန္ဒိယက လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှု၊ ပါဝင်ပတ်သက်မှုတို့ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခဲ့သေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း မစ္စတာ ဘိုင်ဒင်သည် ဒီလာဝဲ၌ မစ္စတာ မိုဒီနှင့် မတွေ့ဆုံမီ ရက်ပိုင်းအလိုတွင် အိမ်ဖြူတော် အကြီးတန်းအရာရှိများနှင့် အမေရိကန် ထောက်လှမ်းရေး အရာရှိများက ဆစ်ခ် ခွဲထွက်ရေးသမားများနှင့် တွေ့ဆုံခဲ့ကာ ၎င်းတို့ကို "နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုများမှ အကာအကွယ်ပေးမည်" ဟု ပြောကြားခဲ့သည်။

နောက်လတွင်လည်း အိန္ဒိယ၏ အလိုအရှိဆုံးစာရင်းတွင် ပါဝင်သော နယူးယောက်အခြေစိုက် ဆစ်ခ်စစ်သွေးကြွတစ်ဦးကို သတ်ရန်ကြိုးပမ်းရာတွင် မအောင်မြင်ဘဲ ကျရှုံးခဲ့သော အိန္ဒိယထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးကို အမေရိကန်က တရားစွဲဆိုခဲ့သည်။

ယခုနောက်ခံအခြေအနေကို ဆန့်ကျင်၍ ပြီးခဲ့သည့်နိုဝင်ဘာလက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် မစ္စတာ ထရမ့်၏အောင်ပွဲ ဖြစ်သွားခဲ့ခြင်းက မည်သည့်အတွက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင်ရန် အိန္ဒိယအတွက် မျှော်လင့်ချက်များ တိုးပွားလာသည်ကို သိသာထင်ရှားစွာ လွယ်လင့်တကူ မြင်နိုင်စေခဲ့သည်။

သမ္မတထရမ့်က ယူကရိန်းစစ်ပွဲ မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ရေးအတွက် အကြိမ်ကြိမ် ကတိပြုပြောကြားလိုက်ခြင်းသည် ယင်းပဋိပက္ခဖြစ်စဉ်၌ ဘက်တစ်ဖက်ကို ရွေးချယ်ရပ်တည်ခြင်း မပြုရန် ရွေးချယ်ထားသော အိန္ဒိယ၏ရပ်တည်ချက်ကို အရေးမကြီးတော့ကြောင်း ကူညီထောက်ပံ့ရာ ရောက်သွားခဲ့ပြီဖြစ်သည်။

သို့သော်ငြားလည်း ထရမ့်၏ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်း ရက်သတ္တပတ် အနည်းငယ်အတွင်း ဤအရောင်အသွေးစုံ နှင်းဆီရောင်စုံဇာတ်လမ်းကို သံသယဝင်ရန် အကြောင်းပြချက်ပေါင်း များစွာ ရှိနေသည်။

ယခုအချိန်အထိ မစ္စတာ ထရမ့် သည် ၎င်း၏မဲဆွယ်စည်းရုံးရေးကတိများကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသော ၎င်း၏ ပြင်းထန်သော တွန်းအားပေးမှုများဖြစ်သည့် အခွန်တိုးမြှင့်ကောက်ခံခြင်းမှ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးခြင်းအထိ လုပ်ငန်းစဉ်များတွင် အိန္ဒိယကို သက်ညှာရန် မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်း မရှိသေးပေ။

ထရမ့်အစိုးရအဖွဲ့သည် အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်ကို အိန္ဒိယနိုင်ငံဆီသို့ စစ်လေယာဉ်ဖြင့် ပြန်ပို့ချိန်၌ ၎င်းတို့၏လက်များနှင့် ခြေများကို နာရီ ၄၀ ကျော်ကြာ ချည်နှောင်ထားခဲ့ပြီး ယခုကိစ္စရပ်ကို မစ္စတာ မိုဒီ က တစ်လုံးတစ်ပါဒမျှ မပြောကြားသေးပေ။

အမှန်တကယ်တွင် မစ္စတာ ထရမ့်နှင့် အလှမ်းဝေးကွာစွာရပ်တည်၍ အိန္ဒိယအနေဖြင့် "အခွန်လူသား" စက်ကွင်းမှ ရှောင်ဖယ်နိုင်စေရန် မစ္စတာ မိုဒီက မျှော်လင့်ထားပြီး အမေရိကန်သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုကို ၎င်းဘက်က ကြိုတင်လျှော့ချပေးထားသည်။

သို့သော် ယင်းလုပ်ဆောင်ချက်က အိန္ဒိယကို အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ "အလွန်ကြီးကျယ်တဲ့ အလွဲသုံးစားလုပ်သူ" ဟု ခေါ်ဝေါ်သမုတ်ထားသော မစ္စတာ ထရမ့်ကို စိတ်ကျေနပ်မှု မရရှိစေခဲ့ဘဲ ၎င်းက ၎င်း၏သံမဏိနှင့် အလူမီနီယံစည်းကြပ်မှုများမှနေ၍ အိန္ဒိယကို သက်ညှာမှု မပေးအပ်ခဲ့ပေ။

သမ္မတ ထရမ့်သည် နှစ်နိုင်ငံကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံကို အိန္ဒိယဘက်က အမေရိကန်ထံမှနေ၍ ရေနံနှင့် ရေနံထွက်ပစ္စည်းများ၊ လက်နက်များ ပိုမိုဝယ်ယူပေးခြင်းဖြင့် သုံးစွဲပေးစေလိုလျက်ရှိသည်။ အိန္ဒိယသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုပြီးနောက် ကမ္ဘာ့တတိယအကြီးဆုံး စွမ်းအင်သုံးစွဲသူအဖြစ် ရပ်တည်နေပြီး ရေနံဝယ်လိုအား တိုးပွားမှုအများဆုံး ရင်းမြစ်ဖြစ်သည်။

ထို့အတွက်ကြောင့်ပင် အိန္ဒိယသည် ပြည်တွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို တိုးမြှင့်ရန် ကတိပြုထားသော အမေရိကန် အုပ်ချုပ်ရေးအဖွဲ့အတွက် အလွန်ဆွဲဆောင်မှုရှိသော ဈေးကွက်တစ်ခု ဖြစ်လာလျက်ရှိသည်။ OPEC အဖွဲ့ ခေါင်းဆောင်နိုင်ငံ ဆော်ဒီအာရေဗျကို ဖိအားသက်ရောက်စေခြင်း အပါအဝင် ရေနံစျေးနှုန်းများ ကျဆင်းစေရန် တွန်းအားပေးမည်ဟူသော သမ္မတ ထရမ့်၏ ကတိကဝတ်သည် အိန္ဒိယနိုင်ငံ၏အကျိုးစီးပွားကို ဖြစ်ထွန်းလာစေမည်ဟု ဆိုလိုသည်။

သို့သော် မစ္စတာ Trump က ၎င်း၏ကုန်သွယ်ရေး သဘောတူညီချက်များကို နှစ်ဦးနှစ်ဖက် အကျိုးရှိစေရေးနှင့်ပတ်သက်၍ အထူးအလေးအနက်ထား စိုးရိမ်ခြင်းမရှိပေ။ အိန္ဒိယနှင့် ပတ်သက်၍ ၎င်း၏ အစီအမံသည် မစ္စတာ မိုဒီ၏အစိုးရကို ၎င်း ရွေးချယ်ထားသည့် ကုန်သွယ်မှု သဘောတူညီချက်ကို လက်ခံရန်အတွက် စည်းကြပ်ခွန် ခြိမ်းခြောက်မှုကို အသုံးပြု၍ တွန်းအားပေးရန်သာ ဖြစ်ဖွယ်ရှိသည်။

သမ္မတ ထရမ့်သည် ယခုကဲ့သို့လုပ်ဆောင်ချက်ကို ၎င်း၏ ပထမဆုံး သမ္မတသက်တမ်းအတွင်း၌လည်း ဂျပန်ကို လုပ်ခဲ့ပြီးဖြစ်သည်။ သမ္မတ ထရမ့်သည် အိန္ဒိယကိုလည်း ဂျပန်ကဲ့သို့ လုပ်ဆောင်ရန် ကြိုးစားခဲ့သည့်တိုင် အောင်မြင်မှုမရရှိခဲ့သည့်အတွက် အိန္ဒိယကို အထူးကုန်သွယ်မှုအဆင့်မှနေ၍ သမ္မတ ထရမ့်က ဖယ်ရှားပစ်ခဲ့ပြီး အိန္ဒိယဘက်ကလည်း အမေရိကန် ထုတ်ကုန်အချို့အပေါ် လက်တုံ့ပြန် စည်းကြပ်ခွန်များ စည်းကြပ်ရန် လှုံ့ဆော်ခဲ့သည်။

အကယ်၍ မစ္စတာ Trump သည် အိန္ဒိယအပေါ် အခွန်ပိုမို စည်းကြပ်ကောက်ခံခြင်းကို အဆုံးသတ်လိုက်မည်ဆိုပါက အိန္ဒိယစီးပွားရေးသည် အနည်းဆုံးအဖြစ် မူဘောင်အတွင်းမှနေ၍ နှေးကွေးသွားဖွယ်ရှိနိုင်သည်။ ပို၍ ကျယ်ပြန့်ဖွယ်ရှိနေသည်မှာ မစ္စတာ ထရမ့်၏ "အမေရိကန်ပထမ" ကုန်သွယ်ရေးအစီအစဉ်သည် မစ္စတာ မိုဒီ၏ "အိန္ဒိယတွင်လုပ်ပါ" အစပျိုးမှုနှင့် ထိပ်တိုက်တွေ့သွားနိုင်ခြင်းပင်ဖြစ်သည်။

အဆိုပါ ထိပ်တိုက်တွေ့မှုသည် အမေရိကန်ကုမ္ပဏီများကို ကြီးမားကျယ်ပြန့်လှသည့် အိုင်တီနှင့် စီးပွားရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနေသော ကမ္ဘာ့နောက်တန်းရုံး(back office)ဟူသည့် အိန္ဒိယ၏အဆင့်အတန်းကို ထိပါးခြိမ်းခြောက်သွားဖွယ်ရာရှိသည်။

ကုန်သွယ်ရေးကဏ္ဍတွင် စိုးရိမ်ရသည့်အချက်မှာ မစ္စတာ ထရမ့်က မိတ်ဆွေများနှင့် ရန်သူများကို တူညီစွာ ဆက်ဆံခြင်းပင်ဖြစ်သည်။ သို့သော် အိန္ဒိယသည် မိတ်ဆွေအဖြစ် ရပ်တည်ခွင့်ရနိုင်ရန် အရေးကြီးပြီး မစ္စတာ ထရမ့်ကလည်း ယင်းသို့သာလျှင် ဖြစ်စေလိုလျက်ရှိသည်။

အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် ထွန်းသစ်စ စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေး အချက်အချာကျသော အင်ဒို-ပစိဖိတ်ဒေသတွင် နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်ရန် အထောက်အကူဖြစ်စေပြီး ယင်းဒေသတွင် ရေကြောင်းလုံခြုံရေးကို အားကောင်းစေခြင်းနှင့် တည်ငြိမ်သော အာဏာချိန်ခွင်လျှာကို အထောက်အပံ့ပေးခြင်းများလည်း ပါဝင်နေသည်။

ယခုပင်လျှင် နှစ်နိုင်ငံသည် စစ်ဘက်ဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာစေရန် လုပ်ဆောင်နေပြီး စာချုပ်အသစ်များအရ အိန္ဒိယ၏ ထိပ်တန်းလက်နက် တင်သွင်းသူအဖြစ် ရုရှားကို အမေရိကန်ပြည်ထောင်စုက ကျော်တက်သွားခဲ့ပြီဖြစ်သည်။

ဒေါ်နယ်ထရမ့်နှင့် နာရင်ဒြာမိုဒီတို့ ဆက်ဆံရေး တည်ဆောက်နေသည့် တချိန်တည်း၌ အိန္ဒိယသည် တရုတ်၏ကြီးမားသော ရည်မှန်းချက်များကို တန်ပြန်ရန်အတွက် အမေရိကန်၏ အရေးအကြီးဆုံး မိတ်ဖက်ဖြစ်သည်ကို နှစ်ဖက်လုံးက အသိအမှတ်ပြုသင့်သည်။

သို့ဖြစ်ရာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထူထောင်ရန်နှင့် ပိုမိုနက်ရှိုင်းစေရန်အတွက် နှစ်နိုင်ငံ အကျိုးစီးပွားဖော်ဆောင်ရာတွင် ဉာဏ်ရည်တုမှ ဇီဝနည်းပညာအထိတိုင် အရေးပါပြီး ပေါ်ပေါက်လာသော နည်းပညာများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်းများလည်း အပါအဝင်ဖြစ်နေသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ နွေးထွေးသော ဆက်ဆံရေးများကတော့ အပိုဆုကြေးတစ်ခု ဖြစ်ပေသည်။

ဟန်ဆက်လူနေ Project Syndicate ဝဘ်ဆိုက်တွင် ဖော်ပြထားသော ဆောင်းပါးရှင် Brahma Chellaney ၏ Testing the Trump-Modi bromance ကို ဆီလျော်စွာ ပြန်ဆိုရေးသားပါသည်။